အာဆီယံ အီးဗီအရွေ့အပြောင်း


အာဆီယံ အီးဗီအရွေ့အပြောင်း

အရှေ့တောင်အာရှမှ နိုင်ငံအချို့က လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) ဈေးကွက်မှာ ဈေးကွက်ဝေစု ရရှိဖို့ ရည်မှန်းချက်မြင့်မားတဲ့ အစီအစဉ်များ ချမှတ်ပြီး အီးဗီလမ်းကြောင်းပေါ်မှာ အစပျိုး မောင်းနှင်ကြပါတယ်။

အီးဗီစက်မှုကဏ္ဍကို ပြည်တွင်းဈေးကွက်အတွက်အပြင် ပြည်ပတင်ပို့ဖို့ကိုပါ ဦးတည်ဆောင်ရွက်ကြပါတယ်။ 

ထိုင်း

ထိုင်းနိုင်ငံက နဂိုကတည်းက ဒေသတွင်း မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍမှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
၂၀၁၃ မှာ စီးရေအများဆုံးစံချိန်ကို ထုတ်လုပ်ခဲ့ရာ တစ်နှစ်တာအတွင်း စီးရေ ၂.၅ သန်း ထုတ်လုပ်ခဲ့ပါတယ်။ 
ကပ်ရောဂါထိခိုက်ချိန် ၂၀၂၁ မှာ စီးရေ ၁.၇ သန်း ထုတ်လုပ်ပါတယ်။ 
၂၀၃၀ မှာ မော်တော်ယာဉ်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၃၀% ဟာ လျှပ်စစ်ကားစစ်စစ် ဖြစ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။
နိုင်ငံပိုင် စွမ်းအင်လုပ်ငန်း PTT Plc က တိုင်ဝမ်မှ Foxconn နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး အရှေ့စီးပွားရေးစင်္ကြန်မှာ စက်ရုံတစ်ရုံ ထားရှိလုပ်ကိုင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား
လျှပ်စစ်မော်တော်ယာဉ်သုံး လစ်သီယံဘက်ထရီများအတွက် အရေးပါတဲ့ နီကယ်သတ္တုသိုက် တည်ရှိရာနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ နီကယ်သတ္တု ထုတ်လုပ်မှာမှာ ကမ္ဘာ့အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အီးဗီထုတ်လုပ်နိုင်ရေး၊ အီးဗီအတွက် ဘက်ထရီ ထုတ်လုပ်နိုင်ရေးတို့ကို ပြည်ပပို့ကုန်အတွက်  ရည်မှန်းချက် ထားရှိပါတယ်။ 

တရုတ်နိုင်ငံမှ ဘက်ထရီမဟာလုပ်ငန်းကြီး CATL က အမေရိကန်ဒေါ်လာ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ ကတိကဝတ်ပြုထားပြီးပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှ LG Chem က အင်ဒိုနီးရှားမှ Indonesia Battery Corporation (IBC) နှင့်အတူ ဖက်စပ်လုပ်ငန်း ထူထောင်ပြီး အီးဗီအတွက် ဘက်ထရီများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 
တိုင်ဝမ်မှ Foxconn က လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး၊ အီးဗီအတွက် ဘက်ထရီ ထုတ်လုပ်ရေးတို့ကို ဂျာဗားကျွန်းမှာ လုပ်ကိုင်မှာ ဖြစ်ပါတယ်။
Hyundai Motors က အနောက်ဂျာဗားမှာ LG Energy Solution နှင့်လက်တွဲပြီး ဘက်ထရီစက်ရုံတစ်ခု လုပ်ကိုင်မှာ ဖြစ်တဲ့အပြင် အားသွင်းရုံများလည်း လုပ်ကိုင်မှာ ဖြစ်ပါတယ်
  ဘက်ထရီအဟောင်းများမှ ကုန်ကြမ်းများ ရယူပြီး ဘက်ထရီအသစ် ထုတ်လုပ်ဖို့ကိုလည်း လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 

အစိုးရက ၂၀၂၅ မှာ တစ်နှစ်လျှင် အီးဗီ ၄၀၀,၀၀၀ စီး၊ လျှပ်စစ်မော်တော်ဆိုင်ကယ် ၁.၇၆ သန်း ထုတ်လုပ်တဲ့အဆင့်ကိုရောက်ဖို့ ရည်မှန်းထားပါတယ်။


ဗီယက်နမ်
ဗီယက်နမ်က အီးဗီထုတ်လုပ်တဲ့ လုပ်ငန်း  VinFast ဖြင့် ဥရောပနှင့် အမေရိကန် ဈေးကွက်များကို ထိုးဖောက်ဝင်ရောက်ပြီး ဈေးကွက်ဝေစု ရရှိဖို့ ဦးတည်မောင်းနှင်နေပါတယ်။
အမေရိကန်ဈေးကွက်အတွက် အမေရိကန်မှာ စက်ရုံထူထောင်ပြီး အီးဗီများ ထုတ်လုပ်မှာ ဖြစ်တဲ့အပြင် အီးဗီအတွက် ဘက်ထရီ စက်ရုံလည်း လုပ်ကိုင်မှာ ဖြစ်ပါတယ်။

Read 6725 times