အင်ဂျင်ဆိုသည်မှာ သတ္တုသားနှင့်ပြုလုပ်ထား၍ အထဲတွင် ပေါက်လောင်ခန်းများရှိပါသည်။
ထိုပေါက်လောင်ခန်းများထဲကို လောင်စာဆီနှင့် လေတို့ထည့်ပေးပြီး လောင်ကျွမ်းခိုင်းလျှင် တစ်စက္ကန့်မှာ အကြိမ်ပေါင်းရာချီပြီး လောင်ကျွမ်းနိုင်ပါသည်။
ထိုသို့လောင်ကျွမ်းလျှင် အပူးများအလွန်ထွက်ပေါ်လာပြီး အင်ဂျင်ကြီးမှာ ပူလာသောကြောင့် ထိုအင်ဂျင်ကို အေးသွားစေရန် အလျင်အမြန် လုပ်ဆောင်ပေးသင့်ပါသည်။
ထိုသို့မလုပ်ဆောင်ပေးပါက အင်ဂျင်တုံးကြီးက နီရဲတွတ်လာရာမှ အရည်ပျော်ကျသွားပါလိမ့်မည်။
ထိုသို့မဖြစ်ပေါ်စေရန် အင်ဂျင်အအေးခံရာတွင် နည်းလမ်းသုံးမျိုးရှိပါသည်။
၁။ လေဖြင့်အေးအောင်ပြုခြင်း (Air cooling)
အင်ဂျင်ကို လေဖြင့်အေးအောင်ပြုလုပ်သည့်ကားမျိုးက အတော်အတန်ရှားပါးသွားပြီဖြစ်ပါသည်။
အင်ဂျင်ကို ယာဉ်နောက်ပိုင်းတွင် ထိုင်ထားပြီး လေဖြင့် အအေးခံသည့်ကားအဖြစ် ဗီဒဗလျူ (ခေါ်) ဗောက်စ်ဝက်ဂင် လိပ်ခုံးကားများတွင် တွေ့ရပါသည်။
ထို့နောက် Karmann Ghia နှင့် Porsche Roadsters တို့ကလည်း လေဖြင့် အေးအောင်ပြုလုပ်သည့် စနစ်ကို သုံးကြပါသည်။
ရေဖြည့်ရသည့် ကရိကထမရှိသည့်အတွက် ရေလည်အုံမလိုအပ်သလို ရေလှည့်ပတ်ရန်အတွက် ပတ်လမ်းမလိုသောကြောင့် မော်တော်ဆိုင်ကယ်အင်ဂျင်များတွင် အသုံးများပါသည်။
လေဖြင့် အေးအောင်ပြုလုပ်ပေးရန်အတွက် အဓိက လိုအပ်ချက် ၂ ရပ်ရှိပါသည်။
အပူဖြာထွက်စေရန်အတွက် ငါးမန်းတောင်များ အများကြီးလိုပြီး လေစီးကြောင်းလည်း လိုအပ်ပါသည်။
၂။ ဆီဖြင့်အေးအောင်ပြုလုပ်ခြင်း (Oil cooling)
အင်ဂျင်တိုင်းတွင် ဆီဖြင့်အေးအောင် ပြုလုပ်ပေးပါသည်။
အင်ဂျင်ဝိုင်က အင်ဂျင်ထံမှ အပူများကို ရယူပြီး အောက်ခံဇလားထဲကို ပြန်ဆင်းပါသည်။ အောက်ခံဇလားက ကားသွားနေစဉ် လေတိုးခံရခြင်းကြောင့် အပူများ လေနှင့် ပါသွားပါသည်။
ကားလမ်းပေါ် ရေကြီးသည့်နေရာ ကားဖြတ်မောင်းလျှင် ဆီခံဇလားထဲမှ အပူများကို ရေက ယူသွား၍ အင်ဂျင်အပူချိန် ထိုးကျသွားခြင်းသည် ဆီဖြင့် အေးအောင် ပြုပေးလိုက်ခြင်းဖြစ်ပါသည်။
