နေပြည်တော် လေဆိပ်၊ ဘူတာကြီး၊ ကားကြီးကွင်းနှင့် ဈေးကြီးများသို့ လျှပ်စစ်ဘတ်စကားငါးစီးဖြင့် စမ်းသပ်ပြေးဆွဲလိုကြောင်း Green Power Myanmar Co., Ltd က သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းမေးမြန်းသော မေးခွန်းကို ပြန်လည်ရှင်းလင်းစဉ် ပြောကြားခြင်းဖြစ်ပါတယ်။
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် တစ်စိတ်တစ်ပိုင်းတပ်ဆင် ထုတ်လုပ်သည့်စနစ် (SKD) ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ပြည်ပကုမ္ပဏီပေါင်းမည်မျှရှိပြီး မော်တော်ယာဉ်များ၏ အရည်အသွေးကြံ့ခိုင်ကောင်းမွန်မှု (Quality control)ကို မည်ကဲ့သို့ထိန်းချုပ်ထားပါသနည်းနှင့် အနာဂတ်တွင် လျှပ်စစ်ဘတ်စကား(e Bus) များ စမ်းသပ်မောင်းနှင်အသုံးပြုနိုင်ရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဦးဆိုင်းငေါင်းဆိုင်ဟိန်းက မေးမြန်းခြင်းဖြစ်ပါတယ်။
“နေပြည်တော်လေဆိပ်၊ ဘူတာကြီး၊ ကားကြီးကွင်းနဲ့ဈေးကြီးများစတဲ့နေရာတွေမှာ ပြည်သူတို့သွား လာရေး အဆင်ပြေစေဖို့ လျှပ်စစ်ဘတ်စကားငါးစီးဖြင့် ကနဦးစမ်းသပ်ပြေးဆွဲမှုပြုလုပ်လိုပါကြောင်း ကုမ္ပဏီဘက်မှ အဆိုပြုလာ၍ စမ်းသပ်မှုပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီးက ဆိုခဲ့ပါတယ်။
သရုပ်ဖော် စမ်းသပ်မှုများ ဆောင်ရွက်ရန်အတွက် Green Power Myanmar Co.,Ltd မှ ပေးပို့မည့် လျှပ်စစ်ဘတ်စကား ငါးစီးမှာ မကြာခင်ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ထိုသို့ စမ်းသပ်မှုပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိကို လက်တွေ့ကျကျ တွေ့မြင်နိုင်ပြီး မှန်ကန်စွာသုံးသပ် ဆောင်ရွက်နိုင်မည်ဟု ၎င်းကဆိုပါတယ်။
ယခုအခါ လျှပ်စစ်ကားများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော Charging Station များအား ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်၊ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် တပ်ဆင် အသုံးပြုနိုင်ရေးအတွက် မိတ်ဘက်ကုမ္ပဏီနှင့် စက်မှုဝန်ကြီးဌာနတို့ Survey ပြုလုပ်လျက်ရှိကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် နေရာရှစ်ခု၊ ရန်ကုန်မြို့တွင် နေရာ ၃၆ခုနှင့် နေပြည်တော်တွင် နေရာငါးခုကိုပဏာမအနေဖြင့် လျာထားရွေးချယ်ပြီး ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
အဆိုပါ Charging Stationများတွင် E Bus များကိုသာမက EV Saloon ကားများကိုပါ Charging သွင်းနိုင်မည့် Charging ခေါင်းသုံးမျိုးပါရှိမည်ဖြစ်ပြီး စက်မှုဝန်ကြီးဌာနအနေဖြင့် လက်ရှိအခြေအနေတွင် ကြိုတင်စီမံမှုများကို ဆောင်ရွက်ထားခြင်းဖြစ်ကာ အကောင်အထည်ဖော်နိုင်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့ သို့တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထို့ပြင် ဟန်ဂေရီနိုင်ငံ၊ CSEPLE Holding Ltdမှ ထုတ်လုပ်သည့် MODULO Brand Electric Bus များကို ဥရောပနည်းပညာဖြင့် Green Power Myanmar Co,Ltdနှင့် ပူးပေါင်း၍ အမှတ်(၁၄)အကြီးစားစက်ရုံ (သာဂရ)၌ စတင်တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် ကနဦး လေ့လာသုံးသပ်မှုများလည်း ဆောင်ရွက်လျက်ရှိပါတယ်။