လျှပ်စစ်စနစ် Electrical System


ကားတိုင်းမှာ လျှပ်စစ်စနစ် တစ်ခု ရှိတယ်။ လျှပ်စစ်စနစ်မှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ တက်ညီလက်ညီဖြင့် လုပ်ကိုင်နေကြတယ်။ 

ဘက်ထရီက ဓာတုစွမ်းအင်ကို ပလိပ်ပြားတွေနဲ့ ဓာတုအရည်တို့ဖြင့် သိမ်းဆည်းထားတယ်။ လိုအပ်တဲ့အခါမှာ လျှပ်စစ်စွမ်းအင်ကို ပြောင်းပြီး လျှပ်စစ်ပါဝါ ထုတ်ပေးတယ်။ အဲဒီ လျှပ်စစ်ပါဝါကို စက်နှိုးမော်တာ လည်ဖို့ သုံးတယ်။ စတတ်တာမော်တာလို့ ခေါ်တဲ့ စက်နှိုးမော်တာ လည်တော့ ခရိုင်းရှပ်ကို လှည့်တယ်။ အင်ဂျင် စလည်တယ်။ ဘက်ထရီက လောင်စာဆီပန့်ဆီကိုလည်း လျှပ်စစ်ပါဝါ ပို့ပေးပြီး ပန့်ကို လည့်ပေးတယ်။ ဆီတိုင်ကီထဲမှ ဆီတွေ အင်ဂျင်ဆီကို ပို့ပေးတယ်။ အဲဒီဆီနဲ့ လေတို့ ရောနှောပြီး မီးလောင်ပေါက်ကွဲဖို့ မီးပွား ထုတ်ပေးတဲ့ စပတ်တွေကိုလည်း ဘက်ထရီက လျှပ်စစ်ပါဝါပေးတယ်။ 

အဲဒါတွေ အချိန်ကိုက် ဟန်ချက်ညီညီ လုပ်ကိုင်နေဖို့ ကွန်ပျူတာဖြင့် ထိန်းကျောင်းပေးတယ်။

 

အင်ဂျင် နိုးသွားပြီး စလည်ပြီးတဲ့နောက်မှာ အင်ဂျင်မှာရှိတဲ့ ခရိုင်းရှပ် လည်နေတာကို ချိတ်ဆက်ထားတဲ့ ပူလီမှာ  တပ်ထားတဲ့ ပန်ကာကြိုးက ဒိုင်နမိုရဲ့ ပူလီကို လှည့်ပေးတယ်။  ဒိုင်နမိုလည်ပြီး လျှပ်စစ် ထုတ်ပေးတယ်။ အဲဒီလျှပ်စစ်ကို ဘက်ထရီကို ပြန်အားသွင်းဖို့ အတွက်သာမက အခြားကိစ္စတွေအတွက်လည်း သုံးစွဲကြတယ်။ 

 

အင်ဂျင်ကို ထိန်းကျောင်း ပေးနေဖို့ လိုအပ်တဲ့ လျှပ်စစ်စနစ်တွေ လုပ်ကိုင်စေဖို့ သုံးစွဲတယ်။

မီးထွန်းဖို့၊ ပန်ကာတွေ လည်စေမယ့်မော်တာတွေ လှည့်ဖို့၊ ရေဒီယိုနဲ့တကွ ဖြေဖျော်မှုကိရိယာအတွက် သုံးစွဲတယ်။ ပုံမှာ လျှပ်စစ်စနစ်တစ်ခုကို နမူနာ ဖော်ပြထားတယ်။ 

 

ယခုအခါ ကားတွေမှာ အီလက်ထရွန်းနစ် ထိန်းချုပ်စနစ်တွေ ပါတယ်။ ကွန်ပျူတာတွေ ပါတယ်။ ယာဉ်အစိတ်အပိုင်းတွေ၊ စနစ်တွေကို စောင့်ကြည့်ပေးနေဖို့၊ ထိန်းကျောင်းဖို့ သုံးစွဲထားတာ ဖြစ်ပါတယ်။

 

Read 776 times