အင်ဂျင်အေးအောင်လုပ်သည့် စနစ်များ


Air cooling

======

အင်ဂျင်ကို လေဖြင့် အေးအောင်ပြုလုပ်သော ကားမျိုးက တော်တော် ရှားသွားပါပြီ။ အင်ဂျင်ကို ယာဉ်နောက်ပိုင်းမှာ ထိုင်ထားပြီး လေဖြင့် အအေးခံတဲ့ကားအဖြစ် လိပ်ခုံးကားတွေမှာ တွေ့ရပါတယ်။

ပြီ်းတော့ Karmann Ghia နှင့် Porsche Roadsters တို့ကလည်း လေဖြင့် အေးအောင်ပြုလုပ်တဲ့စနစ်ကို သုံးကြပါတယ်။

ရေဖြည့်ရတဲ့ ကရိကထ မရှိဘူး။ ရေလည်အု့လည်း မလိုဘူး။ ရေလည်ပတ်ဖို့အတွက် ပတ်လမ်း မလိုဘူး။ ဒီတော့ မော်တော်ဆိုင်ကယ်တွေမှာ အသုံးများကြပါတယ်။

လေဖြင့် အေးအောင်ပြုလုပ်ပေးဖို့အတွက် အဓိကလိုအပ်ချက် ၂ ရပ်ရှိတယ်။ အပူဖြာမထွက်စေဖို့အတွက် ငါးမန်းတောင်တွေ အများကြီး လိုတယ်။ ပြီးတော့ လေစီးကြောင်း လိုအပ်တယ်။

Oil cooling

======

အင်ဂျင်တိုင်းမှာ ဆီဖြင့်အေးအောင် ပြုပေးပါတယ်။ အင်ဂျင်ဝိုင်က အင်ဂျင်ထံမှ အပူတွေကို ရယူပြီး အောက်ခံဇလားထဲကို ပြန်ဆင်းပါတယ်။ အောက်ခံ ဇားက ကားသွားနေစဉ် လေတိုးခံရတာကြောင့် အပူတွေ လေနဲ့ ပါသွားပါတယ်။ ကားလမ်းပေါ် ရေကြီးနေတဲ့နေရာ ကားဖြတ်မောင်းရင် ဆီခံဇလားထံမှ အပူတွေကို ရေက ယူသွားလို့ အင်ဂျင်အပူချိန် ထိုးကျသွားတာဟာ ဆီဖြင့် အေးအောင်ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

Water cooling

========

အင်ဂျင်ကို ရေဖြင့်အေးအောင်ပြုလုပ်သောနည်းလမ်းမှာ အသုံးအများဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေကို အဓိကသိုလှောင်ရာ ရေတိုင်ကီတွင် ရေပူကို အေးအောင်ပြုလုပ်ပေးရန် ဖန်တီးပေးထားရာမှ ရေစီးဆင်းရန် ပိုက်လမ်းကြောင်းကို ရှည်ရှည်လျားလျား ဖြစ်အောင် ဖန်တီးပေးထားတယ်။ ပိုက်ကို သတ္တုသား ငါးမန်းတောင်ထဲမှာ မြှုပ်ထားတယ်။ အင်ဂျင်မှ ရောက်ရှိလာတဲ့ ရေပူပူထံမှ အပူတွေကို ရေတိုင်ကီက ရယူလိုက်တယ်။ အဲပူတွေက ငါးမန်းတောင်တွေဆီကို ရောက်သွားတယ်။ ငါးမန်းတောင်တွေကြားမှာ လေစီးကြောင်း အစဉ်ရှိနေအောင် လေအားပြင်းပြင်းပေးနိုင်တဲ့ ပန်ကာနဲ့ ပန်ကာနဲ့ ဖန်တီးပေးထာတယ်။ ငါးမန်းတောင်တွေက ရရှိထားတဲ့အပူတွေကို လေထဲ အပူဖြာပြီး ထည့်ပေးလိုက်ကြပါတယ်။

ပုံမှန်ပန်ကာနဲ့ လေအေးစက်တွေအတွက် ပန်ကာဆိုပြီး ပန်ကာ ၂ လုံးပါခဲ့ရင် မြန်မာပြည်ရဲ့ ရာသီဥတုအခြေအနေက ပူပြင်းတဲ့သဘောရှိတာကြောင့် ပန်ကာ ၂ လုံးစလုံးဖြင့် လေပေးနိုင်အောင် စီမံထားကြရတယ်။ နဂို အစီအစဉ်က လေအေးပေးစက်သုံးတော့မှ သူ့ပန်ကာက ထလည်ပေးရမှာ ဖြစ်ပေမဲ့ လေအေးပေးစက်သုံးသုံး မသုံးသုံး ပန်ကာလည်အောင် လုပ်ထားကြရတယ်။

