ဝန်ထမ်းပါမစ် တစေ့တစောင်း


ဝန်ထမ်းအများစုဟာ ကားလောကနဲ့ အလှမ်းဝေးကြပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေဆို ပိုလို့တောင် အလှမ်းဝေးနေပါသေးတယ်။

သူတို့​မေးမြန်းထားတဲ့ထဲက တချို့အကြောင်းအရာလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး သုံးသပ်ရတာမို့ ဖော်ပြချက်တွေဟာ ရာနှုန်းပြည့် ပြည့်စုံနိုင်ဦးမှာတော့ မဟုတ်ပါဘူး။

သိန်း 300/500 ဆိုတာ ဒီအရောက် ကားတန်ဖိုး CIF ကို ဆိုလိုတာပါ။

ကျပ်သိန်း 300 ဆို ခန့်မှန်း USD 23,000 ဝန်းကျင်၊

ကျပ်သိန်း 500 ဆို ခန့်မှန်း USD 38,000 ဝန်းကျင်လောက် ရှိပါမယ်။

အမြဲတမ်းအတွင်းဝန် ကနေ ဒုညွှန်မှူးအထိက ပြည်ပကနေ ဝယ်ယူတင်သွင်းခွင့် (ဒါမှမဟုတ်) ပြည်တွင်းအရောင်းပြခန်းကနေ ဝယ်ယူခွင့်ရှိပြီး လက်‌ထောက်ညွှန်ကြားရေးမှူးနဲ့အောက် အဆင့်တွေကတော့ ပြည်တွင်းထုတ် SKD (ဒါမှမဟုတ်) ပြည်တွင်းအရောင်းပြခန်းကနေ ဝယ်ယူလို့ရပါမယ်။

- အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် က အင်ဂျင် ၃၅၀၀ စီစီနဲ့အောက်၊ သိန်း ၅၀၀

- ဒုတိယညွှန်ကြားရေးမှူးချုပ် က အင်ဂျင် ၂၅၀၀ စီစီနဲ့အောက်၊ သိန်း ၃၀၀

- ညွှန်ကြားရေးမှူး က အင်ဂျင် ၂၀၀၀ စီစီနဲ့အောက်၊ သိန်း ၃၀၀

- ဒုတိယညွှန်ကြားရေးမှူး က အင်ဂျင် ၁၈၀၀ စီစီနဲ့အောက်၊ သိန်း ၃၀၀

- လက်ထောက်ညွှန်ကြားရေးမှူးနဲ့ အောက်အဆင့်

SKD ကားဆို အင်ဂျင် ၁၈၀၀ စီစီနဲ့အောက် (သို့မဟုတ်) အရောင်းပြခန်းကားဆို အင်ဂျင် ၁၃၅၀ စီစီနဲ့အောက်၊ သိန်း ၃၀၀

(ဒီအဆင့်တွေက ပြည်ပကနေ တင်သွင်းလို့မရပါဘူး။)

ပြည်ပကနေ ကားတစ်စီး တင်ပို့မယ်ဆို ပေးဆောင်ရတဲ့အခွန်တွေ

- အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန်

ဒီ (၃)မျိုးပေါင်းကို ဆိပ်ကမ်းခွန်လို့ ခေါ်ပြီး ဆိပ်ကမ်းမှာတင် တခါတည်း ပေးဆောင်ရတာပါ။

- ဝင်ငွေခွန်

ဝင်ငွေခွန်က မပေးဆောင်ချင်ဘူးဆို ဝင်ငွေရလမ်းပြနိုင်တယ် (ငွေဖြူရှိတယ်) ဆို ကင်းလွတ်/ခုနှိမ်ခွင့် ရှိပါတယ်။

- က.ည.န မှတ်ပုံတင်ခ

ကားကတော့ ကားနံပါတ်ယူပြီးရင် ပေးဆောင်ရပါတယ်။ က.ည.န ငွေသွင်းပြီးမှ ကားအုံနာ စာအုပ်ရရှိမှာပါ။

အဲဒီမှာ တစ်ခုရှိတာက ...

အရောင်းပြခန်း (car showroom/ car sale center) က ကားတွေဟာ ဆိပ်ကမ်းခွန် ပေးဆောင်ထားပြီးသားတွေပါ။ ဒီတော့ ဆိပ်ကမ်းခွန်နဲ့ပတ်သက်ပြီး အခွန်သက်သာဖို့ အကျိုးခံစားခွင့် မရှိလောက်တော့ပါဘူး။

နိုင်ငံတော်ကို ပေးဆောင်ပြီးသား အခွန်တွေ ပြန်ထုတ်ယူဖို့ကလည်း လက်တွေ့မှာ မလွယ်ကူပါဘူး။

အကြမ်းအားဖြင့် လက်ညွှန်နဲ့အောက်အဆင့်တွေက ဆိပ်ကမ်းခွန် အကျိုးခံစားခွင့် မရှိဘူးလို့ အကြမ်းအားဖြင့် မှတ်ယူရပါမယ်။ သို့ပေမဲ့ ကညန မှတ်ပုံတင်ခ သက်သာခွင့်တော့ ရှိနေဦးမှာပါ။

ဝင်ငွေခွန်ကတော့ ဝန်ထမ်းအများစုမှာ ပုံမှန် လစာဝင်ငွေ ရှိပြီးသားမို့ အဲဒါနဲ့ခုနှိမ်လို့ရမှာပါ။

သာမာန်ပြည်သူတွေ ကားတင်သွင်း/ဝယ်ယူတဲ့အခါ ရန်ကုန်လိုင်စင် လိုချင်ရင် ကားဟောင်းအပ်စလစ် ပေးမှ ရပါတယ်။

အခု ဝန်ထမ်းပါမစ်မှာကျတော့ရော ရန်ကုန်လိုင်စင် တန်းပေး၊ မပေးက မပြောတတ်သေးပါ။

SKD နဲ့ပတ်သက်လို့ကတော့ ကိုယ်တိုင်လည်း မနှံ့စပ်တာမို့ ဘာမှတ်ချက်မှ မပေးလိုပါ။ SKD ကားတစ်စီးကို ပုံမှန်အတိုင်း ဝယ်ယူတာနဲ့ ဝန်ထမ်းပါမစ်နဲ့ ဝယ်တာ စျေး ဘယ်လောက် ကွာဟမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ အဲဒီ စျေးအဟ ဟာ ဝန်ထမ်းပါမစ်ရဲ့ တန်ဖိုးဆိုရင်လည်း မမှားပါဘူး။

တင်သွင်း/ဝယ်ယူခွင့်ရှိမယ့် ကားအမျိုးအစား သတ်မှတ်ပေးမှာလား။ ဘယ်အခွန်က ဘယ်လောက် ရာနှုန်းသက်သာမလဲ၊ ကင်းလွတ်မလဲတွေကိုလည်း တရားဝင်ကြေညာချက် ထွက်ပြီးရင် ကားအမျိုးအစားအလိုက် အပြီးအစီးတန်ဖိုးတွေ ထပ်မံ ဖော်ပြပေးသွားပါမယ်။

လောလောဆယ်တော့ ဒီကားဝယ်ထားမယ်၊ ဟိုကား သွင်းထားလိုက်မယ် မလုပ်ကြစေချင်သေးပါဘူး။ ထပ်မံထွက်ပေါ်လာမယ့် ကြေညာချက်တွေ၊ သတင်းတွေ နားစွင့် စောင့်ကြည့်စေချင်ပါသေးတယ်။

ကိုထွဋ်ထိပ်

Distinct Trading Co., Ltd.

Read 4113 times