ဓာတ်ဆီနှင့် ဒီဇယ် အင်ဂျင်ကားများ ရပ်ဆိုင်းမည့် အစီအစဉ် အီးယူကြေညာ


ဥရောပသမဂ္ဂ အီးယူက ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ ကား‌များရောင်းချခြင်းကို ၂၀၃၅ ခုနှစ် မတိုင်ခင် အဆုံးသတ်မယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီလို ဖယ်ရှားတာမှာ ဓာတ်ဆီအင်ဂျင်နဲ့ လျှပ်စစ်မော်တာ တွဲသုံးတဲ့ ကားအမျိုးအစားတွေပါ အကျုံးဝင်ပါတယ်။ လျှပ်စစ်ကား ရာနှုန်းပြည့် ဖြစ်တဲ့ ကားမော်ဒယ်တွေကိုသာ ဥရောပမှာ မောင်းနှင်ခွင့် ရှိတော့မှာ ဖြစ်ပါတယ်။ 
လေထုညစ်ညမ်းမှု ဖြစ်ပွားစေတဲ့ ဓာတ်ငွေ့တွေ အိပ်ဇောမှ ထုတ်လွှတ်မှုကို ၅၅% အထိ လျှော့ချမယ့် အဆင့်ကို ၂၀၃၀ ခုနှစ်မှာ ရရှိအောင် လုပ်ဆောင်မှာ ဖြစ်ပြီး ၂၀၃၅ မှာတော့ ရာနှုန်းပြည့် လျှော့ချတဲ့အဆင့်ကို ရောက်ရှိရမှာ ဖြစ်ပါတယ်။ ဓာတ်ငွေ့လုံးဝ မထုတ်လွှတ်တဲ့ zero-emission မော်တော်ယာဉ်တွေကိုသာ မော်တော်ယာဉ် မှတ်ပုံတင်ပေးမှာ ဖြစ်ပါတယ်။ 
လျှပ်စစ်ကားတွေချည်း လမ်းပေါ်မှာ သွားလာကြတဲ့အခါ ကားတွေ ဘက်ထရီအားသွင်းဖို့ စီစဉ်ပေးထားရမှာ ဖြစ်ပြီး အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံအနေဖြင့် ကားဘက်ထရီအားသွင်းတဲ့ ကွန်ရက်ကို တိုးချဲ့လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ အားသွင်းနေရာတွေ ထားရှိတာမှာ အဓိကျတဲ့ အဝေးပြေးလမ်းမကြီးတွေမှာ ကီလိုမီတာ ၆၀ မှာ တစ်ခုကျ ပျမ်းမျှအားဖြင့် ထားရှိပေးမှာ ဖြစ်ပါတယ်။ 
Audi နဲ့  Porsche တို့ကိုပါ ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ Volkswagen က ၂၀၃၀ ခုနှစ်မှာ သူရောင်းချတဲ့ ကားစီရေမှာ အနည်းဆုံး ၅၀% ဟာ လျှပ်စစ်ကားတွေ ဖြစ်ဖို့ အစီအစဉ် ရေးဆွဲချမှတ်ထားပြီ ဖြစ်ပါတယ်။ ၂၀၄၀ ခုနှစ်မှာတော့ ဥရောပအပြင် အမေရိကန်နဲ့ တရုတ် ကားဈေးကွက်တွေမှာလည်း လျှပ်စစ်ကားတွေကိုသာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ 
Ford ကလည်း ၂၀၃၀ ခုနှစ်မှာ အိမ်စီးကားတွေ အကုန်လုံး လျှပ်စစ်ကားတွေကိုသာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ 
Renault, Volvo, BMWနဲ့  Mercedes-Benz  Daimlerတို့မှာလည်း အလားတူ အစီအစဉ်တွေ လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ 
Source:CNN
 

Read 69554 times