ရေနံလောင်စာသုံး ကားတွေနေရာမှာ ဘက်ထရီသုံး လျှပ်စစ်ကားတွေ နေရာဝင်ယူကြတော့မှာ ဖြစ်ပြီး ကားဘက်ထရီဈေးကွက်ဟာ အင်မတန်ကြီးမားတဲ့ ဈေးကွက် ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီဈေးကွက်ထဲမှာ နေရာတစ်ခု အခိုင်အမာရယူဖို့ တောင်ကိုးရီးယားမှ အီလက်ထရွန်နစ် မဟာလုပ်ငန်းကြီး Samsung က ခြေလှမ်းတစ်ခု စလှမ်းလိုက်ပါတယ်။
လျှပ်စစ်ကားများအတွက် အခဲဘက်ထရီတစ်မျိုးကို အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။solid-state battery လို့ ခေါ်တဲ့ အခဲဘက်ထရီကို နောက်နှစ်မှာ တိုယိုတာက ထုတ်လုပ်မယ့် လျှပ်စစ်ကားတွေမှာလည်း ပထမဆုံး စတင် အသုံးပြုမှာ ဖြစ်ပြီး အခဲဘက်ထရီဟာ လျှပ်စစ်ကားတွေရဲ့ အနာဂတ်မှာ အသုံးအများဆုံး အမျိုးအစား ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။
Samsung က ထုတ်လုပ်မယ့် အခဲဘက်ထရီကို Samsung လက်အောက်မှာ လုပ်ကိုင်နေတဲ့ Advanced Institute of Technology (SAIT) က ထုတ်လုပ်မှာဖြစ်ပြီး အားတစ်ခါ အပြည့်ဖြည့်ထားပြီးရင် ယခုလက်ရှိ လျှပ်စစ်ကားတွေမှာ သုံးနေတဲ့ ဘက်ထရီတွေက ခရီးတာ မိုင် ၂၀၀ မှ ၃၀၀ အထိ မောင်းလို့ရပြီး Samsung က ထုတ်လုပ်မယ့် အခဲဘက်ထရီကတော့ မိုင် ၄၀၀ ကနေ ၆၀၀ အထိ မောင်းလို့ရမှာ ဖြစ်လို့ ခရီးတာ ၂ ဆ ပိုပါတယ်။ အရွယ်အစားက လက်ရှိသုံးနေတဲ့ ဘက်ထရီတွေရဲ့ ထက်ဝက်ပဲ ရှိမယ်လို့ ဆိုပါတယ်။
အခုလို ၂ ဆ သာရတဲ့ အဓိက အကြောင်းရင်းတစ်ခုက ဘက်ထရီတွေမှာ သုံးစွဲရတဲ့ လျှပ်လိုက်ပစ္စည်းကို အရည် သို့မဟုတ် အရည်ပျစ် သို့မဟုတ် အခဲပျော့ ဂျယ်လီ အခြေအနေကို မသုံးစွဲဘဲ အစိုင်အခဲအခြေအနေကို သုံးစွဲထားတာ ဖြစ်ပါတယ်။ ဒီတော့ အစိုင်အခဲက အရည်ထက် သိပ်သည်းဆ ပိုများပြီး လျှပ်စစ်စွမ်းအင်ပမာဏ သိပ်သည်းမှုလည်း ပိုများတာကြောင့် အားထုတ်ယူသုံးစွဲတဲ့အခါ ပိုကြာကြာ ခံပါတယ်။ ခရီးတာ ပိုများများ မောင်းလို့ ရသွားစေတယ်။
Samsung ရဲ့ ဘက်ထရီဟာ ကျစ်လစ်နေအောင် အဖိုနဲ့အမ လျှပ်ကူးပစ္စည်းနှစ်မျိုးအကြား အင်မတိအင်မတန် ပါးလွှာတဲ့ ငွေကာဘွန်ဆေးလွှာ သုတ်ပေးပြီး ကြားခံအဖြစ် ထည့်ပေးထားတယ်။ အထူက ၅ မိုက်ခရိုမီတာ ပဲ ရှိတယ်။ ( ၁ မိုက်ခရိုမီတာဟာ တစ်မီတာရဲ့ အပုံ တစ်သိန်းပုံ တစ်ပုံ ဖြစ်ပါတယ်) ပါးပါတယ်ဆိုတဲ့ ကြက်သွန်ခွံက အဘွားခေါ်ရအောင် ပါးတာ ဖြစ်တာမို့ ဘက်ထရီမှာ သုံးတဲ့ ကြားခံတွေ နေရာယူတာ မရှိသလောက် ဖြစ်သွားပါတယ်။