ရေခဲအောင် အေးတဲ့ရာသီဥတုမျိုးမှာ အင်ဂျင် အပူတက်ပြီး နွေးထွေးမှုမရခင်မှာ ရေမလည်ပတ်အောင် တားဆီးပေးထားတဲ့ သာမိုစတက်ဘားကိုလည်း ဖြုတ်ထားကြရပါတယ်။ နဂိုအစီအစဉ်မှာ အင်ဂျင်အေးနေရင် ရေတိုင်ကီက ပန်ကာမလည်ဘူး။ အဲဒါကိုလည်း စက်နှိုးဖို့လုပ်တာနဲ့ ပန်ကာစလည်အောင် လုပ်ထားရတယ်။ ဒါတောင်မှ နွေအခါမှာ မြို့တွင်းယာဉ်ကြောကျပ်ကျပ်မှာ မောင်းတာကြာသွားရင် အင်ဂျင်က အပူတွေ တက်လာတတ်တယ်။

အင်ဂျင်အပူတက်တာကြမ်းနေရင် ရေလမ်းကြောင်းမှာ ပိတ်ဆို့မှုရှိနေလို့ အပူမတတ်တာ ဖြစ်နေတတ်တယ်။ ရေတိုင်ကီ ဖြုတ်ဆေးပေးသင့်တယ်။ ရေဖြင့် အအေးပေးတဲ့စနစ်ကလည်း အသန့်ကြိုက်တယ်။ ရေသန့်ကိုသာ ဖြည့်ပေးရမယ်။ ဘုံဘိုင်ရေဖြည့်ရင် အင်ဂျင်ကအပူနဲ့ ရေကို ကျိုချက်တဲ့အခါ ထုံးဓာတ်လိုက်တာမျိုးက ချေးအဖြစ်ဖြင့် ချိုးကပ်ပြီး ရေလမ်းကြောင်းကို ပိတ်တဲ့အထိ ဒုက္ခပေးတတ်တယ်။ ရေတိုင်ကီကို အခါအားလျော်စွာ ရေဖောက်ဆေးပေးရပါတယ်။ ရေဖောက်ထုတ်ဖို့ အပေါက်က ရေတိုင်ကီ အောက်ဖက်မှာ ရှိပါတယ်။ လိပ်ပြာတောင်ပံပါတဲ့ ဝက်အနဲ့ ပိတ်ပေးထားတယ်။ သတိထားရမှာကဝက်အူမှာပါတဲ့ ဝါရှာ မပျောက်ဖို့ ဖြစ်ပါတယ်။ အခန့်မသင့်ရင် အပေါက်ဝမှာကပ်ပြီး ကျန်ရစ်တတ်ပါတယ်။ ဝက်အူနဲ့တစ်ပါတည်း လိုက်မလာဘူး။ ရေတွေပန်းထွက်တော့မှ ရေနဲ့အတူ ပါသွားတတ်တယ်။

ရေတိုင်ကီမှာ ရေလိုရင် ဖြည့်ပေးဖို့ ပလတ်စတစ်ဘူးတစ်ခု ရှိတာကိုလည်း ဘူးအပြင်သားပေါ်မှာ အမှတ်အသား ပြပေးထားတဲ့အထိ ရေဖြည့်တင်းပေးထားဖို့ လိုတယ်။

ရေတိုင်ကီထဲက ရေထဲကိုထည့်သုံးဖို့ ရေအေးဆေးကူးလင့် coolant အမျိုးမျိုးရှိတယ်။ ကူးလင့်မှာပါဝင်တဲ့ ဓာတုဓာတ်တွေကို ဂဃနဏမသိရင် မသုံးတာကောင်းတယ်။ ကူးလင့်ရဲ့ သတ္တိထူးတစ်ခုက ရေဆူမှတ်ဖြစ်တဲ့ ၁၀၀ ဒီဂရီဆဲလ်စီးယပ်စ်ကို ရောက်ပေမဲ့ ရေမဆူအောင် ထိန်းပေးနိုင်တယ်။

ရေကို ရေတိုင်ကီကနေ အင်ဂျင်ထဲက ရေလိုင်းတွေတစ်လျှောက်သွားစေပြီး ရေတိုင်ကီ ဆီကို ပြန်သွားစေတယ်။ ဒီလို သွားနိုင်ဖို့အတွက် ပန့်ကို အသုံးပြုပြီး ရေကို ဖိအားပေးကာ စီးဆင်းအောင် ပြုထားးတယ်။ ဒီတော့ အင်ဂျင်ပူနေတုန်းမှာ စက်သတ်ထားပေမဲ့ ရေတိုင်ကီအဖုံးကို မဖွင့်သင့်ဘူး။

ဖွင့်လိုက်ရင် ဖိအား လက်ကျန်ရှိနေတာရယ်၊ ရေကပူနေ ဆူနေတာရယ်ကြောင့် ရေနွေးငွေ့နဲ့အတူ ပန်းထွက်လာတတ်တယ်။ ဖွင့်တဲ့သူကို ရေနွေးပူနဲ့ လှမ်းပက်တဲ့အတိုင်း ဖြစ်ပွားစေတယ်။ မတ်သာလို့ ဖွင့်ရမယ်ဆိုလျှင် အဖုံးကို တစ်ဝက်လောက်ပဲ အရင်လှည့်ပြီး လေပူတိုးထွက်တာကို ခဏစောင့်ပေးရမယ်။ လေတွေ ထွက်သွားလို့ ဖိအားလျော့ကျပြီးမှ အဆုံးအထိလှည့်ပြီး ဖွင့်ရမယ်။

Read 9907 times