လျှပ်စစ်မော်တော်ယာဉ်အတွက် စကိတ်ဘုတ်ဒီဇိုင်း


မော်တော်ယာဉ်တစ်စီးကို ရိုးရှင်းတဲ့ စကိတ်ဘုတ်ပုံစံ ချာစီဖြင့် ဒီဇိုင်းထုတ်ခဲ့ကြတဲ့အတွက် အီးဗီတွေ ထုတ်လုပ်မှုမှာ ရိုးရှင်းလွယ်ကူသွားစေခဲ့ပါတယ်။ ကားရဲ့ ဟန်ချက်ကိုလည်း အနိမ့်မှာ ရောက်ရှိနေစေပါတယ်။

မူလ Tesla Model S ရဲ့ ဓာတ်မှန် ရောင်ခြည် “x-ray” ပုံ



လျှပ်စစ်မော်တော်ယာဉ်ကို ဒီဇိုင်းထုတ်တော့ ရှိနှင့်ပြီးသား ဓာတ်ဆီအင်ဂျင် ကားပုံစံကို အခြေပြုခဲ့ကြတယ်။ အင်ဂျင်ကို ဖယ်ထုတ်ထားပြီး လျှပ်စစ်အစိတ်အပိုင်းတွေကို နေရာချကြတယ်။

 

Tesla ရဲ့ Roadster

 

Tesla က ကားမော်ဒယ်တစ်ခု ဒီဇိုင်းစထုတ်တော့လည်း ဓာတ်ဆီကားကိုယ်ထည်ဖြင့် ဒီဇိုင်းထုတ်ခဲ့ကြတယ်။ Tesla ရဲ့ Roadster က Lotus Elise ချာစီအပေါ် အခြေခံထားတယ်။ ဓာတ်ဆီအင်ဂျင်အတွက် ဒီဇိုင်းထုတ်ထားတဲ့ ကိုယ်ထည့်အနေအထားကို မော်တာတွေ တပ်ပြီး လျှပ်စစ်ကားအဖြစ် ဒီဇိုင်းထုတ်ရတဲ့အခါ အကန့်အသတ်တွေ ရှိနေတယ်။ အံမဝင်တာတွေ ရှိနေတယ်။
ဒီတော့ လျှပ်စစ်ကားရဲ့ ဒီဇိုင်းကို အသစ်ကနေ စမှ အဆင်ပြေမယ်ဆိုတာ သဘောပေါက်ခဲ့ကြတယ်။

Tesla ရဲ့ Model S ကို ဒီဇိုင်းထုတ်တဲ့အဖွဲ့မှာ ပါဝင်တဲ့ Franz von Holzhausen, Jerome Guillen နဲ့တကွ အဖွဲ့ဝင်တွေက ဘာမှ မရှိသေးတဲ့ စာရွက်အလွတ်တစ်ခုပေါ်မှာ ကားဒီဇိုင်းကို ကြံဆပုံဖော်ခဲ့ကြတယ်။ နောက်ဆုံးမှာ လမ်းတွေပေါ် မြီးကောင်ပေါက်တွေ စီးကြတဲ့ စကိတ်ပုံနဲ့ ဆင်ဆင်တူတဲ့ ချာစီဒီဇိုင်းကို ရရှိခဲ့ကြပါတယ်။

Franz von Holzhausen က "Model S ရဲ့ ဗိသုကာဒီဇိုင်းက စကိတ်ဘုတ်နဲ့ ဆင်ဆင်တူပါတယ်" လို့ ၂၀၁၃ ခုနှစ်မှာ Bloomberg မီဒီယာနဲ့ ပြောဆိုခဲ့တာမှာ ပြောပြခဲ့ပါတယ်။
"ကြမ်းခင်းမှာ ဘက်ထရီ အထုပ်တွေ ခင်းထားတယ်။ မော်တာကို နောက်ဘီးနှစ်ခုကြားမှာ နေရာချပေးထားတယ်။ အဲဒီအပေါ်မှာ လူတွေအတွက် ကိုယ်ထည်ကို စွပ်ပေးထားတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။