၃။ ရေဖြင့် အေးအောင်ပြုလုပ်ခြင်း (Water cooling)
အင်ဂျင်ကို ရေဖြင့် အေးအောင်ပြုလုပ်သည့်နည်းလမ်းမှာ အသုံးအများဆုံးနည်းလမ်းဖြစ်ပါသည်။
ရေကို အဓိက သိုလောင်ရာ ရေတိုင်ကီတွင် ရေပူကို အေးအောင်ပြုပေးရန် ဖန်တီးထားရာမှ ရေစီးဆင်းရန် ပိုက်လမ်းကြောင်းကို ရှည်ရှည်လျားလျားဖြစ်အောင် ဖန်တီးပေးထားပါသည်။
ပိုက်ကို သတ္တုသား ငါးမန်းတောင်ထဲတွင် မြုှပ်ထားပါသည်။
အင်ဂျင်မှ ရောက်ရှိလာသော ရေပူပူထံမှ အပူများကို ရေတိုင်ကီထဲက ရယူလိုက်ပြီး ထိုအပူများက ငါးမန်းတောင်များဆီ ရောက်သွားသည်။
ငါးမန်းတောင်များကြားတွင် လေစီးကြောင်း အစဉ်ရှိနေအောင် လေအားပြင်းပြင်းပေးနိုင်သော ပန်ကာနှင့် ဖန်တီးထားပေးထားသည်။
ငါးမန်းတောင်များက ရရှိထားသော အပူကို လေထဲ အပူဖြာပြီး ထည့်ပေးလိုက်ပါသည်။
ပုံမှန်ပန်ကာနှင့် လေအေးစက်အတွက် ပန်ကာဆိုပြီး ပန်ကာ ၂ လုံးပါခဲ့လျှင် မြန်မာပြည်၏ ရာသီဥတုအခြေအနေက ပူပြင်းသော သဘာဝရှိခြင်းကြောင့် ပန်ကာ ၂ လုံးစလုံးကို လေပေးနိုင်အောင် စီမံထားကြရသည်။
နဂိုအစီအစဉ်က လေအေးပေးစက်သုံးတော့မှ သူ့ပန်ကာက ထလည်ပေးရမှာဖြစ်သော်လည်း လေအေးပေးစက်သုံးသုံး မသုံးသုံး ပန်ကာလည်အောင် လုပ်ထားကြရသည်။
ရေခဲအောင် အေးသောရာသီဥတုမျိုးတွင် အင်ဂျင်အပူတက်ပြီး နွေးထွေးမှုမရခင်တွင် ရေမလည်ပတ်အောင် တားဆီးပေးသော သာမိုစတက်ဘားကိုလည်း ဖြုတ်ထားကြရသည်။
နဂိုအစီအစဉ်တွင် အင်ဂျင်အေးနေလျှင် ရေတိုင်ကီက ပန်ကာမလည်သောကြောင့် စက်နှိုးရန် လုပ်သည်နှင့် ပန်ကာစလည်အောင်လုပ်ထားကြရသည်။
သို့သော် နွေအခါတွင်း မြို့တွင်းယာဉ်ကျောကြပ်ကြပ်တွင် မောင်းနှင်မှုကြာသွားလျှင် အင်ဂျင်က အပူများ တက်လာတတ်သည်။
အင်ဂျင်အပူတက်ခြင်းကြမ်းနေလျှင် ရေလမ်းကြောင်းတွင် ပိတ်ဆို့မှုရှိနေ၍ အပူတက်ခြင်း ဖြစ်နေတက်သောကြောင့် ရေတိုင်ကီဖြုတ်ဆေးပေးသင့်ပါသည်။
ရေဖြင့် အအေးပေးသောစနစ်ကလည်း အသန့်ကြိုက်သောကြောင့် ရေသန့်ကိုသာ ဖြည့်ပေးရပါမည်။
