ဓာတ်ဆီဈေးတက်သဖြင့် လျှပ်စစ်ကားများ ဘန်ကောက်ကားပြပွဲမှာ ပွဲလယ်တင့်


ဓာတ်ဆီဈေးတက်သဖြင့် လျှပ်စစ်ကားများ ဘန်ကောက်ကားပြပွဲမှာ ပွဲလယ်တင့်


ထိုင်းနိုင်ငံရဲ့ အကြီးဆုံးကားပြပွဲ Bangkok International Motor Show တွင် လျှပ်စစ်မော်တော်ယာဉ်များ electric vehicles (EVs) လာရောက်ကြည်ရှုသူ ဦးရေထောင်ချီတဲ့ သူတွေရဲ့
 စိတ်ဝင်စားမှု ရေချိန်မြင့်မားပါတယ်။ ဓာတ်ဆီးဈေးနှုန်းများ မြင့်တက်နေခြင်း၊ အစိုးရက အချို့ အီးဗီများအတွက် ရောင်းဈေးရဲ့ ၁၅%ကို ခုထေပေးခြင်းတို့ကြောင့် အီးဗီမော်ဒယ်များကို စိတ်ဝင်စားစေပါတယ်။

အခြားအရှေ့တောင်အာရှ နိုင်ငံများနှင့်အတူ ထိုင်းနိုင်ငံ ကားဈေးကွက်မှာလည်း အီးဗီကို တကယ်တမ်း ဝယ်စီးလိုသူ နည်းနေခဲ့ပါတယ်။
တရုတ်ကားထုတ်လုပ်သူ အချို့က ဈေးချိုသာတဲ့ အီးဗီမော်ဒယ်များဖြင့် ဈေးကွက်ကို ထိုးဖောက်ပြီး အရှိန်အဟုန် စတင်ရရှိအောင် လုပ်ဆောင်ခဲ့ကြပါတယ်။


ဘန်ကောက်ကားပြပွဲမှာ အီးဗီဝယ်ယူခဲ့သူ Natnicha Srimuang က "ဓာတ်ဆီဖိုး မတတ်နိုင်တော့ဘူး။ ဒီတော့ လျှပ်စစ်ကားတစ်စီး ဒီမှာ လာရှာတယ်" လို့ ပြောပြပါတယ်။ 
ဓာတ်ဆီဈေးနှုန်းက တစ်လီတာ ဘတ် ၄၀ ဝန်းကျင် ဖြစ်ပြီး ယခင်နှစ်ကထက် ၅၀% ဈေးတက်ပါတယ်။

အချို့က ရေရှည်မှာ အီးဗီက ငွေကုန် သက်သာစေတယ်လို့ မြင်ကြပါတယ်။

  Patricia Duangcham က " ကျွန်မ ဘဝပုံစံနဲ့ အံကိုက်ဖြစ်မယ့် လျှပ်စစ်ကားကောင်းကောင်းအတွက် ရင်းချင်တယ်" လို့ ပြောပါတယ်။ အီးဗီ ကားကောင်းကောင်း ဝယ်စီးရင် ဘတ်ထောင်ချီပြီး အကုန်အကျ သက်သာလိမ့်မယ်လို့ သူက မျှော်မှန်းထားပါတယ်။

စက်သုံးဆီ ဈေးမြင့်မားခြင်းနှင့် ဈေးထပ်တက်ခြင်းအတွက် စိုးရိမ်ပူပန်ခြင်းနှင့် တန်ဖိုးသင့် ကားမော်ဒယ်များ ရနိုင်ခြင်းတို့ ပေါင်းစုံမိပြီး အီးဗီ ဝယ်စီးဖို့ ဖြစ်လာကြတယ်လို့ Great Wall Motor Thailand မှ အထွေထွေ မန်နေဂျာ Michael Chong က ပြောကြားပါတယ်။

ယခုနှစ် ကားပြပွဲအမီ အစိုးရက အီးဗီဝယ်ယူသူတွေကို ထောက်ပံ့ကြေးပေးတဲ့ မက်လုံးအစီအစဉ်များကို အတည်ပြု ထုတ်ပြန်ကြေညာပေးခဲ့တာကြောင့်လည်း အီးဗီကို ပိုစိတ်ဝင်တစား ဖြစ်သွားစေခဲ့ပါတယ်။


ကမ္ဘာ့ကားထုတ်လုပ်‌ေရးလုပ်ငန်းများက အီးဗီတွေ ပြသထားတဲ့အထဲမှာ Great Wall Motor ရဲ့ ဈေးချိုသာတဲ့ VW လိပ်ခုံးကားပုံစံ 'ORA Good Cat' ကို ကြည့်ရှုလိုသူ များပြားနေပြီး တန်းအရှည်ကြီးစီပြီး အလှည့်ကျ ကြည့်ရှုကြရပါတယ်။

အီးဗီကို ဝယ်လိုသူ ပိုများလာသော်လည်း အရေအတွက်မှာ နည်းလွန်းနေသေးပါတယ်။ ယမန်နှစ်က ထိုင်းကားဈေးကွက်မှာ စီးရေ စုစုပေါင်း ၇၅၉,၁၁၉ ရောင်းချခဲ့ရာမှာ အပြည့်အဝ လျှပ်စစ်ကား အီးဗီစီးရေ ၄,၀၀၀ ခန့်မျှသာ ပါဝင်ပါတယ်။ အီးဗီ ဝယ်စီးရင် ဘယ်လို ပြဿနာတွေ ရှိလိမ့်မယ်ဆိုတာ မသိရသေးလို့ စီးနေကျဖြစ်တဲ့ ဓာတ်ဆီကားကိုပဲ စိတ်ချလက်ချ စီးလိုသူများက ပိုများနေဆဲ ဖြစ်ပါတယ်။

 

 

 

 

 

Read 4082 times