အင်ဒိုနီးရှား အီးဗီဈေးကွက် ‌ဒီရေမြင့်တက်


 အင်ဒိုနီးရှား အီးဗီဈေးကွက် ‌ဒီရေမြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တောင်ကိုရီးယား ကားထုတ်လုပ်သူ Hyundai Motor နှင့် တရုတ်ကားထုတ်လုပ်သူ Wuling Motors တို့သည် အင်ဒိုနီးရှားတွင် ၎င်းတို့၏ လျှပ်စစ်ကားရောင်းအား ယခုနှစ်တွင် တိုးတက်မည်ဟု အကောင်းမြင်ထားကြသည်။

အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားတွင် အီးဗီ ဝယ်လိုအား တိုးလာမည့် မျှော်မှန်းချက်များဖြင့် ကားကုမ္ပဏီများက အီးဗီ အမှတ်တံဆိပ်များကို လူသိများဖို့ ကြိုးပမ်းကြသည်။

Wuling Motors သည် ၂၀၂၂ ဩဂုတ်လတွင် Air ev hatchback ကို စတင်ရောင်းချပြီးနောက် အင်ဒိုနီးရှား အီးဗီဈေးကွက်ထဲ လျှပ်စစ်ကားရောင်းချမှုတွင် ထိပ်တန်းနေရာကို အမြန်သိမ်းပိုက်ခဲ့သည်။
၂၀၂၂ ဩဂုတ်လမှ ဒီဇင်ဘာလအထိ ကာလအတွင်း စီးရေ ၈,၀၀၀ ရောင်းချခဲ့သည်။ ယခုနှစ် ၂၀၂၃ တွင် စီးရေ တစ်သောင်းကျော် ရောင်းချနိုင်မှာ သေချာနေပြီဟု Wuling Motors မှ အကြီးတန်အရာရှိတစ်ဦးက ပြောကြားသည်။
 ရောင်းဈေးနှုန်းမှာ အင်ဒိုနီးရှား နိုင်ငံသုံးငွေ ရူပီယာ ၂၄၃ သန်း($16,000) ဖြစ်ပြီး Air ev  ရောင်းအားကြောင့်  အင်ဒိုနီးရှား အီးဗီဈေးကွက်၏ ရောင်းအားစုစုပေါင်းကို စီးရေ တစ်သောင်းကျော်သွားစေခဲ့သည်။

"ယမန်နှစ်က စျေးကွက်ကို Air ev က လျင်မြန်စွာ လွှမ်းမိုးခဲ့ပါတယ်" ဟု အင်ဒိုနီးရှားရှိ Wuling Motors ၏ ဒုတိယဥက္ကဋ္ဌ Arif Pramadana က ပြောကြားသည်။ "ဒီနှစ်လည်း အဲဒီလိုပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အစိုးရမှ ကတိပြုထားသော မက်လုံးများနှင့် အများသူငှာ အားသွင်းနိုင်သည့် အခြေခံအဆောက်အအုံများ တိုးပွားလာခြင်းသည် မြို့တော် ဂျကာတာ အပြင်ဘက် ဒေသများ အပါအဝင် အရောင်းမြှင့်တင်မှု ပိုမို အားကောင်းလာစေရန်ကြောင်း ၎င်းက ပြောကြားသည်။

အင်ဒိုနီးရှားသည် အီးဗီဘက်ထရီများတွင် အဓိကပါဝင်ပစ္စည်းဖြစ်သော နီကယ်ကို ကမ္ဘာပေါ်တွင် အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည့် အားလျော်စွာ အစိုးရက ထိုအားသာချက်ဖြင့် နိုင်ငံအတွင်းမှာ ပြည်ပမှ ထုတ်လုပ်သူများ လာရောက်လုပ်ကိုင်အောင် ဆွဲဆောင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပါသည်။

Wuling သည် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ကာ ယခုနှစ်မှာ အင်ဒိုနီးရှားတွင် အနည်းဆုံး နောက်ထပ် လျှပ်စစ်ကားမော်ဒယ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း Pramadana မှ ပြောကြားသည်။
ထို့ပြင် အင်ဒိုနီးရှားတွင် ထုတ်လုပ်သော Air ev ကို အခြားအာရှနိုင်ငံများသို့ တင်ပို့ရန် အခွင့်အလမ်းများကို စူးစမ်းရှာဖွေလျက်ရှိသည်။

Wuling သည် ဩဂုတ်လတွင် အနောက်ဂျာဗားပြည်နယ် Cikarang တွင် Air ev အတွက် ပြည်တွင်း တပ်ဆင်ထုတ်လုပ်‌ရေးလိုင်းကို စတင်ခဲ့သည်။ အင်ဒိုနီးရှားသည် လက်ယာမောင်း Air ev အမျိုးအစားအတွက် ထုတ်လုပ်မှုအခြေစိုက်စခန်းတစ်ခုဖြစ်လာနိုင်ပြီး တရုတ်သည် လက်ဝဲမောင်းမော်ဒယ်များအတွက် ထုတ်လုပ်မှုအချက်အချာဖြစ်နေမည်ဖြစ်သည်။

