သင့်ကား အဆွဲအရုန်းမကောင်းစေခြင်းရဲ့ တရား


လေတံခါး (Throttle Body) ချို့ယွင်းမှု ရောဂါလက္ခဏာများ 

ကားတစီး အဆွဲအရုန်းမကောင်းစေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။

အဲ့ဒီထဲကမှ လေတံခါး (Throttle Body) နဲ့ လေတံခါးဆင်ဆာ (Throttle Position Sensor -TPS) မကောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကားရောဂါများကို ဗဟုသုတအနေနဲ့ တင်ပြပေးပါမယ်။

Throttle Body (လေတံခါး)

လေတံခါး ဆိုတာက အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုအင်ဂျင် (Internal Combustion Engine) တွေ မီးလောင်ပေါက်ကွဲဖို့ လိုအပ်တဲ့ လေကို ထည့်သွင်းပေးရတဲ့ Intake System မှာ အဓိက တာဝန်ထမ်းဆောင်နေတဲ့အရာ ဖြစ်ပါတယ်။

Throttle Body (လေတံခါး) ကို ယေဘူယျအားဖြင့် အင်တိတ်မီနီဖိုး (Intake Manifold) နဲ့ လေစစ်ဘူး (Air Filter) တို့ ကြားထဲမှာ တပ်ဆင်ထားပြီး ကားမောင်းသူရဲ့ လီဘာနင်းမှုအပေါ် မူတည်ပြီး အင်ဂျင်ထဲကို မီးလောင်ပေါက်ကွဲဖို့ လေအနည်းအများ ဘယ်လောက်ပမာဏသွင်းမယ် ဆိုတာကို သူ့မှာပါဝင်တဲ့ Butterfly Valve တွေကို Regulate လုပ်ပေးခြင်းဖြင့် ထိန်းချုပ်ပေးပါတယ်။ ဒါက Throttle Body (လေတံခါး) ရဲ့ အဓိက တာဝန်ထမ်းဆောင်နေတဲ့ ပုံစံပါ။ ဒီလို တာဝန်ထမ်းဆောင်နေတဲ့ လေတံခါးက လေမသန့်လို့ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့် Throttle Body (လေတံခါး)ဟာ ကြေးတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ ပိတ်ဆို့သွားမယ်ဆိုရင် သူတာဝန်ထမ်းဆောင်ရတဲ့ တာဝန်ဖြစ်တဲ့ လေအနည်းအများပမာဏ ထည့်သွင်းခြင်းကို အတိအကျ မလုပ်ဆောင်နိုင်တော့ဘဲ အညစ်အကြေးပိတ်ဆို့မှု အနည်းအများပမာဏအပေါ် မူတည်ပြီး သင့်ကားမှာ အောက်ပါရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါမယ်။


၁။ စက်နှိုးရကြာမယ်၊ စက်နှိုးရာမှာ ပုံမှန်ထက် ကရိုင်းရှပ်လည်ပတ်ရနှုန်းတွေ ပိုများလာမယ်။


၂။ အင်ဂျင်အနှေးလည်ပတ်မှု အခြေအနေ (Idle Speed) မတည်မငြိမ် ဖြစ်မယ်၊ အင်ဂျင်အနှေးလည်ပတ်နေတဲ့အချိန်မှာ ပုံမှန်မဖြစ်ဘဲ အတက်အကျ မတည်မငြိမ် ဖြစ်ပေါ်မယ်။


၃။ အင်ဂျင်အနှေးလည်ပတ်နေတဲ့ အခြေအနေမှာ လေတံခါးအတွင်း ပိတ်ဆို့နေတဲ့ ကြေးတွေကြောင့် အဖွင့်အပိတ်မမှန်ဖြစ်ပြီး လေယိုစိမ့်မှုဖြစ်ကာ စက်သေသွားမယ်၊ ဒါမှမဟုတ် Slow Speed ဖြစ်သွားပါမယ်။


၄။ အင်ဂျင်တုံ့ဆိုင်းဆိုင်းဖြစ်မယ်၊ ဥပမာအားဖြင့် ကားမောင်းနေရင်း အကြောင်းတခုခုကြောင့် လီဘာကို လျော့လိုက်တယ်ဆို စက်က တုံ့ဆိုင်းဆိုင်းဖြစ်သွားပြီး စက်သေချင်သလိုလို ဖြစ်တာမျိုး၊ မီးပွိုင့်မိလို့ စက်ရှိန်လျှော့လိုက်တာနဲ့ စက်သေသွားတာမျိုးတွေ ဖြစ်လာပါမယ်။  ဒီလိုဖြစ်လာပြီဆိုရင် Throttle Body (လေတံခါး) ကို ဖြုတ်ပြီး လေတံခါးထဲက အညစ်အကြေးတွေ၊ ဂျိုးတွေကို ဆေးကြောသန့်စင်ဖို့ လိုနေပါပြီ။ လေတံခါးသန့်ရှင်းတဲ့ဆေးရည်တွေနဲ့ ဆေးကြောနိုင်သလို၊ အများအားဖြင့် ဓာတ်ဆီနဲ့လည်း ဆေးကြောနေတာ တွေ့ရပါတယ်။

TPS (Throttle Position Sensor)

