အင်ဂျင် ပါဝါနဲ့ အင်ဂျင် အရွယ် မှားယွင်း နားလည်မှု


ကားလောကမှာ အတော်လေး အသုံးများကြပါတယ်။ ၁၃၀၀ စီစီ ရှိတယ်။

၁.၃ ရှိတယ် ဆိုပြီး ပြောနေ ကြပြီး အဲဒါကို အင်ဂျင်ပါဝါ လို့ မှားယွင်း ခေါ်ဝေါ် ကြပါတယ်။ လူတိုင်းက အင်ဂျင်ပါဝါလို့ ပြောတော့ ကျနော်တို့လည်း လိုက်ပြီး ပါဝါ ပေးကြရ ပါတယ်။ ကိုယ်က တစ်မျိုး ချွန်ထွက် ပြောနေရင် သူဘာ ပြောနေတာလည်းလို့ ဖြစ် တတ် ပါတယ်။ ယခု အဲဒါကို နိုင်ငံတကာ ခေါ်ဝေါ်မှု နည်း ကျကျ ရှင်းပြပါမယ်။ လူတိုင်း သိတတ် နားလည် နိုင်စေဖို့ ဖြစ်ပါတယ်။ 


အင်ဂျင်ပါဝါ ဆိုတာ… အမှန်တော့ Engine Power ဆိုတာ အင်ဂျင် စွမ်းအင်ကို ပြောတာပါ။ cc တို့ လီတာတို့နဲ့ ဘာဆိုဘာမှကို မဆိုင်ပါဘူး။ အဲဒါကို မသိတော့ “ဒီကားက အင်ဂျင်ပါဝါ ၁၃၀၀ ရှိတာ။ အဲ့ကားက ၁.၃ ရှိတာ အစရှိသဖြင့် ပြောမိကြ ပါတယ်။ အမှန်တော့ ပါဝါဆိုရင် သူ့ရဲ့ စွမ်းအင်ကို ပြောတာပါ။ ဥပမာ ဒီမီးသီးရဲ့ ပါဝါက ဘယ်လောက် ရှိလဲလို့ မေးရင် မီးသီးပါဝါ ၁ ကီလိုဝပ် ရှိတယ်လို့ ဖြေချင်ဖြေမယ်။ ဒီမီးစက် ပါဝါ ဘယ်လောက် ထုတ်နိုင်လဲ လို့မေးရင် ၁၀၀ ကီလိုဝပ်နာရီ လို့ဖြေချင် ဖြေမယ်။ ဟုတ်ကဲ့။ ကားမှာဆိုရင် လောင်စာဆီ သုံးတဲ့ကားမှာ အင်ဂျင်ပါဝါ ဘယ်လောက်လဲ မေးရင် မြင်းကောင်ရေကို ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒီကား ပါဝါဘယ်လောက် ရှိလည်းလို့ မေးရင် မြင်းကောင်ရေအား ၅၀၀ ရှိတယ်။ 500 hp ရှိတယ် အစရှိသဖြင့်ပေါ့။ Bhp လည်းရှိပါတယ်။ 


လျှပ်စစ်ကားဆိုရင် မြင်းကောင်ရေအစား ကီလိုဝပ်ကိုလည်း ထည့်သုံး တတ်ပါသေးတယ်။ ဟိုင်းဘရစ် ကားမှာဆိုရင် ဟိုင်းဘရစ် ဘက်ထရီ ကီလိုဝပ် ဘယ်လောက်ရှိတယ် ဆိုပြီး ဖော်ပြတယ်လေ။ ဒါဆိုရင် အင်ဂျင်ပါဝါ အကြောင်း အကြမ်းဖျင်း သိပြီပေါ့။ ဒါဆိုရင် စီစီ တို့ ပွိုင့်တို့ အကြောင်းကို သိဖို့ လိုအပ် ပါသေးတယ်။ ၁.၃ လီတာလား၊ ၁၃၀၀ စီစီလား အင်ဂျင်အရွယ်အစား cc တွေ ပွိုင့်တွေ ဆိုတာက အမှန်တော့ အရွယ်အစားကို ညွှန်းတာ ဖြစ်ပါတယ်။ cc က cubic centimeter ဖြစ်ပြီး liter ကတော့ လူတိုင်း သိတယ် လီတာပေ့ါ။ ပွိုင့် ၃ ဆိုတာ အင်္ဂလိပ်လို ခပ်ရှင်းရှင်း သိရင် ဝ.၃ လေ။ သို့ပေမယ့် တို့မြန်မာတွေ ညွှန်းတာက ၁.၃ ဖြစ်ပါတယ်။ ပွိုင့် ၅ ဆိုရင် ၁၅၀၀၊ အစရှိသဖြင့် ဖြစ်ပါတယ်။


