ဓာတ်ဆီ ဒီဇယ် အင်ဂျင်ကားတွေ ၂၀၃၅ မှာ အရောင်းရပ်ဖို့ ခြွင်းချက်များဖြင့် အီးယူ အတည်ပြု


  ဓာတ်ဆီ ဒီဇယ် အင်ဂျင်ကားတွေ ၂၀၃၅ မှာ အရောင်းရပ်ဖို့ ခြွင်းချက်များဖြင့် အီးယူ အတည်ပြု

 

၂၇ နိုင်ငံပါဝင်တဲ့  ဥရောပသမဂ္ဂက အတွင်းမီးလောင်‌ပေါက်ကွဲအင်ဂျင်ပါဝါ သုံးစွဲသော မော်တော်ယာဥ်များ ဥရောပဈေးကွက်တွင် ရောင်းချမှုကို ၂၀၃၅ ခုနှစ်တွင် အဆုံးသတ်ရန် အစီအစဉ်ကို အတည်ပြုကြောင်း ဗုဒ္ဓဟူးနေ့ (ဇွန် ၂၉)မှာ ကြေညာပါတယ်။ မော်တော်ယာဉ်များမှ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု သုညအထိ လျှော့ချဖို့ အစီအစဉ် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ပထမအကြိမ် အဆိုပြုခဲ့တဲ့ အဆိုပါ ပြဋ္ဌာန်းချက်မှာ အပေါ့စား အိမ်စီးကားများအပြင် လုပ်ငန်းသုံးကားများ အပါအဝင် ဓာတ်ဆီနှင့် ဒီဇယ်ကားများ ရောင်းချခြင်းကို ရပ်တန့်စေပြီး ၂၀၃၅ ခုနှစ်မှစ၍ ဥရောပသမဂ္ဂ European Union (EU) က လျှပ်စစ်မော်တော်ယာဉ်များ အပြီးအစီး ပြောင်းလဲသုံးစွဲရန် ရည်မှန်းချက် ပန်းတိုင် ထားရှိပါတယ်။ အဲဒီအစီအစဉ်က ၂၀၅၀ မှာ သဘာဝပတ်ဝန်းကျင်ထဲသို့ ကာဘွန်ထုတ်လွှတ်မှု ထပ်မတိုးဘဲ သုညအခြေစိုက်နေစေဖို့ဆိုတဲ့ ပန်းတိုင်အတွက် ဖြစ်ပါတယ်။

 နောင်အနာဂတ်မှာ လောင်စာဆီအတုများ synthetic fuels နှင့် ပလပ်ထိုး ဟိုင်းဘရစ်များကို အခြားနည်းပညာများဖြင့် သုံးစွဲခြင်းဖြင့် ကားများကြောင့် ကာဘွန်ထုတ်လွှတ်မှု ထပ်မတိုးရင် အဆိုပါ ကားအမျိုးအစားများ သုံးစွဲခြင်းကို ခွင့်ပြုဖို့အတွက် ခြွင်းချက်ထားပြီး စဉ်းစားပေးဖို့ ၂၇ နိုင်ငံပါဝင်တဲ့  ဥရောပသမဂ္ဂ EU-27 မှ ဂျာမနီနှင့် အီတလီ အပါအဝင် နိုင်ငံအချို့က တောင်းဆိုတာကိုလည်း သဘောတူကြပါတယ်။ 

အဲဒီ အခြားနည်းပညာများကို ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး NGO အဖွဲ့အစည်းများရဲ့ စစ်ဆေးမှုကို ခံယူရမှာ ဖြစ်ပါတယ်။

နောက်ထပ်ခြွင်းချက်တစ်ခုက "Ferrari amendment" Ferrari ပြင်ဆင်ချက်ကို သဘောတူခဲ့ကြပါတယ်။ Lamborghini, Ferrari,  Maserati, Bugatti အစရှိတဲ့ တစ်နှစ်လျှင် ကားစီးရေ ၁၀,၀၀၀ အောက်သာ ထုတ်လုပ်တဲ့ အထူးသီးသန့်  ကားထုတ်လုပ်ရေးလုပ်ငန်းများက ကာဘွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်တဲ့ ကားများကို ၂၀၃၅ နှစ်ကုန်အထိ ဆက်လက် ထုတ်လုပ်ဖို့ ခွင့်ပြုထားရန် သဘောတူညီကြပါတယ်။ 

ဥရောပ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍက လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြပါတယ်။ 

Volkswagen Group ၊ Mercedes-Benz အစရှိတဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများက ၂၀၃၅ မှာ အီးဗီသို့ လုံးလုံးလျားလျား ကူးပြောင်းပြီးသားဖြစ်ဖို့ သဘောတူညီကြောင်း၊ ၎င်းတို့အနေဖြင့် အီးဗီသို့ ကူးပြောင်းရောက်ရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ကြေညာခဲ့ကြပါတယ်။

#MyanmarAutomobileGuide

 Telegram Channel

https://t.me/Guid4U

Read 11354 times