လျှပ်စစ်ကားထုတ်လုပ်ရန် မိတ်ဖက်ကုမ္ပဏီနဲ့ လက်မှတ်ထိုးပြီးဖြစ်၍ မကြာမီ သရုပ်ပြစမ်းသပ်မည်


ပြည်တွင်းမှာ လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ မိတ်ဖက်ကုမ္ဗဏီနဲ့ ဆွေးနွေးမှုသဘောတူညီချက် AoD လက်မှတ်ရေးထိုးပြီးထားပြီး မကြာခင်သရုပ်ပြစမ်းသပ်မယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက အနာဂတ်မှာ လျှပ်စစ်ဘတ်စ်ကားများ အသုံးပြုနိုင်ရေး ဘယ်လို ဆောင်ရွက်ထားတယ်ဆိုတာကို သိရှိလိုခြင်းနဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ အခုလို ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

ဦးခင်မောင်ချိုက စက်မှုဝန်ကြီးဌာနအနေနဲ့ သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၄) အကြီးစားစက်ရုံမှာ နိုင်ငံတော်အတွက် အကျိုးရှိထိရောက်စေမယ့် ထုတ်လုပ်မှုများအနက် လျှပ်စစ်ဘတ်စ်ကားများ စတင်ထုတ်လုပ်တပ်ဆင်ခြင်းကို Green Power Myanmar Co. Ltd နဲ့ ပူးပေါင်းပြီးနည်းပညာ ထုတ်လုပ်မှုနဲ့ ဈေးကွက်ဆိုင်ရာ အချက်အလက်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အဆင်သင့်စတင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်ဆွေးနွေးသဘောတူညီချက် AoD ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် AoD အရ စီမံဘဏ္ဍာဝန်ကြီးဌာန အောက်မှာရှိတဲ့ Projeck Bank ကို ပေးပို့ထားတဲ့အချက်အလက်များအတိုင်းသာ သဘောတူညီမှု ပြုခဲ့ကြပြီး လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြအတည်ပြုချက်ရယူပြီး ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိကမ္ဘာပေါ်မှာ သမာရိုးကျအင်ဂျင်နဲ့ မောင်းနှင်တဲ့ မော်တော်ယာဉ်တွေဟာ ကာဘွန်ထုတ် လုပ်မှုများပြားတာကြောင့် ဖန်လုံအိမ်အာနိသင်လျှော့ချနိုင်ဖို့ ကာဘွန်ထုတ်လုပ်မှုမရှိတဲ့ လျှပ်စစ်ကားတွေကို တီထွင်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ Electric Vehicle များကို အိမ်စီးဆလွန်းကားငယ်များမှာသာ အများဆုံးအသုံးပြုကြပြီး Electric Bus တွေကိုတော့ အနည်းငယ်သာ အသုံးပြုကြသေးတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း လက်ရှိအခြေအနေမှာ ဟန်ဂေရီနိုင်ငံ၊ CSEPLE Holding Ltd က ထုတ်လုပ်တဲ့ MODULO Brand Electric Bus များကို ဥရောပ နည်းပညာဖြင့် Green Power Myanmar Co.Ltd နဲ့ ပူးပေါင်းပြီး အမှတ်(၁၄) အကြီးစားစက်ရုံ (သာဂရ)မှာ စတင်တပ်ဆင်ထုတ်လုပ်သွားနိုင်ရေး ကနဦးလေ့လာ သုံးသပ်မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။

လျှပ်စစ်ကားတွေကို ထုတ်လုပ်ရာမှာ ခရီးသည်တင်ဘတ်စ်ကားအမျိုးအစား Model သုံးမျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး ကိုယ်ထည်မှာ Modular Type Composite Structure ဖြစ်ပါတယ်။ Dash Board Trimming Parts ၊ ထိုင်ခုံများနဲ့ အားဖြည့်မှန်တွေကိုတော့ ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်သွားမှာ ဖြစ်ပါတယ်။သည်လျှပ်စစ်ဘတ်စ်ကားများအတွက် axle suspension steering brake drive motor battery နဲ့ control unit များ၊ အားသွင်းစနစ်များနဲ့ အခြားဆက် စပ်ပစ္စည်းများကို ဂျာမနီနိုင်ငံ ဒိမ်းမလားဘင့်ဇ်၊ ဆီးမင်းနဲ့ ဟန်ဂေရီ နိုင်ငံများမှရယူပြီး တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဓိကကျတဲ့ ဘက်ထရီကိုတော့ ဥရောပနဲ့တရုတ်နိုင်ငံတို့မှ မှာယူအသုံးပြု သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သည်လျှပ်စစ်ဘတ်စ်များမှာ မိုင် ၁၅၀ အထိ တောက်လျှောက် မောင်းနှင်နိုင်မယ့် Lithium Battery Pack များတပ်ဆင်ပြီး Eticket စနစ်များကိုလည်း တပ်ဆင်အသုံးပြုမှာဖြစ်ကြောင်း သိရပါသည်။ ရေလုံစနစ်ပါဝင်တာကြောင့် ရေလျှံလမ်းများမှာလည်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ စွမ်းအင်အသုံးပြုမှု ပိုမိုထိရောက်ပြီး ဓာတ်ဆီ၊ ဒီဇယ်အင်ဂျင်များနဲ့ နှိုင်းယှဉ်ရင် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိသက်သာခြင်း၊ ဘက်ထရီရဲ့သက်တမ်းမှာလည်း ရှစ်နှစ်မှ ၁၀ အထိရှိခြင်း၊ တပ်ဆင်ထားတဲ့ မော်တာများမှာဆွဲအား ရုန်းအားကောင်းမွန်ပြီး လည်ပတ်မှု ညက်ညောကာပြင်ဆင်ထိန်းသိမ်းစရိတ် အထူးသက်သာခြင်းတွေကြောင့် တာရှည်ခံမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးကပြောထားပါတယ်။

