စင်ကာပူတွင် စက်သုံးဆီ လက်လီရောင်းဈေး တစ်လီတာ S$3  အောက်သို့ ကျဆင်း


စင်ကာပူတွင် စက်သုံးဆီ လက်လီရောင်းဈေး တစ်လီတာ S$3  အောက်သို့ ကျဆင်း


စင်ကာပူမှာ မတ်လ ၁၇ ရက် ကြာသပတေးနေ့ နံနက်မှာ အမေရိကန်မှ ရေနံလုပ်ငန်းကြီး Esso ရဲ့ လက်လီအရောင်းဆိုင်များမှာ ဓာတ်ဆီဈေးနှုန်း တစ်လီတာ ၃ စင်ကာပူဒေါ်လာ (S$3)အောက်သို့ လျှော့ချ ခဲ့ပါတယ်။
ရေနံစိမ်းဈေး ပြန်ကျဆင်းနေတာကြောင့် Esso က ဓာတ်ဆီ ၁ လီတာ ရောင်းဈေးကို ၁၀ စင့် လျှော့ချလိုက်တာဖြစ်ပြီး 92-octane ဓာတ်ဆီ ၁ လီတာကို S$2.95 ဖြင့် လည်းကောင်း၊ 98-octane ဓာတ်ဆီ ၁ လီတာကို S$2.99 ဖြင့်လည်းကောင်း ရောင်းချပါတယ်။
တစ်ပတ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် S$3 အောက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
မွန်းလွဲပိုင်းမှာ Shell နှင့်  Caltex တို့ကလည်း Esso နည်းတူ ဓာတ်ဆီလက်လီရောင်းဈေးနှုန်းမှာ တစ်လီတာကို ၁၀ စင့် လျှော့ချပေးခဲ့ပါတယ်။ ဒီဇယ်ဆီကို ၁၅ စင့် လျှော့ချပေးပါတယ်။ ကျန်တဲ့ စက်သုံးဆီ လက်လီ‌အရောင်းဆိုင်လုပ်ငန်း SPC နှင့် Sinopec တို့က ညနေ ၆ နာရီအထိ ယခင်ဈေးနှုန်းများဖြင့်သာ ဆက်လက်ရောင်းချနေဆဲ ဖြစ်ပါတယ်လို့ straitstimes.com ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
Brent ရေနံစိမ်း စံဈေးနှုန်း တစ်စည် အမေရိကန်ဒေါ်လာ ၁၀၀ အောက် နှစ်ရက်ဆက်တိုက် ရောက်ရှိနေပြီး ရေနံအရောင်းအဝယ် လေ့လာစောင့်ကြည့်သူတို့က များများစားစား ဈေးကျဖွယ် မရှိဘူးလို့ သုံးသပ်ကြပါတယ်။ ‌လတ်တ‌ေလာမှာ အမေရိကန်ဒေါ်လာ ၁၀၀ ပတ်လည်မှာ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

Read 418 times