တခြားစက်ပစ္စည်းများ၊အီလက်ထရောနစ်ပစ္စည်းများကဲ့သို့ကားတစ်စီးဝယ်ပြီဆိုသည်နှင့်အသစ်ကျပ်ချွတ် မဟုတ်တော့ပဲအဟောင်းစာရင်းဝင်သွားမည်ဖြစ်သည်။
အသုံးများလာလေလေကား၏စွမ်ဆောင်ရည်လည်းကျလာလေလေဖြစ်လာပါလိမ့်မည်။
သို့သော်စနစ်တကျကိုင်တွယ်ထိန်းသိမ်းတတ်ပါကမိုင်ထောင်သောင်းချီမောင်းနှင်ပြီးဖြစ်သည့်ကား၏ အင်ဂျင်စွမ်းဆောင်ရည်မှာအသစ်တစ်စီးကဲ့သို့လတ်ဆတ်နေနိုင်ပါသည်။
မိမိကား၏စွမ်းဆောင်ရည်ကိုအသစ်ကဲ့သို့ဖြစ်နေစေချင်ပါကသတိပြုလိုက်နာသင့်သည့်အချက်ငါးချက်ကို သိရှိရန်အရေးကြီးပါသည်။
၁။ဆီများ၊ဝိုင်များစစ်ဆေးပါ
ကားတစ်စီးအဆင်ပြေပြေမောင်းနှင်နိုင်ရန်အတွက်လုပ်ငန်းပိုင်းရော၊ဖွဲ့စည်းပုံပါကွဲပြားသည့်အရည်အမျိုးမျိုးကို သင့်တော်သလိုအသုံးပြုရန်လိုအပ်ပါသည်။
အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ အင်ဂျင်ကူးလန့်အရည်၊ ဂီယာဆီအစရှိသည်တို့ကို ပုံမှန်အားဖြင့်ကားတစ်စီး၏ လမ်းညွှန်စာအုပ်တွင်မိုင်ပေါင်းနှစ်သောင်းမောင်းပြီးတိုင်းယင်းအရည်များတစ်ကြိမ်စစ်ရန်ထောက်ခံထားပါ လိမ့်မည်။
သို့သော်ကိုယ်တိုင်ကအခြေအနေပေးရင်ပေးသကဲ့သို့စစ်ဆေးပြီး လိုအပ်သကဲ့သို့ဆီများ၊ ဝိုင်များလဲလှယ်ခြင်း၊ အသစ်ဖြည့်ခြင်းများလုပ်ပေးနေရင်း ကား၏ကိရိယာအစိတ်အပိုင်းများအတွက်ကောင်းကျိုးဖြစ်ထွန်းမည် ဖြစ်ပါသည်။
၂။ပစ္စည်းကောင်းသုံးပါ။
အင်ဂျင်ဝိုင်၊ဘရိတ်ဆီတို့ဖြည့်လျှင်မိမိကားအတွက်အကိုက်ညီဆုံးအမျိုးအစားကိုသေချာရွေးချယ်သင့်ပါသည်။
ဈေးပေါတာကိုလိုက်မရှာဘဲအရည်အသွေးကိုဦးစားပေးသင့်ပါသည်။
သင့်တော်မှန်ကန်သည့်အင်ဂျင်ဝိုင်မှာအင်ဂျင်ဝိုင်၏သက်တမ်းကိုထိထိရောက်ရောက်ဆွဲဆန့်ပေးနိုင်ပါသည်။
တခြားလိုအပ်သည့်ကားအစိတ်အပိုင်းများအတွက်လည်းအရည်အသွေးကောင်းမွန်တာကိုရှာဖွေသင့်ပါသည်။
၃။ကားကိုလေ့ကျင့်ခန်းလုပ်ပေးပါ။
လူများကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်သကဲ့သို့ကားအင်ဂျင်ကိုလည်းလုပ်ပေးရပါမည်။
မနက်စောစောဘယ်ကိုမှမသွားခင်ကားစက်ကိုအနည်းဆုံးစက္ကန့် ၃၀ လောက်နှိုးထားတာမျိုး ကားအတွက်သွေးပူလေ့ကျင့်ခန်းသဘောဖြစ်ပါသည်။
ကမ္ဘာ့ဆွဲငင်အားကြောင့်နေ့လည်နှင့်ညနေပိုင်းများတွင်ကား၏ဆီများ၊ ဝိုင်များနှင့်အခြားအစိတ်အပိုင်းအချို့ အောက်ဘက်ကိုကျနေတတ်ပါသည်။
မနက်ပိုင်းစကိုပြန်နှိုးပေးထားသည့်အခါယင်းကဲ့သို့နေရာရွှေ့နေပုံများပုံမှန်အနေအထားပြန်ဖြစ်သွားပါသည်။
ပိုက်ထဲတွင်ဆီများပြန်တက်လာခြင်းမျိုးဖြစ်လာတတ်ပါသည်။
၄။ပြင်ပကိုယ်ထည်ကိုလည်းဂရုစိုက်
အင်ဂျင်ကောင်းရန်ပြင်ပကိုယ်ထည်ကိုဂရုစိုက်သင့်ပါသည်။
ကားကိုယ်ထည်တွင်ဖယောင်းသွင်းထားခြင်းမျိုးကဆားဖွဲ့စည်းမှုဖြစ်နိုင်ခြေကိုဟန့်တားပြီး ကားစက်ကိရိယာများထဲပြင်ပအမှိုက်သရိုက်အမှုန်အမွှားများမဝင်အောင်လည်းတားဆီးပေးပါသည်။
ထို့ပြင်ကားအောက်ပိုင်းတွင်ဆားပေါက်နိုင်သည့်အခြေအနေများကိုပုံမှန်စနစ်တကျဆေးကြောပေးသင့်ပါသည်။
၅။စမတ်ကျကျမောင်းနှင်ပါ
ကားကိုခပ်ဖြည်းဖြည်းစမောင်းရန်၊ဘရိတ်ကိုတတ်နိုင်သမျှဖြည်းဖြည်းအုပ်ရန်ပြောစရာမလိုသည့်ကိစ္စ ဖြစ်ပါသည်။
အတတ်နိုင်ဆုံးပြေပြစ်သည့်လမ်းများကိုရွေးချယ်ခြင်း၊ ချိုင့်ခွက်များကိုရှောင်ခြင်းကလည်းအင်ဂျင်ကိုအထိမနာစေရန်ညှာတာရာရောက်ပါသည်။
မိမိကားကိုယုယုယယဂရုစိုက်ပြီး စည်းနှင့်ကမ်းနှင့်မောင်းနှင်ခြင်းမျိုးမှာကား၏သက်တမ်းကို ပိုပြီးကြာကြာရှည်ရှည်အသုံးပြုစေနိုင်မည်ဖြစ်ပါသည်။