အီးဗီကြောင့် တရုတ်နိုင်ငံ ကားတင်ပို့သူ ဖြစ်လာဖို့ ပိုမြန်ဆန်သွား


အီးဗီကြောင့် တရုတ်နိုင်ငံ ကားတင်ပို့သူ ဖြစ်လာဖို့ ပိုမြန်ဆန်သွား

အမေရိကန် ကားထုတ်လုပ်ရေးလုပ်ငန်း Tesla က တရုတ်ပြည် ရှန်ဟိုင်းမှာ စက်ရုံအသစ် Giga Shanghai ကို ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ခြင်းဟာ လျှပ်စစ်ကားသမိုင်းမှာ မှတ်တိုင်စိုက်ထူလိုက်ခြင်း ဖြစ်ပြီး ပြည်ပမှ ကားထုတ်လုပ်သူများအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးမားဆုံး ဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်မှာ ပြည်ပလုပ်ငန်းမှ အပြည့်အဝ ပိုင်ဆိုင်သော စက်ရုံအနေဖြင့် ပထမဆုံး စက်ရုံ ဖြစ်ပါတယ်။
မမြင်သာတဲ့အချက်က ကြီးမားတဲ့ လမ်းကြောင်းတစ်ခု စတင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းက တရုတ်ပြည်ကို ကားတင်ပို့တဲ့နိုင်ငံ အဖြစ်သို့ ဆိုက်ရောက်စေခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ‌ကားတင်ပို့မှု အရှိန်တက်ဖို့ ဘီးတွေ စလှိမ့်နေပါပြီ။ တင်ပို့တဲ့ကား အများအပြားတို့က လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။ အများစုက ဥရောပဈေးကွက်ထဲ ရောက်သွားပါတယ်။ Tesla ကလည်း ရှန်ဟိုင်းမှာ ထုတ်လုပ်တဲ့ ကားအများစုကို ဥရောပဈေးကွက်မှ ကြိုတင်အမှာစာများအတွက် ပေးပို့ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မပြောပလောက်တဲ့ စီးရေမျှသာ တင်ပို့ခဲ့ရာမှ ယခုအခါ ၂၀၂၁ ခုနှစ်မှာ လျှပ်စစ်မော်တော်ယာဉ် စီးရေ ၅ သိန်း တင်ပို့ခဲ့ပါတယ်။ ဉရောပ ဈေးကွက်ထဲမှာ ဂျာမနီက ဈေးကွက်ဝေစု အများဆုံးဖြစ်ပြီး ဒုတိယက တရုတ်နိုင်ငံ ဖြစ်ပါတယ်။


ကားဈေးကွက်က လျှပ်စစ်ကားတွေ နောက်ကို လိုက်တဲ့အခါ တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ လျှပ်စစ်ကားများ ရောင်းအား တက်ပါတယ်။ ကားကဏ္ဍ ဥရောပနှင့် တရုတ်ပြည်အကြား ကြန်သွယ်ရေးမှာ ဥရောပက ကုန်သွယ်ရေး လိုငွေ ပြပါတယ်။
ဥရောပသို့ ဆိုက်ရောက်လာတဲ့ တရုတ်ပြည်မှ ကားများမှာ စီးရေ ထက်ဝက်နီးပါးတို့က ရှန်ဟိုင်းမှာ ထုတ်လုပ်တဲ့ Tesla အီးဗီမော်ဒယ်တွေ ဖြစ်ပါတယ်။ Tesla အပြင် Dacia, Polestar, BMW တို့လည်း ပါဝင်ပါတယ်။

Tesla က ဥရောပဈေးကွက်အတွက် ဂျာမနီမှာ အီးဗီတွေ ထုတ်လုပ်နေပါပြီ။ တခြား brand တွေကတော့ ကုန်ကျစရိတ်သက်သာတဲ့ တရုတ်ပြည်မှာပဲ ဆက်လက် ထုတ်လုပ်ပြီး ဥရောပဈေးကွက်သို့ တင်ပို့ပါတယ်။

