ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိမှတ်ပြု ထုတ်လုပ်ပေးထားသည့် မည်သည့်ယာဉ်မောင်းလိုင်စင်မဆို အာဆီယံဒေသအတွင်း ၁၀ နိုင်ငံတွင် မောင်းနှင်ခွင့်ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။
မြန်မာနိုင်ငံနှင့် အာဆီယံဒေသအတွင်း နိုင်ငံများ၏ သဘောတူညီမှုအရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင်အသိအမှတ်ပြု ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင်၏ သတ်မှတ်ယာဉ်အမျိုးအစား အပေါ်မူတည်ပြီး အာဆီယံဒေသအတွင်း ၁၀ နိုင်ငံတွင် မောင်းနှင်ခွင့်ပြုထားကြောင်းသိရပါသည်။
အာဆီယံ ၁၀ နိုင်ငံအတွင်းတွင် အပြန်အလှန် ယာဉ်မောင်းနှင်ခွင့်ကို သဘောတူညီချက်နှင့်သာမက အတည်ပြုချက်နှင့်ပါ လတ်မှတ်ရေးထားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက တရားဝင်ထုတ်ပြန် ထားသော ယာဉ်မောင်းလိုင်စင်နှင့် အာဆီယံအဖွဲ့ဝင် အခြားနိုင်ငံများတွင် မောင်းနှင်ခွင့် ရရှိမည်ဖြစ်သကဲ့သို့ အခြားအာဆီယံနိုင်ငံများကလည်း မြန်မာနိုင်ငံတွင် မောင်းနှင်ခွင့်ရရှိမည်ဖြစ်ပါသည်။
အာဆီယံနိုင်ငံများတွင် မောင်းနှင်ရန်အတွက် တရားဝင်ထုတ်ပေးထားသော လိုင်စင်ရှိမည်ဆိုလျှင် အခြားလိုအပ်ချက်များ မရှိပါဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ (ရွာသာကြီး) မှ ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူးမှ ပြောကြားခဲ့ပါသည်။
အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများသည် ဘယ်မောင်းစနစ်ကျင့်သုံးပြီး စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်း နိုင်ငံများသည် ညာမောင်းစနစ်ကျင့်သုံးနေကြောင်း သိရပါသည်။
အာဆီယံဒေသအတွင်း ၁၀ နိုင်ငံအပြန်အလှန် မောင်းနှင်ဖြတ်သန်းသွားလာခွင့်ကို ၁၉၉၇ ခုနှစ်က သက်ဆိုင်ရာ နိုင်ငံများအချင်းချင်း သဘောတူညီမှုရရှိခဲ့ပြီး ၂၀၁၅ခုနှစ်တွင် အတည်ပြုသဘောတူညီမှု ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။