ယခုခေတ်တွင် အတော်လေးရေပန်းစားနေသော လျှပ်စစ်ကားဆိုသည်မှာ အတွင်းပေါက်လောင်အင်ဂျင်များ မပေါ်ပေါက်ခင် ယခင်ကာလများ ကတည်းက ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
သမိုင်းအထောက်အထား မပြည့်စုံ၍သာ ယခုမှပေါ်ပေါက်လာသလို ထင်ခဲ့ကြခြင်းဖြစ်ပါသည်။
၁၈၃၂ ခုနှစ်မှ ၁၈၃၉ ခုနှစ်ကြားကာလတွင် စကော့တလန် နိုင်ငံသား Robert Anderson က စက်တပ်လှည်းကို ပထမဦးဆုံး တည်ဆောက်ခဲ့ပါသည်။
ထိုအချိန်က ဘက်ထရီများကို အားပြန်သွင်း၍ မရသေးပေ။
၁၈၃၇ ခုနှစ်တွင် စကော့တလန်နိုင်ငံသားဖြစ်သော Robert Davidson က လျှပ်စစ်စွမ်းအင်သုံး ရထားစက်ခေါင်းနမူနာကို တီထွင်ခဲ့ပါသည်။
၁၈၄၁ ခုနှစ်တွင် အရွယ်အစားပိုကြီးမားပြီး အရည်အသွေး ပိုကောင်းသော ရထားစက်ခေါင်းတစ်ခုကို ထပ်မံဖန်တီးခဲ့ပါသည်။
ခြောက်တန်အလေးချိန်ကို ဆွဲပြီး တစ်နာရီကို လေးမိုင်နှုန်းသွားနိုင်သော ထိုစက်ခေါင်းသည် ခရီးတစ်မိုင်ခွဲသွားပြီးလျှင် ဘက်ထရီအသစ်များ ထပ်ပြီး လဲလှယ်ရန် လိုပါသည်။
သို့သော် ထိုအချိန်က ရေနွေးငွေ့သုံးအင်ဂျင်များနှင့် အလုပ်လုပ်နေသော မီးရထား ဝန်ထမ်းများက သူတို့၏ လုပ်ငန်း ထိခိုက်လာမည် စိုးရိမ်သည့်အတွက် Galvani ဟု အမည်ပေးထားသော Davidson ၏ စက်ခေါင်းကြီးကို ဝိုင်းဝန်း ဖျက်ဆီးပစ်လိုက်ပါသည်။
၁၈၅၉ ခုနှစ်တွင် ဘက်ထရီများ အားပြန်သွင်း၍ ရလာသောလျှပ်စစ်ကားဖန်တီးရန် စိတ်ကူးများ ပိုနီးစပ်လာပါသည်။
စကော့တလန်နိုင်ငံတွင် မွေးပြီး Lowa ပြည်နယ်၊ Des Moines မြို့တွင် နေထိုင်သော ဓာတုပညာရှင် William Morrison က ၁၈၈၇ ခုနှစ်ခန့်တွင် သူဖန်တီးခဲ့သော လျှပ်စစ်စွမ်းအင်သုံးယာဉ် အတွက် ၁၈၉ဝ ပြည့်နှစ်တွင် ထုတ်ကုန်မူပိုင်ခွင့် လျှောက်ထားခဲ့ပါသည်။
Morrison ၏ လျှပ်စစ်ယာဉ်ကို ၁၈၈၈ ခုနှစ်တွင် မြို့တော်အတွင်း လှည့်လည်ပြသခဲ့ပါသည်။
မြင်းကောင်ရေ လေးကောင်အား၊ ရှေ့ဘီး ယက်စနစ်သုံးဖြစ်သော ထိုယာဉ်သည် အမြင့်ဆုံး တစ်နာရီ မိုင်နှစ်ဆယ်နှုန်းအထိ မောင်းနှင်နိုင်ပါသည်။
ဘက်ထရီဆဲလ် ၂၄ ခုပါဝင်ပြီး မိုင်ငါးဆယ် သွားပြီးတိုင်း အားပြန်သွင်းရပါသည်။
Morrison ၏ လျှပ်စစ်လှည်းယာဉ်သည် ၁၈၉၃ ခုနှစ် ရှီကာဂို ကမ္ဘာ့ကုန်စည်ပြပွဲတွင် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။
Morrison သည် မော်တော်ယာဉ်သွားလာမှုထက် ဘက်ထရီစွမ်းအင်ကိုသာ ပိုပြီး စိတ်ဝင်စားခဲ့သော်လည်း တခြားတီထွင်ဖန်တီးသူများ၏ စိတ်ကူးစိတ်သန်းများကို အစပျိုးပေးခဲ့သူ ဖြစ်ပါသည်။
ယခုခေတ်မှာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်မည့် လျှပ်စစ်ကားများကို ကမ္ဘာနှင့်ချီပြီး ထုတ်လုပ်အသုံးပြုနိုင်ရန် နိုင်ငံများအားလုံးက တီထွင်ဖန်တီးနေပြီ ဖြစ်ပါသည်။