အင်ဂျင်တွေအစား ဘက်ထရီတွေ နေရာဝင်ယူနေကြချိန်မှာ ကမ္ဘာ့အီးဗီထုတ်လုပ်ရေးကဏ္ဍကို တရုတ်ပြည်တွင်း အီးဗီ ထုတ်လုပ်မှုက ကြီးစိုး လိုက်ပါတယ်။

အနေပျက်အခြေပျက်ကြမှာက ကြီးမားလွန်းပါတယ်။ ကားစီးရေ အများဆုံး ထုတ်လုပ်နေတဲ့ Toyota နှင့် Volkswagen တို့ရဲ့ ပစ္စည်းပေးသွင်းတဲ့ ကွင်းတက်များတစ်လျှောက် လုပ်ငန်းတွေရှိတယ်။ လုပ်သားတွေ ရှိတယ်။ လူဦးရေ သန်းချီရှိနေတယ်။ သူတို့ကျွမ်းကျင်တာတွေက အင်ဂျင်ကားတွေအတွက် ဖြစ်နေတယ်။
လျှပ်စစ်ကားတွေက နည်းပညာ မြင့်မားပေမဲ့ အင်ဂျင်ကားလို မရှုပ်ထွေးဘူး။ ရိုးရှင်းတယ်။ ဒါပေမဲ့ အင်ဂျင်ကားအတွက် လုပ်ကိုက်နေတဲ့သူတွေအဖို့ နေရာ မရှိသလောက် ဖြစ်နေတယ်။ သူတို့တတွေ အလုပ်လက်မဲ့ ဖြစ်တော့မယ့်အနာဂတ်က မဝေးတော့ဘူး။
နောက်တစ်ချက်က ကားထုတ်လုပ်တဲ့ နေရာက ပြောင်းသွားတာကြောင့် အမေရိကန်နှင့် ဉရောပတို့မှာ အလုပ်လက်မဲ့တွေ ဖြစ်ကုန်နိုင်တယ်။
အီးဗီလုပ်ငန်းအချို့က အမြော်အမြင်ရှိတယ်။ တစ်ချိန်တုန်းက ဂျပန်ပြည်မှာ ထုတ်လုပ်တဲ့ကားတွေ ဥရောပနှင့် အမေရိကန် ကားဈေးကွက်ကို လွှမ်းမိုးသွားလို့ ဂျပန်နှင့် အမေရိကန်အကြား ကားစစ်ပွဲ ဖြစ်လုနီးပါး ဖြစ်သွားတယ်။ ဂျပန်ကားလုပ်ငန်းတွေက ကားထုတ်လုပ်မှုကို အမေရိကန်နှင့် ဉရောပတို့မှာ စက်ရုံတွေ ထူထောင်လုပ်ကိုင်ပြီး ထုတ်လုပ်ခြင်းဖြင့် ဖြေရှင်းလိုက်ကြတယ်။
ယခုလည်း အာရှဇာတိ အီးဗီ လုပ်ငန်းတွေ အမေရိကန်မှာ စက်ရုံထူထောင်ပြီး အီးဗီ ထုတ်လုပ်ဖို့ ခြေလှမ်းတွေ စလှမ်းနေကြပြီ။ ဥပမာ ဗီယက်နမ်မှ VinFast က အမေရိကန်မှာ အမေရိကန်ဒေါ်လာ ၆.၅ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ကားထုတ်လုပ်မယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်။ တရုတ်ပြည်မှာ Nio ကလည်း အမေရိကန်မှာ စက်ရုံထားဖို့ ဘီးစလှိမ့်နေပြီ။ စက်ရုံဝန်ထမ်းရာထူးနေရာတွေအတွက် အလုပ်လျှောက်လွှာ စခေါ်နေပါတယ်။

#MyanmarAutomobileGuide

Read 24502 times