Audi e-tron



GM , Audi , Rivian စတဲ့ ကားကုမ္ပဏီတွေကလည်း စကိတ်ဘုတ်ဒီဇိုင်းဖြင့် အီးဗီကို ဒီဇိုင်းထုတ်ကြတယ်။ Rivian ရဲ့ အီးဗီထရပ်ကားနဲ့ SUV တို့က စကိတ်ဘုတ်ဒီဇိုင်းကို သုံးထားတယ်။

မော်တော်ယာဉ်ကို အစိတ်အပိုင်းတွေ တပ်ဆင်ထုတ်လုပ်တဲ့ ပလက်ဖောင်းအနေဖြင့် စကိတ်ဘုတ်ဒီဇိုင်းအတွက် စကိတ်ဘုတ် ပလက်ဖောင်း လိုအပ်တာကြောင့် အကုန်အကျ များတယ်။ ရှိပြီးသား ဓာတ်ဆီကား တန်းစီတွဲစပ် တပ်ဆင်ထုတ်လုပ်တဲ့ ပလက်ဖောင်းကိုပဲ အီးဗီအတွက် သုံးချင်ကြတာကြောင့် ဓာတ်ဆီကား ကိုယ်ထည်ထဲ မော်တာထိုင်ပြီး အီးဗီကို ဒီဇိုင်းထုတ်ဖို့် ကြိုးစားခဲ့ကြတာတွေ မအောင်မြင်ခဲ့ဘူး။

လေးလံတဲ့ ဘက်ထရီကို ကြမ်းခင်းလုပ်ထားတဲ့အတွက် ကားရဲ့ ဟန်ချက် center of gravity တည်နေရာက ယာဉ်အနိမ့်ပိုင်းမှာ ရောက်ရှိနေစေတဲ့ကောင်းကျိုးကို ရရှိတယ်။ ယာဉ် မလူးတော့ဘူး။ ပစ်တိုင်းထောင်လို ငြိမ်ဝပ်နေစေတယ်။

စကိတ်ဘုတ် အခြေခံတဲ့ ဒီဇိုင်းကို Tesla မသုံးခင်က GM ရဲ့ ၂၀၀၂ စိတ်ကူးသစ်ကား (concept car ) ဖြစ်တဲ့ Autonomy မှာ သုံးခဲ့ဖူးတယ်။ ဟိုက်ဒြိုဂျင်ဖြင့် မောင်းနှင်ပြီး ကားက ပင်ကိုမောင်းနှင်မယ့်ကား အဖြစ် နမူနာ ထုတ်လုပ်ခဲ့တယ်။ Autonomy က စိတ်ကူးသစ် ကားပုံစံ အဆင့်မှာပဲ အဆုံးသတ်ခဲ့တယ်။
နောက်တော့ GM က Hy-Wire ဆိုတဲ့ စိတ်ကူးသစ်ကားပုံစံကို စကိတ်ဘုတ်ဖြင့် ဒီဇိုင်းထုတ်ခဲ့ဖူးတယ်။ အပေါ်က စွပ်တဲ့ ကိုယ်ထည်ကို အမျိုးမျိုး ပြောင်းလဲသုံးစွဲလို့ ရအောင် ဒီဇိုင်းထုတ်ပေးထားတယ်။ နပ်နဲ့ဘို့ တချို့ ဖြုတ်ပြီး စွပ်ထားတဲ့ ကိုယ်ထည်ကို ချွတ်လိုက်လို့ ရတယ်။ ကိုယ်ထည်နောက်တစ်မျိုး ပြန်စွပ်ပြီး နပ်နဲ့ဘို့တွေ ပြန်တပ်ပြီး ကျပ်ပေးလိုက်ရုံပဲ။

 

GM Hy-Wire concept

 

 

 

 

 GM 2002 “Autonomy” concept car



Hy-Wire ကလည်း ထုတ်လုပ်တဲ့ အဆင့်ဆီကို ရောက်မလာဘူး။ စိတ်ကူးသစ်ပုံစံ ထုတ်တဲ့ အဆင့်မှာပဲ အဆုံးသတ်သွားခဲ့ပါတယ်။

 

 

 

Read 993 times