အဲဒီ ကောင်းကျိုးအပြင် ဘက်ထရီကို အားထုတ်သုံးလိုက် အားပြန်သွင်းလိုက် အကြိမ်ကြိမ် လုပ်တဲ့အခါ အဖိုနဲ အမ လျှပ်လိုက်ပစ္စည်း electrolyte တွေရဲ့ မျက်နှာပြင်ပေါ်မှာ ဆားပွင့်တာကိုလည်း မဖြစ်ပွားစေတော့ဘူး။ အားထုတ်သုံးချိန်မှာလည်း လျှပ်စီးကို တည်တည်ငြိမ်ငြိမ် ဖြစ်နေစေတယ်။
လက်ရှိ စမ်းသပ်ထားတာတွေအရ အားထုတ်သုံး အားကုန်လို့ အားပြန်သွင်း အကြိမ်ကြိမ် လုပ်ကိုင်တာကို ကြိမ်ရေ ၁၀၀၀ အနည်းဆုံး လုပ်နိုင်တယ်လို့ Samsung က ဆိုပါတယ်။ ခရီးမိုင် ၅ သိန်းအထိ မောင်းပြီးမှ ဘက်ထရီ အသစ်လဲဖို့ လိုကောင်းလိုလာမှာ ဖြစ်ပါတယ်၊
လျှပ်စစ်ကား သုံးတဲ့သူတွေမှာ စဉ်းစားကြတဲ့ အချက် သုံးချက် ရှိတယ်။ ကားရဲ့ စွမ်းရည်နဲ့ ကားရဲ့ ရုပ်ရည်က ဘယ်လိုလဲံ။ အားတစ်ခါ အပြည့်ဖြည့်ထားပြီးရင် ခရီး ဘယ်နှမိုင်အထိ မောင်းလို့ရသလဲ။ အားတစ်ခါသွင်းရင် အချိန်ဘယ်လောက် ကြာသလဲ။ ဘက်ထရီက ပထမ အချက်မှာ တစ်စိတ်တစ်ပိုင်း အရေးပါပြီး ဒုတိယနဲ့ တတိယအချက်တွေကတော့ ဘက်ထရီနဲ့ပဲ သက်ဆိုင်ပါတယ်။
ယခုအခါ လျှပ်စစ်ကားတွေမှာ သုံးနေကြတဲ့ ဘက်ထရီတွေကု လီသီယမ်အိုင်ယွန်း ithium-ion ဘက်ထရီတွေ ဖြစ်ပြီး စမတ်ဖုန်းတွေ လက်ပ်တော့တွေမှာ သုံးနေတဲ့ ဘက်ထရီနဲ့ အခြေခံအားဖြင့် အတူတူပဲ ဖြစ်ပါတယ်။ လီသီယမ်အိုင်ယွန်းဘက်ထရီတွေကို လျှပ်စစ်ကားမှာ သုံးနေကြတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခုထက် ပိုကောင်းအောင် လုပ်ပေးဖို့ လိုနေတာတော့ အမှန်ပဲ။
လီသီယမ်အိုင်ယွန်းဘက်ထရီတွေ အားသွင်းအားထုတ် လုပ်ဖန်များလာတဲ့အခါ လျှပ်စစ်စွမ်းအင် သိုလှောင်နိုင်စွမ်း ကျဆင်းလာတယ်။ စမတ်ဖုန်းတွေမှာ ဖုန်းက ကောင်းနေဆဲဖြစ်ပေမဲ့ ကြာလာတဲ့အလျောက် ဘက်ထရီက ညံ့လာလို့ နောက်ဆုံး ဘက်ထရီအသစ်လဲကြရတာ ဒီအားနည်းချက်ကြောင့် ဖြစ်ပါတယ်။ နောက်ထပ် အားနည်းချက် တစ်ခုက ဘက်ထရီက အပူတအားထွက်တယ်။ ဒီတော့ ဒီဇိုင်းမှာ အအေးပေးတဲ့စနစ်ကို ထည့်ပေးထားရတယ်။
အဲဒီအတွက် နေရာယူတဲ့အပြင် အလေးချိန်လည်း တိုးတယ်။ အထဲမှာ ပါတဲ့ လျှပ်လိုက်ပစ္စည်း အရည်ပျစ်က မီးလောင်လွယ်တာမို့ ဘက်ထရီ မီးထလောင်တာ ဖြစ်ပွားတတ်တယ်။ ဖုန်းအားသွင်းထားရာမှ မီးထလောင်လို့ အိမ်ပြာကျရတာ ဘက်ထရီကြောင့် ဖြစ်ပါတယ်။ အခန့်မသင့်ရင် ပေါက်ကွဲတာအထိ ဖြစ်ပွားနိုင်ပါတယ်။ ဒီတော့ လျှပ်စစ်ကားလုပ်ငန်း နယ်ပယ်မှာ အရည်ပျော့ သို့မဟုတ် အခဲပျစ်ဂျယ်လီအစား အစိုင်အခဲအခြေအနေဖြစ်တဲ့ လျှပ်လိုက်ပစ္စည်းတွေကို သုံးဖို့ လိုအပ်နေပေမဲ့ ထုတ်လုပ်ရေးပိုင်းမှာ အခက်အခဲ ရှိနေခဲ့တယ်။
