မီးလောင်နစ်မြှုပ် သင်္ဘောပေါ်မှကားများ အစားထိုး ထုတ်လုပ်ပေးမည်
၂၀၂၂ ဖေဖော်ဝါရီလ ၁၆ ရက်မှာ မီးလောင်ခဲ့ပြီး မတ်လ ၂ ရက်မှာ နှစ်မြှုပ်ခဲ့တဲ့ Felicity Ace ကားသင်္ဘောပေါ်မှ ကားများကို မှာကြားထားတဲ့ ကားပိုင်ရှင်တွေကို ကားအစားပြန်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာထဲ ကားသင်္ဘောမီးလောင်နစ်မြှုပ်ခဲ့ရာမှာ သင်္ဘောပေါ်မှာပါတဲ့ ကားစီးရေ ၄,၀၀၀ ခန့် ဆုံးရှုံးခဲ့ပါတယ်။ ကားတွေအားလုံး Volkswagen Group မှ brand များ ဖြစ်ပြီး ကားအများစုက ပရီမီယံ တန်းမြင့်ကားများဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံမှ မှာကြားထားသူများထံ ပေးပို့ဖို့ ဂျာမနီမှ အမေရိကန်သို့ သွားတဲ့ ခရီးစဉ်မှာ ကားသင်္ဘော Felicity Ace မီးလောင်နစ်မြှုပ်ခဲ့တာ ဖြစ်ပါတယ်
Volkswagen Group က အစားထိုး ထပ်မံ ထုတ်လုပ်ပေးနိုင်ခြင်း ရှိမရှိကို ဆန်းစစ်ခဲ့ပြီး ယခုအခါ ပရီမီယံ brand အသီးသီးရဲ့ စီအီးအို အသီးသီးက အစားထိုး ထုတ်လုပ်ပေးနိုင်ကြောင်း အဖြေပေးခဲ့ပါတယ်။
ထုတ်လုပ်မှု အပြီးအပြတ်မရပ်ဆိုင်းခင် နောက်ဆုံးအသုတ်အဖြစ်ထုတ်လုပ်တဲ့ Lamborghini မော်ဒယ် Aventador Ultimae တွေလည်း ပါဝင်ပါတယ်။
Automobili Lamborghini ရဲ့ စီအီးအို Stephan Winkelmann က အမေရိကန်နှင့် ယူကေမှ သတင်းမီဒီယာများအတွက် ကျင်းပတဲ့ အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တန် လက်ဖြင့်တပ်ဆင် ထုတ်လုပ်ထားတဲ့ Aventador Ultimae edition ကို ထပ်ထုတ်ပေးဖို့ ဖြစ်နိုင်ပါကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
"အဲဒီကားတွေက Aventado ထုတ်လုပ်မှု အပြီးပြတ် ရပ်ဆိုင်းတာမှာ နောက်ဆုံးအသုတ် ထုတ်လုပ်ခဲ့တဲ့ ကားတွေပါ။ သင်္ဘောပေါ်မှာ ၁၅ စီး ပါသွားတယ်" လို့ Winkelmann က ပြောကြားပါတယ်။
"ကျွန်တော်တို့ အစည်းအဝေး ထိုင်ခဲ့ကြတယ်။ ကံကောင်းတာက အဲဒီကားတွေ အစားထိုးပေးဖို့ ကျွန်တော်တို့ ကားထပ်ထုတ်ပေးလို့ရတယ်။ သင်္ဘောနစ်တဲ့အထဲ ကားတွေပါသွားလို့ အမေရိကန်မှ မှာကြားသူတွေ ကားမရတော့တဲ့ ဆုံးရှုံးမှု မဖြစ်တော့ဘူး။ သတင်းကောင်းပါ။ ကျန်တဲ့ Lamborghini မော်ဒယ်တွေကို ကျွန်တော်တို့ အစားထိုး ထုတ်ပေးလို့ရတယ်။ Aventador က နောက်ဆုံးအသုတ် ထုတ်တဲ့ဟာ ဖြစ်နေလို့ အခက်အခဲတော့ ရှိနေပေမဲ့ ကျွန်တော်တို့ ထပ်ထုတ်ပေးမှာပါ" လို့ သူက ပြောကြားပါတယ်။
Felicity Ace နစ်မြှုပ်ခဲ့ပြီး နှစ်ပတ်အကြာမှာ သင်္ဘောပေါ်ပါသွားတဲ့ ကားစာရင်း အသေးစိတ်ကို သိကြရပါတယ်။ ယခင်သတင်းအချက်အလက်များအရ သင်္ဘောပေါ်မှာ Lamborghini ၈၅ စီး ပါကြောင်း သိကြရပါတယ်။ အများစုက Urus SUV မော်ဒယ် Lamborghini များ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ ပရီမီယံ brand ဖြစ်တဲ့ Bentley များလည်း ပါဝင်ပါတယ်။ Bentley ရဲ့ စီအီးအို Adrian Hallmark က သင်္ဘောပေါ်မှာ Bentley ၁၈၉ စီး ပါကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ တစ်ဝက်နီးပါးကို ချက်ချင်း အစားထိုး ပေးပို့မှာဖြစ်ပြီး ကျန်တဲ့စီးရေကို ၆ လအတွင်း ပို့ပေးမယ်လို့ ကတိပေးပါတယ်။
"အစီး ၁၀၀ ကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ကျွန်တော်တို့ ဖြေရှင်းနည်းတွေ တွေ့ထားပြီးပါပြီ။ ကျန်တဲ့ဟာတွေကို ခြောက်လအတွင်း လုပ်ပေးပါမယ်" လို့ သူက ကတိပေးပါတယ်။
Felicity Aces ပေါ်မှာ Audi စီးရေ ၁,၈၀၀ ခန့် ပါကြောင်း Audi ရဲ့ စီအီးအို Markus Duesmann က အတည်ပြုပေးပါတယ်။ အကုန်လုံး အစားထိုးပေးဖို့ သိပ်မခက်သော်လည်း အချိန်တော့ ယူရမယ်လို့ သူက ပြောကြားပါတယ်။