SUV အသေးစားမော်ဒယ်သစ် E-Pace ကို Jaguar စတင်မိတ်ဆက်


Jaguar သည်ဒီဇိုင်းပိုင်းရော၊ စွမ်းဆောင်ရည်ပိုင်းပါအဆင့်မြှင့်မွမ်းမံမှုများပြုလုပ်ထားသည့်အလတ်စား SUVအသစ် E-Paceကိုစတင်မိတ်ဆက်လိုက်ပါသည်။

Jaguar ၏Art of Performanceဆိုသည့်စိတ်ကူးအတွေးအမြင်ကိုအခြေခံဖန်တီးထားသည့် E-Paceသည် Connected Car နည်းပညာတွေကိုလည်းအတော်လေးပီပီပြင်ပြင်ထည့်သွင်းအသုံးချလာသည်ကို တွေ့ရပါသည်။

ငါးယောက်စီးမော်ဒယ်လ်အနေဖြင့်တည်ဆောက်ထားသည့် E-Paceဟာ Jaguar ၏ F-Type အမျိုးအစား Coupeများကို ပြန်မှီငြမ်းထားသည့်အပိုင်းတချို့ပါဝင်နေကြောင်းသိရသည်။

ကားမှာ 4Gနဲ့ Wi-Fi ချိတ်ဆက်မှုစနစ်များနှင့် USB Port ရှစ်ခုပါရှိသကဲ့သို့အရွယ်အစားကြီးမားသည့် Touchscreenကိုအသုံးပြုထားပါသည်။

ကား၏ရှေ့ပိုင်းတွင်Jaguar ၏မူပိုင်ဟန်လို့ဆိုရမည့်အင်ဂျင်လေဝင်ပေါက်ဒီဇိုင်းကိုသာပြန်သုံးထားပြီး ကားနောက်မြီး၊ ကားဘီးခွေအစရှိသည်များကိုဒီဇိုင်းပြောင်းလဲရွေးချယ်ခွင့်များထည့်သွင်းပေးထားသည်။

ကား၏နောက်ဘက်ကုန်တင်ဧရိယာကိုလည်းချဲ့ပေးထားပါသည်။ 

ကား၏နည်းပညာပိုင်းမှာ Jaguarကိုယ်ပိုင် Digital Labsကထုတ်လုပ်တည်ဆောက်သည့် Hardware နှင့် Softwareများကိုထည့်သုံးထားကြောင်းသိရသည်။

ကားမှာနောက်ဘီးယက်နှင့်လေးဘီးယက်မောင်းနှင်မှုစနစ်များရွေးချယ်ခွင့်ရှိပြီး အင်ဂျင်အမျိုးအစားကလည်း စုံလင်ပါသည်။

ယာဉ်မောင်းသူကို Jaguar ၏ Active Driveline AWD စနစ်ကပါဝင်ကူညီထောက်ပံ့မည်ဟုပြောပါသည်။

E-Paceမှာဆလင်ဒါလေးလုံးတပ် 2.0-litre Si4 Ingenium ဓာတ်ဆီအင်ဂျင်နှင့်ဒီဇယ်အင်ဂျင်မျိုးကွဲများ ရွေးချယ်မှာယူခွင့်ရှိမည်ဟုသိရသည်။

စုစုပေါင်းအင်ဂျင်ရွေးချယ်ခွင့်မှာငါးမျိုးလောက်ပါရှိမည်ဖြစ်ပါသည်။ 

Jaguarက E-Paceဟာ ကုမ္ပဏီက တည်ဆောက်ဖူးသမျှ ဒီဇိုင်း အကျစ်လစ်ဆုံးနှင့်စွမ်းဆောင်ရည် အားသာချက်အရှိဆုံးလက်ရာတစ်ခုအနေဖြင့်လည်းညွှန်းဆိုထားပါသည်။

ယင်းကားများကိုနောက်ဘီးယက်မောင်းနှင်မှုစနစ်အတွက်အခြေခံဈေးအဖြစ် ဒေါ်လာ ၃၇၅၀၀ လောက်နှင့် စတင်ရောင်းချသွားမည်ဖြစ်ကြောင်းဗြိတိန်ကားကုမ္ပဏီက ကြေညာထားပါသည်။

Read 870 times