အင်ဂျင်ဝိုင် တိုင်းတာစစ်ဆေးပါ


အင်ဂျင်ဝိုင် တိုင်းတာစစ်ဆေးပါ

 

အင်ဂျင် ပွန်းစားပျက်စီးတာ လျော့နည်းစေဖို့၊ အပူဒဏ်ထိတာ လျော့နည်းစေဖို့၊ ပွတ်တိုက်ပွန်းစားလို့ အမှုန်းအမွှားတွေ ထွက်ကျနေတာ သန့်ရှင်းပေးဖို့ အင်ဂျင်ဝိုင်တွေ အင်ဂျင်ထဲမှာ လှည့်ပတ်စီးဆင်းနေကြတယ်။ 
လိုအပ်တဲ့ ပမာဏ အစဉ်အမြဲ ရှိဖို့ ဂရုစိုက်ကြရတယ်။ ကားထဲမှာ အင်ဂျင်ဝိုင်နည်းနေပြီလားဆိုတာ အလွယ်တကူတိုင်းတာနိုင်အောင် စီစဉ်ပေးထားတယ်။ 
အနည်းဆုံး တစ်ပတ်တစ်ကြိမ် အင်ဂျင်ဝိုင် တိုင်းတာ စစ်ဆေးသင့်ပါတယ်။

အင်ဂျင်ဝိုင် တိုင်းမယ်ဆိုရင် ကားကို ရေပြင်ညီမှာ ရပ်ထားပါ။
စက်သတ်ထားတာ အနည်းဆုံး ၅ မိနစ်အထက် ကြာမြင့်ပြီးသား ဖြစ်ရပါမယ်။
အဝတ်စုတ်အပိုင်းအစ သန့်သန့်ကို ဆောင်ထားပါ။
အင်ဂျင်ဝိုင် တိုင်းဖို့ လွယ်ကူစေရန် တိုင်းတံကို အဆင့်သင့် တိုင်းတာရမယ့် နေရာမှာ ထားပေးထားပါတယ်။
တိုင်းတံကို ဆွဲနုတ်ယူပြီး ပေကျံနေတဲ့ ဆီတွေကို အဝတ်စုတ်အပိုင်းအစ သန့်သန့်ဖြင့် သုတ်သင်လိုက်ပါ။
တိုင်းတံကို တိုင်းတံထားပေးထားတဲ့ အပေါက်ထဲ ပြန်ထိုးထည့်ပါ။
ပြီးလျှင် ပြန်ဆွဲထုတ်ပြီး အတံဖျား ဆီပေကျံနေတာကို ကြည့်ရှုစစ်ဆေးပါ။
FULL  အမှတ်အသားအထိ ပေကျံနေလျှင် ဆီဖြည့်ပေးဖို့ မလိုပါ။
ADD အမှတ်အသားရဲ့ အောက်မှာ ရောက်နေလျှင် ဆီဖြည့်ထည့်ပါ။
FULL  အမှတ်အသားထက် ကျော်လွန်အောင် မဖြည့်ထည့်ပါနှင့်။
တိုင်းတံတွေမှာ အမှတ်အသား ဖော်ပြပုံတွေ မူကွဲတွေ ရှိပါတယ်။ F နှင့် L တို့ဖြင့် အတိုကောက် ဖော်ပြတာမျိုး ရှိပါတယ်။ 
F  ဆိုရင် FULL   အပြည့်ကို ဆိုလိုပါတယ်။ 
L ဆိုရင် LOW နည်းနေပြီလို့ ဆိုလိုပါတယ်။အင်ဂျင်ဝိုင် ထပ်ဖြည့်ထည့်ပေးရမှာ ဖြစ်ပါတယ်။ 
ဘာစာမှ မရေးဘဲ အမှတ်အသား အရာ နှစ်ခု ဖော်ပြထားတာမျိုးလည်း ရှိပါတယ်။ 
အပေါ်အမှတ်က FULL  ဖြစ်ပြီး အောက်အမှတ်က ADD  ဖြစ်ပါတယ်။
ဆီရေချိန်က  FULL   နှင့်  ADD   ကြားမှာ ရှိနေရင် အင်ဂျင်ဝိုင် မဖြည့်သေးဘဲ နေလို့ ရပါတယ်။ 

 

အင်ဂျင်ဝိုင် တိုင်းတဲ့အခါ အနည်းအများ တိုင်းတာတဲ့အပြင် တိုင်းတံမှာ ပေကျံနေတဲ့ ဆီရဲ့ အရောင်အသွေးကိုလည်း ဆန်းစစ်ကြရပါတယ်။ အပျစ်အကြဲကိုလည်း ဆန်းစစ် ကြပါတယ်။ ဆီက ကြည်နေရင် အိုကေပါတယ်။ မကြည်မလင် မည်းညစ်နေရင် ဆီအသစ်လဲရတော့မှာပါ။ ဆီက ပျစ်လွန်းနေရင်လည်း ဆီအသစ် လဲရတော့မှာ ဖြစ်ပါတယ်။ 
ဆီအဟောင်း ကုန်စင်အောင် ဖောက်ချ။ ပလပ်အစို့ ပြန်ပိတ်။ ဆီအသစ် ဖြည့်ထည့်ပြီး ဆီလဲပေးရမှာ ဖြစ်ပါတယ်။ 

Read 1495 times