Catalytic Converter များကို အိတ်ဇော စနစ်တွင် တပ်ဆင်အသုံးပြုခ့ြဲကသည်မှာ ၁၉၇၅ ခုနှစ်ကတည်းက ဖြစ်သည်။
လေထုညစ်ညမ်းမှုကို လျှော့ချကာကွယ်ရန် ခေတ်ပေါ်ကားများ အားလုံးတွင် Catalytic Converter များကို တပ်ဆင်ထုတ်လုပ် ထားသည်။
အိတ်ဇောစနစ်တွင် ပါဝင်သော Muffler (ခေါ်) အိတ်ဇောဘူးသည် ကျယ်လောင်သော အိတ်ဇောပေါက်ကွဲသံများကို ထိန်းချုပ်ပေးသော အသံထိန်းကိရိယာဖြစ်သည်။ မော်တော်ယာဉ် အသုံးပြုသော
အချိန်ကာလကြာလာလျှင် Muffler, Catalytic Converter နှင့် အိတ်ဇောပိုက်များ၌ ကာဗွန်ချိုးနှင့် အမှုန်များ ပိတ်ဆို့လာတတ်သည်။ ရေစိုသံချေးတက်ပြီး အိတ်ဇောဘူးများ၊ အိတ်ဇောပိုက်များ
ပေါက်ပြဲကာ ကျယ်လောင်စူးရှသော အိတ်ဇောမြည်သံများ ထွက်နေတတ်သည်။
အိတ်ဇော Back Pressure
အိတ်ဇောစနစ်ရှိ အိတ်ဇောဘူးများ ၊(Catalytic Converter နှင့် Muffler) အိတ်ဇောပိုက်များတွင် ကာဗွန်ချိုးများ ပိတ်ဆို့ပြီး အိတ်ဇောမီးခိုးငွေ့များ လွတ်လပ်စွာပြင်ပသို့ မထွက်နိုင်သောအခါ အိတ်ဇော
Back Pressure ဖြစ်လာသည်။ Back Pressure ဖြစ်လျှင် အင်ဂျင်ထဲသို့ အဝင်လေများ မဝင်နိုင်ရန် လည်မျိုညှစ်ထား ခံရသကဲ့သို့ ဖြစ်နေသည်။ ထိုအခါ အင်ဂျင် အသက်ရှူမဝဘဲ အင်ဂျင်၏ စွမ်းဆောင်ရည်
(Performance) ကျဆင်း လာသည်။ ဆီစား ပိုများပြီး အင်ဂျင်အပူချိန်လည်း မြင့်တက် လာတတ်သည်။
လောင်စာဆီ မီးလောင်ပေါက်ကွဲအားနှင့် လည်ပတ်နေသော အင်ဂျင်တိုင်းတွင် အပူ စွန့်ထုတ်နိုင်မှု ပုံမှန်ရှိရသည်။ အပူစွန့်ပစ်နိုင်စွမ်း ကျဆင်းလာလျှင် အင်ဂျင်အပူချိန် မြင့်တက် လာပြီး ရေတိုင်ကီရေဆူမည်။
အပူစွန့်ထုတ်နိုင်သော နည်းလမ်းများမှာ အအေးခံစနစ် (ရေတိုင်ကီစနစ်၊ လေမှုတ် အအေးခံစနစ်) မှ အပူစွန့်ပစ်ခြင်း၊ အင်ဂျင်ဘလောက်မှ အပူစွန့်ပစ်ခြင်းနှင့် အိတ်ဇောအငွေ့များမှ အပူစွန့်ပစ်ခြင်းတို့ ဖြစ်သည်။
အိတ်ဇောပိတ်ပြီး Back Pressure ဖြစ်နေပါက အပူစွန့်ပစ်နိုင်မှု ကျဆင်းသည်။ အင်ဂျင်အပူစွန့်ပစ် ပမာဏ၏ (၃) ပုံ (၁) ပုံ သည် အိတ်ဇောစနစ်မှ ဖြစ်သည်။ အိတ်ဇောစနစ် ပိတ်ဆို့နေပါက အင်ဂျင်အပူချိန်