ဘုံဘိုင်ရေဖြည့်လျှင် အင်ဂျင်က အပူနှင့် ရေကိုကျိုချက်ပေးသည့်အခါ ထုံးဓာတ်လိုအရာမျိုးက ချေးအဖြစ်ချိုးကပ်ပြီး ရေလမ်းကြောင်းကို ပိတ်သည်အထိ ဒုက္ခပေးတက်ပါသည်။
ရေတိုင်ကီကို အခါအားလျော်စွာ ရေဖောက်ဆေးရပါသည်။ ရေဖောက်ထုတ်ရန် အပေါက်က ရေတိုင်ကီအောက်ဖက်တွင် ရှိပါသည်။
လိပ်ပြာတောင်ပံပါသော ဝက်အူနှင့်ပိတ်ပေးထားသည်။ သတိထားရမည်က ဝက်အူတွင်ပါသော ဝါရှာမပျောက်ရန်ဖြစ်ပါသည်။
အခန့်မသင့်လျှင် ဝက်အူနှင့် တစ်ပါးတည်းလိုက်မလာဘဲ အပေါက်ဝတွင်ကပ်ပြီး ကျန်ရစ်တတ်သည်။ ရေများပန်းထွက်လာမှသာ ရေနှင့်အတူပါသွားတက်ပါသည်။
ရေတိုင်ကီတွင် ရေလိုလျှင်ဖြည့်ပေးရန် ပလတ်စတစ်ဘူးတစ်ခုရှိသည်ကိုလည်း ဘူးအပြင်သားပေါ်တွင် အမှတ်အသားပြပေးထားသည်အထိရေဖြည့်တင်းပေးထားရန်လိုပါသည်။
ရေတိုင်ကီထဲက ရေထဲကိုထည့်သုံးရန် ရေအေးအေးကူးလင့် coolant အမျိုးအမျိုးရှိပါသည်။
Coolant ထဲတွင် ပါဝင်သော ဓာတုဓာတ်များကို ဂဃနဏ မသိလျှင် အသုံးမပြုခြင်းက ပို၍ ကောင်းမွန်ပါသည်။
Coolant ၏ သတ္တိထူးတစ်ခုက ရေဆူမှတ်ဖြစ်သော 100 ံ C ကို ရောက်သော်လည်း ရေမဆူအောင် ထိန်းပေးထားနိုင်သည်။
ရေကို ရေတိုင်ကီမှ အင်ဂျင်ထဲက ရေလိုင်းများ တစ်လျှောက်သွားစေပြီး ရေတိုင်ကီ ဆီကို ပြန်သွားစေပါသည်။
ထိုသို့သွားနိုင်ရန်အတွက် ပန့်ကို အသုံးပြုပြီး ရေကို ဖိအားပေးကာ စီးဆင်းအောင် ပြုထားပါသည်။
ထို့ကြောင့် အင်ဂျင်ပူနေတုန်းတွင် စက်သတ်ထားသော်လည်း ရေတိုင်ကီအဖုံးကို မဖွင့်သင့်ပေ။
ဖွင့်လိုက်လျှင် ဖိအားလက်ကျန်ရှိနေခြင်းကြောင့် ၊ ရေကပူနေဆူနေခြင်းကြောင့် ရေငွေ့နှင့်အတူ ပန်းထွက်လာတက်ပြီး ဖွင့်သောသူကို ရေနွေးပူနှင့် လှမ်းပက်သကဲ့သို့ ဖြစ်ပွားစေပါသည်။
မတက်သာ၍ ဖွင့်ရမည်ဆိုလျှင် အဖုံးကို တစ်ဝက်ခန့်သာ အရင်လှည့်ပြီး လေပူတိုးထက်လာခြင်းကို ခဏစောင့်ပေးရပါသည်။
လေများ ထွက်သွား၍ ဖိအားလျော့ကျသွားပြီးမှ အဆုံးထိလှည့်ပြီး ဖွင့်ရပါမည်။