ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ လျှပ်စစ်ကားဆိုတာ အတွင်းပေါက်လောင်အင်ဂျင်တွေ မပေါ်ပေါက်ခင် ဟိုးအရင်ကာလတွေကတည်းက ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
သမိုင်းအထောက်အထား မပြည့်စုံလို့သာ အခုမှပေါ်ပေါက်လာသယောင် ထင်ခဲ့ကြတာဖြစ်ပါတယ်။
၁၈၃၂ ခုနှစ်ကနေ ၁၈၃၉ ခုနှစ်ကြားကာလမှာ စကော့တလန် နိုင်ငံသား Robert Anderson က စက်တပ်လှည်းကို ပထမဦးဆုံး တည်ဆောက်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဘက်ထရီတွေကို အားပြန်သွင်းလို့ မရသေးပါဘူး။
၁၈၃၇ ခုနှစ်မှာ စကော့တလန်နိုင်ငံသားပဲဖြစ်တဲ့ Robert Davidson က လျှပ်စစ်စွမ်းအင်သုံး ရထားစက်ခေါင်းနမူနာကို တီထွင်ခဲ့ပါတယ်။
၁၈၄၁ ခုနှစ်မှာတော့ အရွယ်အစားပိုကြီးမားပြီး အရည်အသွေး ပိုကောင်းတဲ့ ရထားစက်ခေါင်းတစ်ခုကို ထပ်မံဖန်တီးခဲ့ပါတယ်။ ခြောက်တန်အလေးချိန်ကို ဆွဲပြီး တစ်နာရီကို လေးမိုင်နှုန်းသွားနိုင်တဲ့ အဲဒီစက်ခေါင်းဟာ ခရီးတစ်မိုင်ခွဲသွားပြီးရင် ဘက်ထရီအသစ်တွေထပ်ပြီး လဲလှယ်ဖို့လိုပါတယ်။
ဒါပေမဲ့ အဲဒီအချိန်က ရေနွေးငွေ့သုံးအင်ဂျင်တွေနဲ့ အလုပ်လုပ်နေတဲ့ မီးရထားဝန်ထမ်းတွေက သူတို့ရဲ့လုပ်ငန်း ထိခိုက်လာမှာစိုးရိမ်တဲ့အတွက် Galvani လို့ အမည်ပေးထားတဲ့ Davidson ရဲ့ စက်ခေါင်းကြီးကို ဝိုင်းဝန်း ဖျက်ဆီးပစ်လိုက်ပါတယ်။
၁၈၅၉ ခုနှစ် မှာ ဘက်ထရီတွေ အားပြန်သွင်းလို့ရလာတော့ လျှပ်စစ်ကားဖန်တီးဖို့စိတ်ကူးတွေ ပိုနီးစပ်လာပါတယ်။
စကော့တလန်နိုင်ငံမှာ မွေးပြီး Lowa ပြည်နယ်၊ Des Moines မြို့မှာ နေထိုင်တဲ့ ဓာတုပညာရှင် William Morrison က ၁၈၈၇ ခုနှစ်လောက်မှာ သူဖန်တီးခဲ့တဲ့ လျှပ်စစ်စွမ်းအင်သုံးယာဉ် အတွက် ၁၈၉ဝ ပြည့်နှစ်မှာ ထုတ်ကုန်မူပိုင်ခွင့် လျှောက်ထားခဲ့ပါတယ်။ Morrison ရဲ့ လျှပ်စစ်ယာဉ်ကို ၁၈၈၈ ခုနှစ်မှာ မြို့တော်အတွင်း လှည့်လည်ပြသခဲ့ပါတယ်။
မြင်းကောင်ရေ လေးကောင်အား၊ ရှေ့ဘီး ယက်စနစ်သုံးဖြစ်တဲ့ အဲဒီယာဉ်ဟာ အမြင့်ဆုံး တစ်နာရီ မိုင်နှစ်ဆယ်နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။
ဘက်ထရီဆဲလ် ၂၄ ခုပါဝင်ပြီး မိုင်ငါးဆယ် သွားပြီးတိုင်း အားပြန်သွင်းရပါတယ်။
Morrison ရဲ့ လျှပ်စစ်လှည်းယာဉ်ဟာ ၁၈၉၃ ခုနှစ် ရှီကာဂို ကမ္ဘာ့ကုန်စည်ပြပွဲမှာ လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။
Morrison ဟာ မော်တော်ယာဉ်သွားလာမှုထက် ဘက်ထရီစွမ်းအင်ကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့ပေမဲ့ တခြားတီထွင်ဖန်တီးသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို အစပျိုးပေးခဲ့သူ ဖြစ်ပါတယ်။
ယနေ့ခေတ်မှာတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်မယ့် လျှပ်စစ်ကားတွေကို ကမ္ဘာနဲ့ချီပြီး ထုတ်လုပ်အသုံးပြုနိုင်ဖို့ နိုင်ငံတွေအားလုံးက တီထွင် ဖန်တီးနေပြီ ဖြစ်ပါတယ်။
Automobile