မြင့်တက်လာရခြင်းမှာ ဤအကြောင်းတရား ကြောင့် ဖြစ်သည်။
အိတ်ဇော Back Pressure ဖြစ်/မဖြစ်ကို တိုင်းတာစစ်ဆေးနိုင်သည်။ (Zero to 15 psi) စကေးရှိသော Pressure Gauge မီတာတစ်ခု လိုအပ်သည်။ အိတ်ဇောစနစ်တွင် ပိတ်ဆို့ နေပါက အင်ဂျင်လည်ပတ်လျှင်
Back Pressure ဖြစ်ပေါ်လာမည်။ အိတ်ဇောမန်နီဖို့နှင့် Catalytic Converter ကြားတွင်ရှိသော အိတ်ဇောဖိအားကို တိုင်းတာစစ်ဆေးခြင်း ဖြစ်သည်။
အိတ်ဇောစနစ်တွင် တပ်ဆင်ထားသော အောက်ဆီဂျင်ဆင်ဆာ (Sensor) ကို ဖြုတ်လိုက်ပြီး ထိုအပေါက်နေရာတွင် Pressure Gauge တပ်ဆင်၍ တိုင်းခြင်းဖြစ်သည်။ နောက်တစ်နည်းမှာ အိတ်ဇောပိုက်ကို
Gun Drill ဖြင့် အပေါက်ဖောက်ပြီး ပိုက်တိုတစ်ချောင်း တပ်ဆင်ကာ Pressure Gauge နှင့် ဆက်သွယ်ခြင်းဖြစ်သည်။
အင်ဂျင်စက်ကို နှိုးထားပြီး Idle Speed (Slow လည်ပတ်ခြင်း) အနေအထားတွင် ဖိအား တိုင်းပါက သာမန်အားဖြင့် 1.5 psi သာ ရှိသင့်သည်။ ထိုဖိအားထက် များနေပါက Back Pressure ရှိနေပြီဟု ယေဘုယျပြောနိုင်သည်။
သို့ရာတွင် အချို့သောကားများတွင် 2.75 psi အထိ ရှိတတ်သည်။ ဖိအား 3 psi အထိ ရှိပြီဆိုလျှင် Back Pressure စတင် ဖြစ်ပေါ်နေပြီဟု အဓိပ္ပာယ်ရသည်။ အင်ဂျင် Speed 2000 r.p.mမှ 4000 r.p.m အထိ တဖြည်းဖြည်း
မြှင့်တင်၍လည်း ဖိအားကို စစ်ဆေးနိုင်သည်။ Back Pressure 4 to 8 psi အထိ လက်ခံနိုင်ပြီး ထိုပမာဏထက် များလာ ပါက Back Pressure ရှိနေပြီဟု သတ်မှတ် နိုင်သည်။ အိတ်ဇော Back Pressure ဖြစ်နေခြင်း
(သို့မဟုတ်) အိတ်ဇောစနစ် ပိတ်ဆို့နေခြင်းသည် အင်ဂျင်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေရုံသာမက ဆီစားနှုန်းလည်း မြင့်တက်လာနိုင်သည်။ ရေတိုင်ကီ အပူချိန်လည်း မြင့်တက်လာ နိုင်သည်။
ကျွမ်းကျင်သော အိတ်ဇောဆားဗစ် နေရာများတွင် Back pressure ရှိ/မရှိ တိုင်းတာစစ်ဆေးပါ။ Catalytic Converter နှင့် အိတ်ဇော Muffler ဘူးတို့ကို အသစ်ဖြင့် အစားထိုး လဲလှယ်တပ်ဆင်ပါ။ အချို့သောအိတ်ဇော
