အင်ဒိုနီးရှား EV Start-Up Swap Energy က ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ (၇.၂) သန်း ရရှိ


အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် Start-up ကုမ္ပဏီတစ်ခုဖြစ်သည့် Swap Energy သည် နှစ်ဘီးမောင်း လျှပ်စစ်ဆိုင်ကယ်များအတွက် ဘတ်ထရီလဲလှယ်သော ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်ပြီး Ondine Capital မှ ဦးဆောင်သော Series A ကြိုတင် ရန်ပုံငွေကောက်ခံပွဲတွင် အမေရိကန်ဒေါ်လာ ၇.၂ သန်း ရရှိခဲ့ကြောင်း သိရှိရသည်။ 

 

၎င်းကုမ္ပဏီသည် အရင်းအနှီးပမာဏ အတိအကျကို ပြောကြားခဲ့ခြင်း မရှိသော်လည်း လွန်ခဲ့သည့်လအတွင်း ကုမ္ပဏီအပေါ် ရင်းနှီးမြှုပ်နှံမှုများကို ကြေညာခဲ့ခြင်း ဖြစ်သည်။ 

 

Ondine Capital ဟာ Swap Energy မှ မော်တော်ယာဉ်နှစ်စင်း ချပြခဲ့သည့် အလှည့်တွင် ဒေါ်လာ ၃ သန်း နီးပါး ရင်းနှီးမြှုပ်နှံခဲ့ကြောင်းကို စင်ကာပူ စာရင်းအင်းနှင့် ကော်ပိုရိတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း အာဏာပိုင်များ (ACRA) ဖြင့် ပြုလုပ်ခဲ့သည့် Swap Energy ၏ စာရွက်စာတမ်းများအရ သိရသည်။ 

 

အခြားပါဝင်သည့် ရင်းနှီးမြှုပ်နှံသူများတွင် လက်ရှိ ကျောထောက်နောက်ခံများဖြစ်နေသည့် SBI Kejora Orbit Fund သည် ဒေါ်လာ ၂ သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး အင်ဒိုနီးရှား သတ္ထုတူးဖော်ရေးကုမ္ပဏီ PT Wahana Sentosa Cemerlang အပြင် New Energy Nexus တို့ကလည်း ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း သိရသည်။ 

 

 

Ondine Capital ၏ တည်ထောင်သူ Randolph Hsu ဟာ ယခုကဲ့သို့  ဖွံ့ဖြိုး တိုးတက်လာမှုကို အတည်ပြုခဲ့ပြီး အကျိုးတူ ကုမ္ပဏီတစ်ခုသည်လည်း Swap Energy ကုမ္ပဏီ၏ ဘုတ်အဖွဲ့တွင် ထိုင်ခုံနေရာတစ်ခု ရရှိထားကြောင်း ပြောကြားခဲ့သည်။ 

 

ဒါ့အပြင် Randolph Hsu ဟာ ယခု ရင်းနှီးမြှုပ်နှံမှု၏ နောက်ကွယ်မှ အကျိုးအကြောင်းများသည် တိုက်ရိုက် ဆီလျော်မှုရှိပြီး ကောင်းမွန်သည့် အဖွဲ့အစည်းနှင့် ကောင်းမွန်သည့် ထုတ်ကုန်များသည် အချိန်ကောင်း ဖြစ်နေသော ဈေးကွက်တွင် အံကိုက်ဖြစ်လာမည်ဖြစ်ပြီး အင်ဒိုနီးရှား၏ ပေါ်လစီများနှင့်လည်း သင့်လျော်မည် ဖြစ်သည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ 

 

ထိုင်ဝမ်အခြေစိုက်နှင့် Nasdaq စာရင်းဝင် လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်သူ Gogoro အား နားလည်ထားမှုသည် ဤကဏ္ဍအတွင်း အခွင့်အလမ်း၏ သဘောသဘာဝနှင့် အလားအလာကို သိကျွမ်း နားလည်ရန်အတွက် ပိုမိုလွယ်ကူစေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ဘတ်ထရီများ၏ ကြာရှည်ခံမှုနှင့် သက်တမ်းသည် လျှပ်စစ်ယာဉ် သုံးစွဲသူများအတွက် အရေးအကြီးဆုံး ပြဿနာတစ်ခု ဖြစ်သည်။ 

 

Advertisement

Click Here >>> YC (Yong Chang Foam Box Factory)

 

၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Swap Energy ဟာ အဆိုပါ ပြဿနာအား နှစ်ဘီးမောင်း လျှပ်စစ်ဆိုင်ကယ်များအတွက် အခြေခံ အဆောက်အအုံတစ်ခု တည်ဆောက်ကာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပြီး လက်တလောတွင် ၎င်းသည် ပြည်နယ် ၁၄ ခု၌ ဘတ်ထရီလဲလှယ်ရေး စခန်းပေါင်း ၈၀၀ ကျော် တည်ဆောက်ထားကြောင်း သိရသည်။ 

 

၂၀၂၁ ခုနှစ်တွင် ကုမ္ပဏီသည် ၎င်း၏ ပထမဆုံး လျှပ်စစ်ဆိုင်ကယ် Smoot အား စတင် မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် Swap Energy သည် Grab နှင့် ပြည်နယ်ပိုင် လျှပ်စစ်ကုမ္ပဏီ PLN တို့ဖြင့် ပူးပေါင်းကာ အင်ဒိုနီးရှားတွင် လျှပ်စစ်မော်တော်ယာဉ်များ၏ ဂေဟစနစ်ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန် ဦးတည် လုပ်ဆောင်လျက်ရှိသည်။ 

 

၂၀၂၂ ခုနှစ် မတ်လအတွင်း Swap Energy ကုမ္ပဏီသည် Kejora SBI Orbit ဦးဆောင်မှုဖြင့် ရင်းနှီးမြှုပ်နှံသူ အမြောက်အမြား ပါဝင်သည့် ရန်ပုံငွေစုဆောင်းရေးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် Living Lab Ventures၊ New Energy Nexus နှင့် Raksasa Capital တို့လည်း ပါဝင်ခဲ့သည်။ 

 

DealStreetAsia ၏ Data များ အရ Swap Energy ၏  CEO ဖြစ်သူ Irwan Tjahaja သည် ကုမ္ပဏီတွင် အကြီးဆုံး ရှယ်ယာရှင် ဖြစ်ကြောင်း သိရသည်။ 

 

အင်ဒိုနီးရှားနိုင်ငံသည် လျှပ်စစ်ဘတ်ထရီများတွင် အဓိကလိုအပ်သည့် နီကယ်သတ္ထု ထုတ်လုပ်ရေးတွင် တစ်ကမ္ဘာလုံး၏ ထိပ်ဆုံးတွင် ရောက်ရှိနေသည့်အတွက် အင်ဒိုနီးရှားသည် ၎င်းနိုင်ငံအား လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်ရေးတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်လာရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ 

 

နှစ်ဘီးတပ်ယာဉ်များနှင့် ဆိုင်ကယ်များသည် အင်ဒိုနီးရှားနိုင်ငံအတွင်းတွင် အသုံးအများဆုံး မော်တော်ယာဉ် အမျိုးအစားတွင် ပါဝင်သည့်အပြင် နိုင်ငံတွင်းရှိ မော်တော်ယာဉ်စုစုပေါင်း၏ ၈၀% ကျော်အထိ နေရာယူထားသည်။ 

 

အင်ဒိုနီးရှားသည် ၂၀၃၀ ခုနှစ် ရောက်သည့်အချိန်တွင် လျှပ်စစ်ဆိုင်ကယ် အစီးရေ ၂.၅ သန်းနှင့် လျှပ်စစ်ကား အစီးရေ ၆ သိန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး ထိုနှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှု ၂၉% လျှော့ချနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

လျှပ်စစ်မော်တော်ယာဉ်များသို့ ကူးပြောင်းရေးတွင် အရေးအကြီးဆုံး ကိစ္စသည် အဓိကကျသည့် အခြေခံ အဆောက်အအုံများအား ဖွံဖြိုးတိုးတက်လာရန် ကြိုးပမ်းရခြင်းဖြစ်ပြီး ထိုကိစ္စထဲတွင် လျှပ်စစ်ဘတ်ထရီ လဲလှယ်ရေးစခန်းများ တည်ဆောက်ခြင်း အပြင် လျှပ်စစ်ဘတ်ထရီ အားသွင်းနိုင်သည့် စခန်းတည်ဆောက်ခြင်း စသည်တို့ ပါဝင်သည်။ 

 

အင်ဒိုနီးရှားတွင် Swap Energy သာမက အခြားသော လျှပ်စစ်ဘတ်ထရီ လုပ်ငန်းများဖြစ်သည့် Volta Indonesia နှင့် EVolt Charging Network တို့သည်လည်း လျှပ်စစ်မော်တော်ယာဉ်များအတွက် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ 


Source - Nikkei Asia

Read 225 times