တရုတ်နိုင်ငံတွင် အီးဗီ ဈေးကျ၊ ပြည်ပတင်ပို့မှု လှိုင်းထ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
လျှပ်စစ်ကားများ၏ ရောင်းအားကို ချုပ်ထားသည့် တစ်ခုတည်းသော အရာမှာ ၎င်းတို့၏ စျေးနှုန်းဖြစ်သည်ဟု Elon Musk က ဆိုမိန့်ခဲ့ဖူးသည်။
BYD အပါအဝင် တရုတ်ကားကုမ္ပဏီအချို့က ၎င်းပြဿနာကို တရုတ်ပြည်တွင် ဖြေရှင်းနေကြသည်။ ကမ္ဘာ့လျှပ်စစ်ကားနယ်ပယ်အတွက် ဖြေရှင်းပေးဖို့ အသင့်အနေအထားသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
တရုတ်နိုင်ငံ၏ အီးဗီ အများဆုံး ထုတ်လုပ်သူ BYD က Seagull မော်ဒယ်ကို ယခုအပတ် ရှန်ဟိုင်း မော်တော်ကားပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ လူအများ အံ့အားသင့်ကြရသည်။ ဘက်ထရီ ခရီးတာ ကီလိုမီတာ ၃၀၀ ကျော် (၁၈၆ မိုင်) အထိ ရသည်။ ရောင်းဈေးက $11,000 သာသာမျှသာ ရှိသည်။ ဥရောပဈေးကွက်ထဲ ရောင်းချနေသည့် အီးဗီအများစု ဈေးနှုန်း၏ လေးပုံတစ်ပုံသာ ရှိသည်။
Avatr 11 EV
ယခုအခါ တရုတ်ကားထုတ်လုပ်သူများသည် ကုန်ကျစရိတ် သက်သက်သာသာဖြင့် ကားများ ထုတ်လုပ်နိုင်လာကြပြီး ဈေးကွက်ထဲတွင်
စျေးနှုန်းနှင့် နည်းပညာတို့ဖြင့် ယှဉ်ပြိုင်နိုင်သော အီးဗီ များထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဦးဆောင်သူနေရာကို ရရှိလာကြပြီ ဖြစ်သည်။
ဥရောပ၊ အရှေ့တောင်အာရှနှင့် အခြားပြည်ပဈေးကွက်များသို့ တင်ပို့မှု လှိုင်းထနေသည်။
Li L7 SUV EV
ပြင်သစ်မှ မော်တော်ယာဥ်တင်သွင်းသည့် လုပ်ငန်း Faurecia ၏အမှုဆောင်အရာရှိချုပ် Patrick Koller က ဥရောပတွင် ဈေးသက်သာသည့် အီးဗီစျေးကွက်သည် တရုတ်မော်တော်ကားထုတ်လုပ်သူများအတွက် ဥရောပဈေးကွက်သို့ 'ဝင်ပေါက်' ဖြစ်သည်ဟု ပြောကြားသည်။
"တရုတ်ပြည်မှ ကားဝယ်စီးသူတွေကို ဆွဲဆောက်နိုင်တယ်ဆိုရင် ဥရောပမှ ကားဝယ်စီးကြသူတွေကိုလည်း ဆွဲဆောင်နိုင်မှာပါပဲ" ဟု ၎င်းက ပြောကြားသည်။
ရှန်ဟိုင်းရှိ တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်း နှစ်ဒါဇင်ကျော်၏ စီအီးအို သို့မဟုတ် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ကြောင်း Koller က ပြောကြားခဲ့သည်။ အများစုက ဥရောပသို့ တင်ပို့ရန် မျှော်မှန်းထားကြကြောင်း ၎င်းက ဆိုသည်။
၎င်းတို့၏ ပြိုင်ဆိုင်မှုအတွက် အလွန်ကောင်းသော အားသာချက်များကြောင့် တရုတ်ကားထုတ်လုပ်သူများသည် ဥရောပတွင်တစ်နှစ်လျှင် ကားစီးရေ တစ်သန်းရောင်းချရန် မျှော်လင့်နိုင်သည်ဟု Koller မှ ပြောကြားသည်။ စီးရေ တစ်သန်းသည် လက်ရှိရောင်းအားအရ ဈေးကွက်ဝေစု ၈% နှင့် ညီမျှသည်။