ပြုပြင်ရေးဆိုင်များသည် Muffler ဘူးကိုဖွင့်၍ အတွင်း၌ ပိတ်ဆို့နေသော ကာဗွန်ချိုးများကို ဖယ်ထုတ်ပစ်ပြီး Muffier ဘူးကို ဂဟေဆက်၍ ပိတ်ပေးသည်။ အော်ရီဂျင်နယ် Muffier ဘူးကို ပြန်လည် အသုံးပြုသည်။
အိတ်ဇောစနစ်တွင် ပိုက်လိုင်းနှင့် အိတ်ဇော ဘူးများ အဆက်ရှိသည်။ ကြားတွင်မီးခံ ဂတ်စကတ်ပြားခံ၍ Bolt & Nut ဖြင့် ဖမ်းထားသည်။ အင်ဂျင်တုန်ခါမှုနှင့် လမ်းအဆောင့်ဒဏ်များကြောင့်လည်းကောင်း၊ လမ်းပေါ်မှ ကျောက်တုံး၊
ကမူ၊ သစ်တုံး စသောအရာများနှင့် တိုက်မိ၍လည်းကောင်း အိတ်ဇောပိုက်အထိုင်များ ပျက်စီးတတ်သည်။ အိတ်ဇောပိုက်နှင့် အိတ်ဇောဘူးများကို ကားကြမ်းခင်းအောက်တွင် အသေဖမ်း တွယ်ထားခြင်း မဟုတ်ပါ။ လွတ်လပ်စွာ
လှုပ်ရှားကစားနိုင်ရန် ရာဘာကွင်းများနှင့် ချိတ်ဆွဲထားသည်။ ဘရက်ကတ်နှင့် ရာဘာကွင်းများ ပြတ်ထွက်နေပါက အိတ်ဇောဘူးများ ခါးရမ်းနေတက်သည်။
အိတ်ဇောစနစ်နှင့် ပတ်သက်၍ မှားယွင်းသော အယူအဆများနှင့် တလွဲလုပ်ဆောင်နေကြသော ယာဉ်မောင်းသူတချို့ ရှိသည်။ အိတ်ဇောပြင် ဆိုင်များကလည်း Catalytic Converter တွင်းမှ ကျောက်ဆန်ကာကို ဝယ်ယူလို၍
ထိုကျောက်ဆန်ကာအကောင်းကို ခွဲထုတ်ရန် တိုက်တွန်းကြသည်။ ကားထုတ်လုပ်လိုက်သော ကုမ္ပဏီကြီးများသည် ဥပဒေအရ ထို ကျောက်ဆန်ကာအား မဖြစ်မနေ တပ်ဆင် ပေးထားသည်။ လေထုညစ်ညမ်းမှုကို လျော့ကျစေရန်
လုပ်ဆောင်ပေးသော ထို ကျောက်ဆန်ကာများသည် မြန်မာနိုင်ငံ ရောက်ကာမှ အိတ်ဇောစနစ်မှ ဖယ်ရှားခံ နေရသည်။
ကျောက်ဆန်ကာတွင် အဖိုးတန်သတ္ထုတစ်မျိုး ပါဝင်၍ အိတ်ဇောပြင်ဆိုင်များက ဝယ်ယူခြင်း ဖြစ်သည်။ လေထုညစ်ညမ်းမှုကိုဖြစ်စေသော ကာဗွန်မိုနောက်ဆိုဒ် အဆိပ်ဓာတ်ငွေ့များကို ထိုကျောက်ဆန်ကာက စစ်ထုတ်ပေးနိုင်လျက်
(သို့) ကျောက်ဆန်ကာ ထုတ်ပစ်သော ကားအစီးရေ များလာလျှင် ရန်ကုန်မြို့ လေထုညစ်ညမ်းမှုသည် ပေကျင်းမြို့ကြီးကဲ့သို့ တစ်နေ့ကြုံလာရပါမည်။ နှာခေါင်းစီးများ လူတိုင်းတပ်ဆင်ပြီး လေသန့်ဗူးများပါ ဝယ်ယူသုံးစွဲရမည့်
အခြေအနေမျိုး မရောက်အောင် ပတ်ဝန်းကျင် လေထု သန့်ရှင်းရေးကို ကျွန်တော်တို့ သတိပြု သင့်ပါသည်။
car lover