စက်မှုဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ကြိုတင်စီမံဆောင်ရွက် တဲ့အနေနဲ့ လျှပ်စစ်ကားများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Charging station တွေကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ရန်ကုန်မြို့နဲ့ နေပြည်တော်တို့မှာ တပ်ဆင်အသုံးပြုနိုင် ရေးဆောင်ရွက်နေပါတယ်။ သည့်အတွက် မိတ်ဖက်ကုမ္ဗဏီနဲ့ စက်မှုဝန်ကြီးဌာနတို့ ဆာဗေးပြုလုပ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ငါးနေရာကို ပဏာမအနေနဲ့ လျာထားရွေးချယ် ပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိ တယ်လို့ သိရပါတယ်။ သည် charging station တွေမှာ EV Saloon ကားများကိုပါ charging သွင်းနိုင်မယ့် charging ခေါင်းသုံးမျိုးပါရှိမှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ဝန်ကြီးဌာနအနေနဲ့ သည်တပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး စီမံဆောင်ရွက်မှုများ ဆောင်ရွက်ထားခြင်းသာဖြစ်ပြီး အကောင်အထည်ဖော်နိုင်ဖို့ကိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးဦးခင်မောင်ချိုက “လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှထုတ်လုပ် ရန်လျာထားတဲ့ E Bus အမျိုး အစားကို သရုပ်ပြစမ်းသပ်မှုများ ဆောင်ရွက်နိုင်ဖို့အတွက် Green Power Myanmar Co.Ltd မှ လျှပ်စစ်ဘတ်စ်ကားငါးစီးကို ပေးပို့တော့မှာဖြစ်ပြီး မကြာခင်ရောက် ရှိလာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် charging station သုံးခုကိုလဲ ကုမ္ပဏီရဲ့စရိတ်နဲ့သင့်လျော်တဲ့ နေရာတွေမှာ အသင့်တည်ဆောက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လတ်တလောမှာ မိတ်ဖက်ကုမ္ဗဏီရဲ့ အဆိုပြုချက်အရ စက်မှုဝန်ကြီးဌာနရုံးအမှတ် (၄၁)အနီးမှာ Charging Station တစ်ခုတည်ဆောက်ဖို့ ရည်ရွယ်ထားပြီး နေပြည်တော်လေဆိပ်၊ ဘူတာကြီး၊ ကားကြီးကွင်း၊ ဈေးကြီးစတဲ့နေရာတွေမှာ ပြည်သူတို့ သွားရေးလာရေးအဆင်ပြေစေဖို့နဲ့ ရှေးဦးစွာစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ဖို့ လျှပ်စစ်ဘတ်စ်ကားငါးစီးခန့်ဖြင့် ကနဦးစမ်းသပ်ပြေးဆွဲသွားမယ်လို့လည်း သိရပါတယ်။သည်လိုစမ်းသပ်မှုပြုလုပ်ခြင်း အားဖြင့် မြန်မာနိုင်ငံရဲ့ပကတိအခြေအနေနဲ့ ကိုက်ညီမှုရှိမရှိကို လက်တွေ့ကျကျတွေ့မြင်နိုင်ပြီး မှန်ကန်စွာဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ဝန်ကြီးက သုံးသပ်ပြောဆိုထားပါတယ်။ အစိုးရအနေနဲ့ ပြည်တွင်းမှာလျှပ်စစ်ဘတ်စ်ကားတွေ ထုတ်လုပ်နိုင်ရေးကို ၂၀၁၇ ခုနှစ်လောက်ကတည်းက စီစဉ်ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်လို့သိရပါတယ်။

Read 382 times