ပရီမီယံ လျပ်စစ်ကား အတန်းအစားတွင် BMW နှင့် ပြိုင်ဘက်ဖြစ်သည့် Nio က တန်ဖိုးသင့် မော်ဒယ် လျှပ်စစ်ကား brand အသစ်တစ်ခု စတင်ရန် အစီအစဉ် ရှိပြီး ဉရောပဈေးကွက်ကို ဦးတည်ထားသည်။ အမေရိကန်ဈေးကွက်ကို အကဲဖြတ်ချိန်ဆနေသည်။
"ဥရောပမှ ကားစီးသူများကို ကျွန်တော်တို့ ပေးနိုင်တာက အားလုံးခြွုငုံကြည့်တဲ့အခါ တစ်နည်းနည်းဖြင့် ပိုကောင်းနေတယ်ဆိုရင် ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်စွမ်းကို ခိုင်မာအောင် လုပ်လို့ရမယ်။ အထိုက်အလျောက် ဈေးကွက်ဝေစု ရမယ်" ဟု Nio ဥက္ကဋ္ဌ Qin Lihong က ပြောကြားသည်။
တရုတ်ကားလုပ်ငန်း Geely ၏ Zeekr သည် ပရီမီယံ အီးဗီ brand တစ်ခုဖြစ်ပြီး ၂၀၂၆ တွင် ဥရောပမှ ဈေးကွက်အားလုံးနီးပါးမှာ ရောင်းချမည် ဖြစ်သည်။
Zeekr X
အစဉ်အလာရှိ ကားလုပ်ငန်းကြီးများသည် တရုတ်ပြည်တွင် ကားများ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သည်။
ဥပမာအားဖြင့် BMW သည် iX3 မော်ဒယ်ကို တရုတ်ပြည်တွင် ထုတ်လုပ်ပြီး ဥရောပနှင့် အရှေ့တောင်အာရှသို့ တင်ပို့သည်။
Renault က တရုတ်ပြည်တွင် Dacia Spring EV မော်ဒယ်ကို ထုတ်လုပ်ပြီး ဉရောပသို့ တင်ပို့သည်။ Tesla ပြီးလျှင် စီူရေ ဒုတိယအများဆုံး တင်ပို့သည့်မော်ဒယ် ဖြစ်သည်။
Tesla က တရုတ်ပြည်တွင် ထုတ်လုပ်သော Model Y နှင့် Model 3 ဆီဒင် စီးရေ ၂၇၁,၀၀၀ ကို ဥရောပနှင့် အခြားဈေးကွက်များသို့ ယမန်နှစ်က တင်ပို့ခဲ့သည်။
သို့သော် တရုတ်ပြည်ဖြစ် ကားများ ပြည်ပတင်ပို့မှု လှိုင်းကြီးထစေသည်မှာ တရုတ်ကား brand များကြောင့် ဖြစ်သည်။ ကားတင်သင်္ဘောများ အချိန်မီ အလုံအလောက် မရနိုင်တော့သည်အထိ များပြားခဲ့သည်။ တရုတ်ကား brand များတင်ပို့မှုသည် ၂၀၂၀ နှင့် ၂၀၂၂ ကြားကာလတွင် ၄ ဆ တိုးသည်။ တစ်နှစ် စီးရေ ၂ သန်းကျော်သွားပြီ ဖြစ်သည်။ ယခုနှစ် ပထမ ၃ လတာ တင်ပို့သည့် နှုန်းအတိုင်း ဆက်လက်ကြီးထွားခဲ့လျှင် ယခုနှစ်တွင် စီးရေ ၃ သန်းအထိ ရောက်နိုင်သည်။
Xpeng G6 SUV EV
BYD ကားတင်ပို့မှု ယမန်နှစ်တွင် ၄ ဆ ဖြစ်လာသည်။ စီးရေ ၅၆,၀၀၀ နီးပါး တင်ပို့ခဲ့သည်။ Yuan Plus EV စီးရေ အများဆုံး တင်ပို့ခဲ့သည်။ Yuan Plus သည် BYD ၏ "Dynasty Series" မှ ဖြစ်ပြီး ပြည်ပဈေးကွက်များတွင် မော်ဒယ်အမည် ATTO3 ဖြင့် ရောင်းချသည်။
Seagull စင်ရော်ပြည်ပတင်ပို့မည့် အစီအစဉ်ကို BYD က ကြေညာခြင်း မရှိသေးပါ။ တရုတ်ဈေးကွက်တွင် BYD ၏ အရောင်းရဆုံး အီးဗီမော်ဒယ် Dolphin လင်းပိုင် ဈေးနှုန်းမှာ ယွမ် ၁၁၆,၈၀၀ ($17,000) ဖြစ်သဖြင့် Seagull က Dolphin ထက် ဈေးသက်သာသည်။
BYD က Dolphin ကို ယခုနှစ်ကုန်ပိုင်းတွင် ဥရောပသို့ တင်ပို့မည်။ ဥရောပအတွက် အရွယ်အစား ပိုကြီးပြီး သီးသန့်ထုတ်လုပ်ပေးမည် ဖြစ်သည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U