လျှပ်စစ်ကားများအတွက် အားသွင်းရုံများ အမြန်လမ်းတွင် တည်ဆောက်မည်


လေထုညစ်ညမ်းစေသည့် လောင်စာဆီသုံးကားများ လျှော့ချနိုင်ရန် ထုတ်လုပ်ထားသော လျှပ်စစ်ကားများ ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန် ယင်းကားများအတွက် ဓာတ်အားသွင်းရုံများ (EV Charging Station) ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။လျှပ်စစ်ကား (EV-Electric Vehicles) အတွက် အရေးပါသည့် ဓာတ်အားပေးရုံများကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်နှင့် နေပြည်တော်တို့တွင် တည်ဆောက်ရန်အတွက် သုတေသနပြုလုပ်ရန် မိတ်ဖက်ကုမ္ပဏီများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆောင်ရွက်နေကြောင်း ဦးခင်မောင်ချိုကဆိုပါတယ်။

“လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် ကြိုတင်စီမံထားတဲ့အနေနဲ့ မရှိမဖြစ် လိုအပ်နေတဲ့ EV Charging Station တွေကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်နဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့မှာ Survey တွေဆင်းဖို့ မိတ်ဖက်ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောဆိုခဲ့ပါတယ်။

ယင်းဓာတ်အားပေးရုံများကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် (၈) ရုံ၊ ရန်ကုန်မြို့အတွင်း (၃၆) ရုံ၊ နေပြည်တော်တွင် (၅) နေရာအဖြစ် ဆောက်လုပ်ရန် ပဏာမရွေးချယ်ထားပြီး ညှိနှိုင်းနေကြောင်း ယင်းရုံများတွင် အိမ်သုံးလျှပ်စစ်ကားများ သာမက စီးပွားဖြစ်သုံးကားကြီးများ (e-Bus) ကိုလည်း အားသွင်းနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း မကြာမီ e-Bus ငါးစီးလည်း ရောက်ရှိမည်ဖြစ်ကြောင်း ဦးခင်မောင်ချိုက ဆိုပါတယ်။

နေပြည်တော်၌ ဓာတ်အားပေးရုံ (၃) ခုကို စမ်းသပ်တည်ဆောက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ညှိနှိုင်းနေပြီး ယင်းစမ်းသပ်ရုံများကို နေပြည်တော် ရုံးအမှတ် (၄၁) အနီး၊ နေပြည်တော်လေဆိပ်အနီး၊ ဘူတာကြီး၊ ကားကြီးကွင်းဈေးနှင့် အများပြည်သူသွားလာသည့် နေရာသုံးခုတွင် ကုမ္ပဏီစရိတ်ဖြင့် စမ်းသပ်တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

သို့သော် ယင်းဓာတ်အားပေးရုံများ တည်ဆောက်ရန် မည်သည့်ကုမ္ပဏီဖြင့် လုပ်ဆောင်နေသည်ကိုမူ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။ထိုသို့လျှပ်စစ်ကားများအတွက် ဓာတ်အားပေး ဆောက်လုပ်ပေးမည့်အစီအစဉ်ကို ကြိုဆိုကြောင်း ထိုရုံများပေါ်ပေါက်လာမည်ဆိုပါက မြန်မာနိုင်ငံအတွင်း လျှပ်စစ်ကားအသုံးပြုမှု ပိုမိုတွင်ကျယ်လာမည်ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက မှတ်ချက်ပြုခဲ့ပါတယ်။

လတ်တလောပြည်တွင်း၌ ဂျပန်နိုင်ငံအခြေစိုက် Nissan ကားကုမ္ပဏီက ထုတ်လုပ်သည့် Nissan Leaf နှင့် Mitsubishi ကုမ္ပဏီကထုတ်လုပ်သည့် MIEV တို့ကို ရန်ကုန်မြို့တွင်း၌ အနည်းငယ် ဝယ်ယူစီးနင်းမှုများရှိသော်လည်း ဓာတ်အားသွင်းရုံကဲ့သို့ လျှပ်စစ်ယာဉ်များအတွက် အခြေခံအဆောက်အဦး မရှိသည့်အတွက် လျှပ်စစ်ယာဉ်အသုံးပြုမှုမှာ လွန်စွာနည်းပါးကြောင်း ၎င်းတို့ကဆိုပါတယ်။

“ကျွန်တော်ကတော့ အားပေးတယ်။ ကျွန်တော်တို့ဆီမှာ မီးမမှန်ပေမယ့် ဒါလေးတွေက အဆင်ပြေတယ်။ ပုံမှန်တစ်လကို ဆီဖိုး နှစ်သိန်းလောက်ကျတာကို ဒါ (လျှပ်စစ်ကား)နဲ့ဆို သက်သာတယ်။ နေ့တိုင်းအားသွင်းရတဲ့အတွက် အလုပ်ရှုပ်တာလေးတစ်ခုပဲရှိတယ်”ဟု လက်ရှိလျှပ်စစ်ကားအသုံးပြုနေသူနှင့် တင်သွင်းရောင်းချသူ ဦးသန့်ဇင်လင်းက ဆိုပါတယ်။

ထိုလျှပ်စစ်အားသွင်းတိုင်များ တည်ဆောက်မည်ဆိုပါက ကျပ်သိန်း ၂၀၀ မှ ၃၀၀ ခန့်အထိ ကုန်ကျနိုင်ပြီး အားသွင်းချိန် ကီလို ၂၀၀ ဆိုပါက ခြောက်နာရီခန့် ကြာမြင့်ကာ ဂျပန်နိုင်ငံ၌ အားအမြန်သွင်းသည့် နည်းပညာများပါရှိကြောင်း လတ်တလော ဂျပန်တစ်နိုင်ငံလုံး၌ လျှပ်စစ်အားသွင်းတိုင် လေးသောင်းကျော်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။

Source;The Voice


 

Read 631 times