လေတံခါးဆန်ဆာ ဆိုတာက ကားမှာရှိတဲ့ လေတံခါးရဲ့ အလုပ်လုပ်ပုံတွေကို ကူညီထိန်းချုပ်လုပ်ဆောင်ပေးတဲ့ အရာပါ။ ယေဘုယျအားဖြင့်တော့ လေတံခါးထဲမှာ ရှိတဲ့ Butterfly Valve တွေရဲ့ အပိတ်အဖွင့်နဲ့ တည်နေပုံတွေကို အာရုံခံပေးပြီး ထိန်းချုပ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မော်ဒယ်မြင့်ကားတွေမှာတော့ ECU (Engine Control Unit) ကနေပြီး အာရုံခံစနစ်တွေ၊ သတင်းပို့စနစ်တွေကို အသုံးပြုကာ (ETC-Electronic Throttle Control) စနစ်တွေအဖြစ် လုပ်ဆောင်ပေးပါတယ်။ တခြားလုပ်ဆောင်ချက်အနေနဲ့ကတော့ လေတံခါးဆန်ဆာတွေနဲ့ Automatic Transmission လို့ ခေါ်တဲ့ အော်တိုဂီယာစနစ်တွေ တွဲဖက်လုပ်ဆောင်ပြီး ဂီယာပြောင်းလဲမှုဖြစ်စဉ်တွေကို ထိန်းချုပ်လုပ်ဆောင်ခြင်းပါပဲ။ ဒီလိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနေတဲ့ ဆန်ဆာတွေ ချို့ယွင်းပျက်စီးမယ်ဆိုရင် သင့်ကားမှာ အောက်ပါရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါမယ်။


၁ ။ ကားအရှိန်တက်မှု နှေးကွေးမယ်

ပုံမှန်အားဖြင့် ကားတွေမှာ ကားလီဘာနဲ့ ကားရဲ့အရှိန်ဟာ တိုက်ရိုက်ဆက်သွယ်နေပါတယ်၊ လေတံခါးဆန်ဆာတွေ ကြောင်လာမယ်ဆိုရင်တော့ သင် လီဘာနင်းရင် နင်းသလောက် ကားအရှိန်မြင့်တက်လာမှာ မဟုတ်တော့ပါဘူး။ သင် လီဘာကို နင်းလိုက်တဲ့အရှိန်နဲ့ ကားရဲ့အရှိန်မြင့်တက်လာမှု ကွာဟာနေမယ်ဆိုရင်တော့ သင့်ကားရဲ့ လေတံခါးဆန်ဆာတွေ ကြောင်နေပါပြီ။ အထူးသဖြင့် ကားအရှိန်တက်လာပြီးမှ ရုတ်တရက် တုံ့ဆိုင်းဆိုင်းဖြစ်သွားတာမျိုးပါ။

၂။ ခဏခဏ စက်သေသေသွားခြင်း

အခြား လေတံခါးဆန်ဆာမကောင်းခြင်းကြောင့် ဖြစ်စေတဲ့ ထင်ရှားတဲ့ ရောဂါလက္ခဏာကတော့ အင်ဂျင်စက်နှိုးကြည့်ထားချိန်နဲ့ မောင်းနှင်နေတဲ့အချိန် နှစ်ခုလုံးမှာ ခဏခဏ စက်သေသွားခြင်းပါ။ အင်ဂျင်စက် သေသေသွားရခြင်းတဲ့ ရောဂါတွေ အများကြီးရှိတဲ့အထဲကမှ ပုံမှန် စက်ခဏခဏသေသွားတတ်ခြင်းက လေတံခါးရောဂါဖြစ်တတ်ပါတယ် ဆိုပြီး ပညာရှင်တွေက သတ်မှတ်ထားပါတယ်။


၃။ အရှိန် အလိုလိုမြန်လာခြင်း

လီဘာကို အရှိန်တခုရအောင် ပုံမှန် နင်းထားရာကနေ ကားအရှိန်တွေက ပုံမှန်မဟုတ်ဘဲ အလိုလိုမြန်လာမယ်၊ တိုးပြီး တက်လာမယ်ဆိုရင်လည်း အဲ့ဒါ လေတံခါးဆန်ဆာကြောင့် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာရပ်ပါပဲ။

၄။ ဂီယာအပြောင်းအကူးပြဿနာ

TPS (Throttle Position Sensor) တွေက လီဘာဘယ်လောက်နင်းတယ် ဆိုတာကို တိတိကျကျ သတင်းမပို့နိုင်ရင် သင့်အရှိန်အနိမ့်အမြင့်ကို အင်ဂျင်ထိန်းချုပ်စနစ်က သေချာမသိဘဲ  ဂီယာအကူးအပြောင်းဆိုတဲ့ပြဿနာဖြစ်လာနိုင်ပါတယ်။Engine check မီးလင်း လာတာဟာ အင်ဂျင်ချက်မီးလင်းရတဲ့အကြောင်းများစွာထဲကမှအပေါ်ကဖြစ်တဲ့လက္ခဏာရပ်တွေလည်းဖြစ်ပါတယ်။

၅။Engine check မီးလင်းလာမယ်ဆိုရင်တော့အဲ့ဒီTPS ကြောင့်ဖြစ်ရတဲ့ရောဂါပါပဲ။

ဒီလိုမျိုးဖြစ်ရပ်တွေပေါ်လာပြီဆိုရင်တော့(On Board Diagnosis)OBD2 များဖြင့်ပြစ်ချက်ရှာစစ်ဆေးပြီးစနစ်တကျပြုပြင်သင့်ပါတယ်။

Source:Taxibook

 


 

Read 2018 times