အင်ဂျင် ညည်းသံ အထွက်မြန်စေတဲ့ အကြောင်းများ


ဘယ်လိုကားရဲ့ အင်ဂျင်ပဲ ဖြစ်ဖြစ်၊ သက်တမ်းစေ့ရင်တော့ အင်ဂျင်ကျလာမှာပါပဲ။ ဆူညံသံ ပေးလာမှာပါပဲ။

ဒါပေမယ့် အချိန်မတန်ခင် ဆူညံသံပေးတဲ့ ဖြစ်ရပ်မျိုး တချို့ မော်ဒယ်တွေမှာ တွေ့နေရပါတယ်။ ဘာကြောင့်ပါလဲ။ များသောအားဖြင့် အိမ်စီးကားတွေမှာ အဖြစ်များပါတယ်။ နည်းနည်းလောက် ရှင်းပြပါရစေ။

အိမ်စီးကားဆိုတာ ဇိမ်ခံမော်ဒယ်လည်း မဟုတ်၊ ပြိုင်ကားလည်း မဟုတ်၊ တန်ကြေးနည်းနည်းနဲ့ စီးနင်းနိုင်အောင် ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေ့ ပြည်တွင်းမှာ ခေတ်စားနေတဲ့ သိန်း ၁၀ဝ ကျော်တန် မော်ဒယ်တွေကို ဆိုလိုတာပါ။ အဲဒီထဲကမှ ကားတစီးရဲ့ သက်တမ်း ကီလို ၂ သိန်း၊ နှစ် ၂၀ မတိုင်ခင် အင်ဂျင်ကျပြီ၊ ညည်းသံထွက်ပြီ ဆိုရင်တော့ ဒါဟာ မောင်းနှင်သူရဲ့ နည်းလမ်းမကျတဲ့ အသုံးကြောင့်ပါ။

ပထမဆုံး ဖြစ်နိုင်ခြေ တချက် ပြောပါရစေ။ သတ်မှတ်နှုန်းထက် ပိုမို ခိုင်းတာကြောင့် အင်ဂျင် ညည်းသံ အထွက် မြန်စေနိုင်ပါတယ်။ ဘယ်လို သတ်မှတ်နှုန်း တွေထက်လဲဆိုရင် ဝန်ပိုတင်ဆောင်မောင်းနှင်ခြင်း၊ ခရီးဝေး မောင်းနှင်မှုမှာ ဥပမာ မိုင် ၁၀ဝ တဆက်တည်း မောင်းနှင်နိုင်မှုကို မိုင် ၁၅၀ ကျော်မျိုး တဆက်တည်း မောင်းနှင်မှု၊ လမ်းကြမ်းမောင်း မော်ဒယ် မဟုတ်ပေမယ့် လမ်းကြမ်းပိုင်း မောင်းနှင်မှု၊ တောက်တက်လမ်းတွေမှာ ဂီယာချက် မှန်ကန်အောင် ပြောင်းလဲ မောင်းနှင်မှု မရှိခြင်း၊ လေအေးပေးစနစ်ကို အချိန်ကြာ အနားမပေးဘဲ သုံးစွဲမှု၊ ဒီလိုအချက်တွေက အင်ဂျင်ကို ညည်းသံပေးမှု မြန်ဆန်စေပါတယ်။ ဒါက မောင်းနှင်မှု အပိုင်းပါ။

နောက်ထပ် ယာဉ်မောင်းဘက်ကနေ ပစ္စည်းထည့်သွင်းမှု အားနည်းခြင်းကြောင့်လည်း အင်ဂျင် ညည်းသံပေး မြန်ဆန်နိုင်စေပါတယ်။ ဥပမာ Coolant အရည်ပုံမှန် လဲလှယ်ပေးမှု မရှိခြင်၊ ရေတိုင်ကီရေ မလဲပေးခြင်း၊ လေစစ် စစ်ဆေးမှု၊ သန့်စင်ပေးမှု၊ လဲလှယ်ပေးမှု မရှိခြင်း၊ အင်ဂျင်ဝိုင် စစ်ဆေးလဲလှယ်မှု မရှိခြင်း၊ ဂီယာဝိုင် စစ်ဆေးလဲလှယ်ပေးမှု မရှိခြင်း၊ လေပေါင်ချိန် လျော့နည်းနေစေခြင်း၊ အနားပေး မောင်းနှင်မှု မရှိခြင်းတွေက အင်ဂျင် ညည်းသံ အပေးမြန်စေတဲ့ အချက်ပါ။

နောက်ဆုံး ဖြစ်နိုင်ချေကတော့ ယာဉ်မောင်းရဲ့ အမှားပါ။ မောင်းနှင်မှုပုံစံ အမှားမျိုး ဖြစ်ပါတယ်။ Sport ကား တင်သွင်းမှု ပိတ်ထားတဲ့ ပြည်တွင်းအနေအထားမှာ Sedan နဲ့ တချို့သော Supermini တွေကို ပြိုင်ကား ပုံစံ ပြင်ဆင် စီးနင်းလာကြပါတယ်။ ဒါပေမယ့် မော်ဒယ်ကို ပြင်ဆင်လိုက်ရုံနဲ့ ရုပ်ထွက်မှာသာ ပြောင်းလဲ သွားပေမယ့် အင်ဂျင်ကတော့ မူရင်းပါပဲ။ ဒါပေမယ့် Sport တစီးလို အပြိုင်မောင်းနှင်မှုတွေ၊ ခိုင်းစေမှုတွေ လုပ်ဆောင်လာပြီ ဆိုရင်တော့ အနှေးနဲ့ အမြန် အင်ဂျင်က ညည်းသံထွက်လာတော့မှာပဲ ဖြစ်ပါတယ်။

Source:Irrawaddy

Read: သင့်ကား အဆွဲအရုန်းမကောင်းစေခြင်းရဲ့ တရားခံ
 

Read 1359 times