Hyundai Motors Indonesia သည်လည်း ယခုနှစ်အတွင်း အင်ဒိုနီးရှားမှာ ရောင်းအား တိုးလာမည်ဟု ရှုမြင်ထားသည်ဟု ကုမ္ပဏီ၏ COO (chief operating officer) Makmur က ပြောကြားသည်။

Hyundai Motor သည် ၎င်း၏ အီးဗီ  မော်ဒယ် Ioniq 5 ကို ပြီးခဲ့သောနှစ် မတ်လတွင် Cikarang ၌ ၎င်း၏စက်ရုံတွင် စတင်ထုတ်လုပ်ခဲ့သည်။
၂၀၂၁ တွင် စီးရေ ၆၀၀ ဝန်းကျင် ရောင်းချခဲ့ပြီး ၂၀၂၂ တွင် ရောင်းအား စီးရေ ၂,၀၀၀ ကျော်သို့ ခုန်တက်သွားသည်။
ယမန်နှစ်က ချစ်ပ်မရသည့် အခက်အခဲကြောင့် အမှာစာ ချထားသူများသည် ကားရဖို့ တစ်နှစ်အထိ စောင့်ကြရသည်။
"ဒါပေမဲ့ အခုတော့ ချစ်ပ်ရရှိတာ ပိုများလာတယ်၊ ကိုရီးယားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရုံးချုပ်ရဲ့ ပံ့ပိုးကူညီမှုကြောင့်ပါ။ ဒီတော့ ကားရဖို့ စောင့်ရမယ့်အချိန်ကို ၆ လ အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ ယမန်နှစ်ထက် ၄ ဆ ပိုမိုထုတ်လုပ်ပါမယ်" ဟု Makmur က ပြောကြားသည်။
 

တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူ DFSK သည် အင်ဒိုနီးရှားတွင် ယခုအချိန်အထိ  မီနီဘတ်စ်နှင့် ဗင်ကားများ အပါအဝင် လုပ်ငန်းသုံး အီးဗီများသာ ထုတ်လုပ်ရောင်းချနေသည်။ ၂၀၂၂ တွင် စီးရေ ၅၀ ခန့်သာ ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် စီးရေ ၁,၀၀၀ ရောင်းချရန် ရည်မှန်းထားသည်။ Banten ပြည်နယ်တွင် တပ်ဆင်ထုတ်လုပ်ရေးလိုင်းတစ်ခု ထားရှိမည်ဟု ထုတ်ပြန်ကြေညာသည်။
DFSK ၏ အင်ဒိုနီးရှားဈေးကွက်အတွက် လုပ်ငန်းခွဲ Sokonindo Automobile ၏ စီအီးအို Alexander Barus က ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်သည့်အတွက် သွင်းကုန်ခွန် သက်သာသဖြင့် ရောင်းဈေးနှုန်းကို လျှေိာ့ချပေးနိုင်မည် ဖြစ်ပြီး မော်ဒယ် နှစ်ခုကို ရူပီယာ သန်း ၅၀၀ အထက် ဈေးနှုန်းဖြင့် ရောင်းချနေသည်ကို ရူပီယာ သန်း ၄၀၀ အောက်ဖြင့် ရောင်းချနိုင်မည်ဟု ပြောကြားသည်။
ဈေးသက်သာသွားသဖြင့် ဈေးကွက်ကို ထိုးဖောက်နိုင်စေမည်ဟု Barus က ပြောကြားသည်။ ဗင်ကားကို ကုန်ပစ္စည်းပေးပို့သော ကုမ္ပဏီများသို့ အဓိကထားပြီး ဈေးကွက်မြှင့်တင်မည်။ မြို့ကြီးများတွင်  မီနီဘတ်စ် ပြေးဆွဲနေသည့် လုပ်ငန်းများကို မီနီဘတ်စ်များ ရောင်းချမည်ဟု ၎င်းက ပြောကြားသည်။

တရုတ်ထိပ်တန်း ကားထုတ်လုပ်သူ SAIC က ၎င်းပိုင်ဆိုင်သည့် ဗြိတိသျှ ကားအမှတ်တံဆိပ် MG Motor မှ ထုတ်လုပ်သည့် MG4 EV hatchback ကို အင်ဒိုနီးရှားတွင် ရောင်းချလျက်ရှိသည်။

အင်ဒိုနီးရှားမှ လုပ်ငန်း အသေးစားဖြစ်သည့် ကားထုတ်လုပ်သူ Esemka သည် Central Java ပြည်နယ်ရှိ ၎င်း၏စက်ရုံတွင် ထုတ်လုပ်သည့် လျှပ်စစ်ဗင်မော်ဒယ်နှစ်ခုကို စတင်ရောင်းချခဲ့သည်။

လျှပ်စစ်စကူတာကဏ္ဍတွင် တရုတ် လျှပ်စစ် စကူတာ Yadea နှင့် စင်ကာပူမှ ION Mobility တို့ အင်ဒိုနီးရှား ဈေးကွက်ထဲ စတင်ဝင်ရောက်လာကြပြီး ပြည်တွင်းမှာ ထုတ်လုပ်ရေးလိုင်း ထူထောင်ရန် စီစဉ်နေကြသည်။ 
Source nikkei asia 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2121 times