မောင်းသူမဲ့ကား ရဲဖမ်းမရ ဖြစ်နေခဲ့


မောင်းသူမဲ့ကား ရဲဖမ်းမရ ဖြစ်နေခဲ့

 

အမေရိကန်နိုင်ငံ စန်ဖရန်စစ္စကိုမြို့မှာ ညဖက် ရှေ့မီး မထွန်းဘဲ လမ်းပေါ်မောင်းနှင်နေတဲ့ ကားတစ်စီးကို လှည့်ကင်းရဲတပ်ဖွဲ့က ရပ်ခိုင်းခဲ့ပါတယ်။ ရဲအရာရှိများက အရေးယူဖို့ ကားအနီးသို့ ရောက်တဲ့အခါ ကားထဲမှာ လူတစ်ယောက်မှ မပါတာ တွေ့ရပြီး ပဟေဠိ ဖြစ်‌ေနခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ကားက ပင်ကို မောင်းနှင်တဲ့ကား ဖြစ်လို့ ကားပေါ်မှာ ယာဉ်မောင်းသူ ပါမလာတာ ဖြစ်ပါတယ်။

ယခုလို ဖြစ်ပွားနေတာကို အနားရှိ လမ်းသွားလမ်းလာများ သဘောကျပြီး ရယ်မောကြပါတယ်။ လမ်းသွားလမ်းလာတစ်ဦးက မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက်မှာ "အနာဂတ်ကို ကြိုဆိုပါ" လို့ ရေးသားကာ ဗီဒီယိုကို တင်ပြခဲ့ပါတယ်။

 

ဗီဒီယို

 

ရဲအရာရှိများက ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်အောင်ဖြစ်ကြရင်း ကားထဲကို အကြိမ်ကြိမ် ကြည့်ခဲ့ကြပါတယ်။

ကားပိုင်ရှင်က Cruise ကုမ္ပဏီမှ ဖြစ်ပြီး ကားကိုယ်ထည်ပေါ်မှာ Cruise ကို စာလုံးကြီးကြီး ဖြင့် ဖော်ပြထားပါတယ်။

 

ရဲတပ်ဖွဲ့က Cruise ကုမ္ပဏီကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ရှေ့မီးမဖွင့်တာ ကားရဲ့အမှား မဟုတ်ဘဲ ကုမ္ပဏီဝန်ထမ်းက မီးပိတ်ထားခဲ့မိတာ ဖြစ်ကြောင်း Cruise က အကြောင်းပြန်ခဲ့ပါတယ်။ 

ပင်ကိုမောင်းနှင်တဲ့ကားက ရဲကား လိုက်ဖမ်းပြီဆိုတာ သိလို့ ဘေးကင်းကင်းဖြင့် လမ်းဘေးချပြီး ရပ်လို့ ရတဲ့နေရာကို ရွေးပြီး ရပ်ပေးခဲ့တယ်လို့ Cruise ကုမ္ပဏီက ရှင်းပြပါတယ်။

 

၂၀၁၃ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ Cruise က ပင်ကိုမောင်းနှင်စွမ်းရည် ရာနှုန်းပြည့် ဖြစ်စေမယ့် ဆော့ဖ်ဝဲ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ လုပ်ငန်း ဖြစ်ပါတယ်။

Cruise ရဲ့ ရှယ်ယာအများစုကို အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး ထိပ်တန်းလုပ်ငန်း General Motors က ပိုင်ဆိုင်ပါတယ်။ Microsoft, Honda , Walmart အစရှိတဲ့ ထိပ်တန်း လုပ်ငန်းကြီးများကလည်း Cruise မှာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။

ဖေဖော်ဝါရီလကစလို့ Cruise က စန်ဖရန်စစ္စကိုမြို့တွင်း လမ်းခရီးအတွက် အခမဲ့ ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးအပ်လျက်ရှိပါတယ်။ Cruise ရဲ့ မောင်းသူမဲ့ကား စီးလိုသူက ကြိုတင်စာရင်း ပေးသွင်းထားဖို့ လိုအပ်ပါတယ်။

Source: AFP

Read 15949 times