အမြောက်အမြား ထုတ်လုပ်ဖို့အတွက် အခက်အခဲတွေ ရှိနေတဲ့အပြင် ထုတ်လုပ်နိုင်ပြန်ရင်လည်း ဈေးနှုန်းက ဈေးကြီးနေတယ်။ ကားတန်ဖိုးဟာ ဘက်ထရီကြောင့် ဈေးပိုကြီးသွားမှာ ဖြစ်တဲ့အပြင် ဘက်ထရီသက်တမ်းကုန်လို့ အသစ်လဲရတဲ့အခါမှာလည်း ဈေးကြီးပေးပြီး ဝယ်လဲရမှာမို့ ဓာတ်ဆီကားကနေ လျှပ်စစ်ကား ပြောင်းစီးဖို့ နောက်တွန့်နေစေလိမ့်မယ်။ အဲဒါကြောင့် လျှပ်စစ်ကား ထုတ်လုပ်သူတွေက လက်ရှောင်ထားကြရတယ်။
အခုလည်း လီသီယမ်အိုင်ယွန်းဘက်ထရီတွေရဲ့ ဈေးနှုန်းနဲ့ သိပ်မကွာတဲ့ ဈေးနဲ့ ထုတ်လုပ်ရောင်းချပေးနိုင်မှာလား။ လိုသလောက် အရေအတွက် သန်းချီပြီး အချိန်တိုတိုအတွင်း ထုတ်ပေးနိုင်မှာလားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေအာမခံချက် မကြားကြရသေးဘူး။ အမေရိကန် ထိပ်တန်း လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း Tesla ဆိုရင် သူ့ကားတွေမှာသုံးဖို့ ဘက်ထရီစက်ရုံ အကြီးစား Gigafactory တွေ သီးခြားတည်ဆောက်ပြီး ထုတ်လုပ်ရတယ်။
ကမ္ဘာပေါ်မှာ လီသီယမ်အိုင်ယွန်းဘက်ထရီတွေ အများဆုံး ထုတ်လုပ်တဲ့လုပ်ငန်းတစ်ခု ဖြစ်တဲ့ Panasonic က စီးပွားဖြစ် တွက်ခြေကိုက်အောင် ထုတ်လုပ်ရောင်းချဖို့ဆိုတာ တစ်ဆယ်နှစ်လောက်တော့ ကြာဦးမယ်လို့ ဆိုပါတယ်။ Tesla ရဲ့ Gigafactory ဘက်ထရီထုတ်လုပ်ရေးစက်ရုံတွေမှာ ပူးတွဲပိုင်ဆိုင်ထားပြီး Tesla ရဲ့ ကားတွေအတွက် လီသီယမ်အိုင်ယွန်းဘက်ထရီတွေ အမြောက်အမြား ထုတ်လုပ်ပေးနေတယ်။ solid-state အခဲအခြေအနေ ဘက်ထရီလမ်းကြောင်းကို မလိုက်သေးဘဲ လီသီယမ်အိုင်ယွန်းဘက်ထရီတွေ အခုထက် ပိုကောင်းအောင် ကြိုးပမ်းလုပ်ဆောင်နေတယ်။
ခရီးမိုင် တစ်သန်းအထိ အသုံးခံတဲ့ လီသီယမ်အိုင်ယွန်းဘက်ထရီတွေ ထုတ်လုပ်တော့မှာ ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ ဒီတော့ အရည်ပျစ်ဘက်ထရီတွေနေရာကို အခဲအခြေအနေဘက်ထရီတွေ နေရာဝင်ယူဖို့ အချိန်အတိုင်းအတာတစ်ခု ကြာဦးမှာလားဆိုတာအတွက် အဖြေကို လာမယ့်နှစ်မှာ တိုယိုတာက အခဲအခြေအနေဖြင့် လျှပ်စစ်ကားတွေ ထုတ်လုပ်ရောင်းချတဲ့အခါ သိကြရမှာ ဖြစ်ပါတယ်။
By Myanmar Automobile Guide