ဘယ်အင်ဂျင်ဝိုင်မျိုးကို ရွေးသင့်သလဲ


ဘယ်အင်ဂျင်ဝိုင်မျိုးကို ရွေးသင့်သလဲ

 

ဘယ်အင်ဂျင်ဝိုင်မျိုးကို ရွေးသင့်သလဲဆိုတာ သိဖို့ အင်ဂျင်ဝိုင်ကို ဘယ်လို ထုတ်လုပ်ထားသလဲ သိထားဖို့ လိုပါတယ်။ 
အင်ဂျင်ဝိုင်မှာ အဓိကအားဖြင့် ပစ္စည်း နှစ်မျိုးပါတယ်။ တစ်မျိုးက ဆီ၊ တစ်မျိုးက အဖြည့်ပစ္စည်း။ အဲဒီ ပစ္စည်းနှစ်မျိုး ပေါင်းစည်းပြီး အင်ဂျင်ဝိုင်ကို ထုတ်လုပ်ထားပါတယ်။ ကော်ဖီကို ပုံပမာပြုပြီး စဉ်းစားကြည့်မယ်ဆိုရင် အခြေခံဖြစ်တဲ့ ဆီက ရေနဲ့ တူပါတယ်။ အဖြည့်ပစ္စည်းက ကော်ဖီမှုန့်နဲ့ တူပါတယ်။ နှစ်မျိုးရောစပ်ရင် သောက်စရာ ကော်ဖီရပါတယ်။ အလားတူပင် ဆီထဲ အဖြည့်ပစ္စည်း ထည့်ရောပေးလိုက်တော့ အင်ဂျင်ဝိုင်ကို ရရှိပါတယ်။ 
ကော်ဖီတစ်ခွက်မှာ ကော်ဖီက တစ်ဇွန်းနှစ်ဇွန်းပါ ပါတာပါ။ ရေက တစ်ခွက်လုံးနီးပါး ပါဝင်ပါတယ်။ အလားတူပင် အင်ဂျင်ဝိုင်မှာလည်း ဆီက အများစု ပါဝင်ပါတယ်။ 

အခြေခံ ဆီကို ရေနံထွက်ပစ္စည်းသက်သက်ဖြင့်လည်း ထုတ်လုပ်တယ်။ ဓာတုပစ္စည်းများဖြင့်လည်း ထုတ်လုပ်ပါတယ်။ ရေနံထွက်ပစ္စည်းနှင့် ဓာတုပစ္စည်း နှစ်မျိုးရောစပ်ပြီးတော့လည်း ထုတ်လုပ်ပါတယ်။ 

သမားရိုးကျ နည်းလမ်းကတော့ ရေနံကို အခြေခံဆီ ဖြစ်လာအောင် ချက်လုပ်သန့်စင်ပါတယ်။ ရာနှုန်းပြည့် သန့်စင်ရင် ကုန်ကျစရိတ် လွန်စွာကြီးမားလို့ အင်ဂျင်ဝိုင်ကို ဝယ်သုံးနိုင်ကြတော့မှာ မဟုတ်ဘူး။ ဆာလဖာ၊ နိုက်တြိုဂျင်၊ အောက်ဆီဂျင်၊ နီကယ်လို သတ္တု စတာတွေ ကြွင်းကျန်ပါတယ်။ မော်လီကျူးအဆင့်ဖြင့် ကြည့်လျှင် ဆီဖြစ်ဖို့ မော်လီကျူးများအပြင် မသက်ဆိုင်တဲ့ မော်လီကျူးတွေလည်း ရောနှောပါဝင်နေပါတယ်။ 

 


ဓာတုနည်းလမ်းဖြင့် ထုတ်လုပ်တဲ့ အခြေခံဆီမှာတော့ ဆီဖြစ်ဖို့ မော်လီကျူးတွေပဲ ပါဝင်ပါတယ်။ ဒီတော့ ချောဆီအဖြစ် အင်ဂျင်ဝိုင်ကို သုံးတဲ့အခါ ရေနံထွက်ပစ္စည်း အင်ဂျင်ဝိုင်ထက် သာပါတယ်။  full synthetic အင်ဂျင်ဝိုင်လို့ ခေါ်ဝေါ်ကြပါတယ်။ 

 

ဓာတုနည်းလမ်းဖြင့် ထုတ်လုပ်တဲ့အခါ ကုန်ကျစရိတ်က ရေနံဖြင့် ထုတ်လုပ်တာထက် ပိုများတယ်၊ ဒီတော့ ရေနံဖြင့် ထုတ်လုပ်တဲ့ အခြေခံဆီ synthetics နဲ့ ဓာတုနည်းဖြင့် ထုတ်လုပ်တဲ့ အခြေခံဆီ petroleum  နှစ်မျိုးရောစပ်ပြီး synthetic blend အင်ဂျင်ဝိုင်ကို ဈေးကွက်မှာ ရောင်းချပေးကြပါတယ်။ semi-synthetic လို့ ခေါ်ဝေါ်ကြပါတယ်။ 

ဈေးကွက်ထဲမှာ full synthetic အင်ဂျင်ဝိုင်ကိုလည်း ရောင်းချကြပါတယ်။

ရေနံထွက် အင်ဂျင်ဝိုင်ကိုလည်း ရောင်းချပေးကြပါတယ်။ 

semi-synthetic အင်ဂျင်ဝိုင်ကိုလည်း ရောင်းချပေးကြပါတယ်။ 

နောက်ထပ် စပ်ကြား အင်ဂျင်ဝိုင်တစ်မျိုးက Synthetic technology အင်ဂျင်ဝိုင် ဖြစ်ပါတယ်။ ရေနံကို ချက်လုပ်သန့်စင်တဲ့အခါ ဓာတုနည်းလမ်းအချို့ကို ထည့်သုံးပါတယ်။ ရေနံကို သုံးထားပေမဲ့ ဓာတုနည်းလမ်းဖြင့် ထုတ်လုပ်ထားသကဲ့သို့ ဖြစ်နေပါတယ်။ 

ဘယ်အင်ဂျင်ဝိုင်မျိုးကို ရွေးသင့်သလဲဆိုတဲ့ မေးခွန်းအတွက် အဖြေက ဈေးသက်သာတာကို သုံးမည် ဆိုလျှင် ဈေးနှုန်းအရ သက်သာတာကို ရွေးချယ်သုံးစွဲရမှာ ဖြစ်ပါတယ်။ အရည်အသွေးအရ ရွေးချယ်ရင်တော့ full Synthetic  ကို ရွေးချည်ရမှာ ဖြစ်ပါတယ်။  

Read 382 times