မလေးရှားတွင် အဝါရောင် အီးဗီတက္ကဆီ အစီး ၁,၀၀၀ ပြေးဆွဲရန် စီစဉ် 


မလေးရှားတွင် အဝါရောင် အီးဗီတက္ကဆီ အစီး ၁,၀၀၀ ပြေးဆွဲရန် စီစဉ်

 

Tenaga Nasional (TNB) နှင့် Mysuri Biz Technologies တို့သည် မလေးရှား နိုင်ငံအတွင်း တက္ကစီများအဖြစ် အသုံးပြုမည့် လျှပ်စစ်ကားအစီးရေ ၁၀၀၀ ကို ဖြန့်ကျက်ချထားပေးမည့် အစီအစဉ်တွင် ပူးပေါင်းလုပ်ဆောင်နေကြသည်။ Mysuri Biz Technologies ၏ စီအီးအို ဖြစ်သူ  Mohd Noor Ghazali ၏ ပြောကြားချက်အရ အဆိုပါ အီးဗီ တက္ကစီ စီးရေ ၁,၀၀၀ ထဲမှ ပထမအသုတ် တက္ကစီများကို နိုဝင်ဘာလတွင် စတင်ပြေးဆွဲရန် စီစဉ်ထားပါသည်။

 

စတင်မည့် နေရာများအဖြစ် မလေးရှား အစိုးရက အီးဗီ အစပြုမည့်နေရာအဖြစ် သတ်မှတ်ထားသော လန်ကာဝီကျွန်းနှင့် ကလန်းဗဲလီတို့ကို ရွေးချယ်ထားသည်။  တက္ကဆီ brand မှာ TeksiKu ဖြစ်သည်။ TeksiKu သည် တက္ကဆီ ငှားသည့်အက်ပ်ဖြစ်ပြီး MySuri မှ ထုတ်လုပ်သည့် အက်ပ်ဖြစ်သည်။  အီးဗီတက္ကဆီကို  TeksiKu အက်ပ်ဖြင့် ငှားရမ်းနိုင်မည် ဖြစ်သည်။ ထို့ပြင် Alladin My အက်ပ်ဖြင့်လည်း ငှားရမ်းနိုင်မည်။


ထို့ပြင် လေဆိပ်၊ ဘူတာရုံ အစရှိသည့် နေရာများတွင် ဂိတ်ထိုးပေးထားမည် ဖြစ်သည်။ အီးဗီတက္ကဆီ မောင်းလိုသူများကို အငှားချပေးရာ၌ “အငှားမှ အပိုင်သို့” စနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်သည်။ အီးဗီတက္ကဆီအားလုံး နယူးယောက်မြို့မှ တက္ကဆီ အဝါရောင် ဖြစ်ပြီး ကားအမျိုးအစားမှာ  MG ZS EV crossover ဖြစ်သည်။ နောက်နောင်တွင်  BYD e6 MPV များ ထပ်ဖြည့်ရန် အစီအစဉ် ရှိသည်။ လောလောဆယ်တွင် BYD နှင့် အရောင်းအဝယ်ကိစ္စ ညှိနှိုင်းနေဆဲ ဖြစ်သည်။

ZS EV ကို MG ကား brand ဖြင့် ထုတ်လုပ်သည်။ MG သည် ဗြိတိသျှကား brand ဖြစ်ပြီး တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်း SAIC က ပိုင်ဆိုင်သည်။ ZS EV သည် ရှေ့ဘီးယက် ဖြစ်ပြီး ‌ကားရှေ့ပိုင်းတွင် မော်တာတစ်လုံး ထိုင်ထားသည်။ ပါဝါ 174hp အထိ ရနိုင်သည်။ ရုန်းအား 280Nm အထိ ပေးနိုင်သည်။ 72.6kWh ဘက်ထရီ သုံးစွဲထားသည်။ ခရီးတာ ၄၄၀ ကီလိုမီတာအထိ ရသည်။

 

အီးဗီတက္ကဆီများ အားသွင်းရန်အတွက် TNB က အခြေခံအဆောက်အအုံနှင့် ကွန်ရက်ကို ထူထောင်ပေးထားမည် ဖြစ်သည်။

 

 

နောက်နောင်တွင် အီးဗီတက္ကဆီ ပြေးဆွဲသည့် နေရာများ ထပ်တိုးသည့်အခါ Mysuri ကလည်း အားသွင်း ကွန်ရက်များ ထူထောင်မည် ဖြစ်သည်။


Source soyacincau

#MyanmarAutomobileGuide 

ဗီဒီယို

Read 2516 times