ဒီလိုနဲ့ မြန်မာ့ ကားလောကမှာ အလွယ်ခေါ် စကားတွေ များသထက် များလာ ရာကနေ မူရင်း အခေါ် အသုံးအနှုန်းတွေ ပျောက်ကုန် ပါတယ်။ ၁၃၀၀ စီစီနဲ့ ၁.၃ လီတာက အတူတူပါပဲ။ အနောက်က ယူနစ်တွေ ကွဲသွားလို့ ဂဏန်း အပြောင်းလဲ ဖြစ်တာပါ။ ဥပမာ ၁၂ လက်မ ဆိုရင် ၁ ပေရှိတာမျိုးလေ။ ၁ လီတာမှာ ၁၀၀၀ စီစီ ရှိတယ်။ ဖော်မြူလာ ရေးပြ မနေတော့ဘူး။ ကားရှေ့မှာ ဖော်မြူလာနဲ့ သွားထိုင် တွက်နေမှာမှ မဟုတ်တာ။ အရွယ်အစား (Displacement) ဖြစ်ပြီး အင်ဂျင်မှာပါတဲ့ ဆလင်ဒါ လေးလုံးဆိုလည်း လေးလုံး၊ ၆ လုံးဆိုလည်း ၆ လုံး အားလုံးရဲ့ ထုထည်ပေါင်းပဲ ဖြစ်ပါတယ်။ 


သီအိုရီ ဆန်ဆန် ပြောရရင် ဒီထက် နက်နဲပါတယ်။ သို့ပေမယ့် ဆလင်ဒါ အားလုံးပေါင်း ထုထည်လို့ မှတ်ထားရင် ရပါတယ်။ အင်ဂျင်ပါဝါနှင့် အရွယ်အစား မှားခေါ်ရခြင်း အင်ဂျင်ရဲ့ အရွယ်အစား ကြီးလေလေ ထုတ်နိုင်တဲ့ ပါဝါ များလေလေ ပါပဲ။ တိုက်ရိုက် အချိုးကျတယ် ဆိုပါတော့။ ဒီတော့ မင်းရဲ့ ကား အင်ဂျင်ပါဝါ ဘယ်လောက် ရှိလဲလို့ မေးရင် ၅၀၀၀ စီစီ အင်ဂျင်နော် လို့ ဖြေတာ ထက် မြင်းကောင်ရေအား ဘယ်လောက် ရှိတယ် ဆိုတာက ပိုမှန် ပါလိမ့်မယ်။ တစ်ခါ တစ်လေ ကျရင် ပါဝါနဲ့ အရွယ်အစားက အချိုးကျမှု မတူ ပါဘူး။ အကယ်၍ တာဘိုချာဂျာ ပါရင် အင်ဂျင် သေးလည်း ပါဝါ ကြီးတာမျိုး ရှိပါတယ်။ ဒါကို သိထားဖို့ လိုအပ် ပါတယ်။ ဒါမှ ကိုယ့်က ကားဝယ်တဲ့ အခါ အညာမခံရမှာ ဖြစ်ပါတယ်။ 


ဒီလောက်ဆို နားလည် ပြီလို့ မျော်လင့်ပါတယ်။ ရေးရင်ရေးသလောက် ရှည်နိုင်မယ့် နည်းပညာ အကြောင်းမို့ ဒီလောက်နဲ့ပဲ နိဂုံး ချုပ်လိုက်ပါတယ်။

 

Read 3097 times