ယာဉ်တိုက်မှုဖြစ်ပွားရသောအကြောင်းတရားများကိုခွဲခြားစိတ်ဖြာလေ့လာပါကအကြောင်းရင်းများစွာတွေ့ရှိ ရမည်။
မော်တော်ယာဉ်စက်မှုပိုင်းဆိုင်ရာချို့ယွင်းမှုပြသနာများ၊ ရာသီဥတုအခြေအနေ၊ လမ်းတံတားအခြေအနေ၊ ယာဉ်ကြောသွားလာရေးထိန်းချုပ်မှုစနစ်(Traffic Control System)၊ ယာဉ်မောင်းသူတို့၏ စည်းကမ်းလိုက်နာမှုနှင့်ပေါ့ဆစွာမောင်းနှင်မှုစသောအချက်များသည် ယာဉ်တိုက်မှုဖြစ်စဉ်တိုးတက်စေသော အကြောင်းတရားများဖြစ်သညါ။
ယာဉ်မောင်းသူများကြောင့်ဖြစ်ပွားရသောခေါင်းစဉ်အောက်တွင်ယာဉ်မောင်းနေစဉ်အိပ်ငိုက်ခြင်းကြောင့်ယာဉ်တိမ်းမှောက်မှု၊ မတော်တဆမှုများကပို၍များသည်။
အချိန်ကြာကြာခရီးဝေးမောင်းနှင်ရသောအမြန်လမ်းမကြီးများတွင်အိပ်ငိုက်ခြင်းကြောင့်ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားသည်။
ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးတွင်ယာဉ်မောင်းအိပ်ငိုက်၍ဖြစ်ပွားရသော သေဆုံး၊ ဒဏ်ရာရသောခရီးသွားအရေအတွက်နှစ်စဉ်တိုးမြှင့်လျက်ရှိသည်။
မော်တော်ယာဉ်ထုတ်လုပ်သူကားကုမ္ပဏီကြီးများသည်ပိုမိုဘေးကင်းလုံခြုံသောကားများကိုထုတ်လုပ်နိုင်ရန်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး(Research and Development) လုပ်ငန်းများကိုအစဉ်ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
ယာဉ်မောင်းပင်ပန်းနွမ်းနယ်မှုကြောင့်ကားမောင်းစဉ်အိပ်ငိုက်သည်။
အိပ်ငိုက်နေသော Driver သည်ကားတစ်စီးကိုအန္တရာယ်ချောက်ထဲကျရောက်စေမည်။
ယာဉ်မောင်းအိပ်မငိုက်စေရန်အစဉ်နိုးကြားနေစေရန်သတိပေးနိုင်သောစနစ်တစ်ခုကို နည်းပညာအသုံးပြု၍ တပ်ဆင်ထားပါက ထိုအန္တရာယ်မှရှောင်ရှားနိုင်မည်။
ယာဉ်မောင်းပင်ပန်းနွမ်းနယ်ခြင်းနှင့်အိပ်ငိုက်ခြင်း(Driver Fatigue and Drownsiness)
ယာဉ်မောင်းသည်လူသားတစ်ဦးဖြစ်၍ဇီဝဖြစ်စဉ်အရပင်ပန်းနွမ်းနယ်မှုကိုငိုက်ခြင်းဖြင့်တုံ့ပြန်သည်။
ယာဉ်မောင်းနှင်ခြင်းသည်စက္ကန့်မလပ်အချိန်ပြည့်အာရုံစူးစိုက်ထားရသည်။
ယာဉ်မောင်းသူသည်စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွနိုးကြားနေရန်လိုအပ်သည်။
***သင်စိတ်ဝင်စားနိုင်သောမြို့ပြနှင့်ဝေးရာကျေးလက်များတွင်ကားမောင်းတော့မည်ဆိုလျှင်***
အိပ်ရေးကောင်းကောင်းမဝသော၊ပင်ပန်းနွမ်းနယ်နေသောယာဉ်မောင်းသူတစ်ဦးသည်နာရီပေါင်းများစွာခရီးရှည်မောင်းရပါက အိပ်ငိုက်တတ်သည်။
အိပ်ငိုက်ခြင်းကိုမည်သူမျှထိန်းချုပ်၍မရနိုင်။
အိပ်ချင်နေသောလူတစ်ယောက်၏မျက်ခွံများသည်အလေးလံဆုံးဖြစ်ပြီး မည်မျှပင်အားတင်းထားသော်လည်း တကယ်ပင်ပန်းနေသောအချိန်တွင် လူတစ်ယောက်သည်အိပ်ငိုက်ပြီးအရုပ်ကြိုးပြတ်ဖြစ်သွားတတ်သည်။
ယာဉ်မောင်းနှင်နေစဉ်ထို့သို့ဖြစ်သွားပါကထိန်းချုပ်မှုလွတ်ကင်းသွားသောမော်တော်ယာဉ်တစ်စီးသည်လမ်းကြောင်းပေါ်မှလွဲချော်သွားပြီး တိုက်ချင်ရာကိုဝင်တိုက်မိပါတော့မည်။
စိတ်ပညာသည်လူသားတို့၏အပြုအမူနှင့်စိတ်ခံစားတုံ့ပြန်မှုများကိုလေ့လာသောပညာဖြစ်သည်။
ယာဉ်မောင်းနှင်မှုစိတ်ပညာသည်ယာဉ်မောင်းသူတို့၏အပြုအမူနှင့်တုံ့ပြန်မှုများကိုလေ့လာသောပညာ ဖြစ်သည်။
ယာဉ်မောင်းတစ်ဦး၏ပင်ပန်းနွမ်းနယ်မှုနှင့်အိပ်ငိုက်ခြင်းသည်လူ့ခန္ဓာကိုယ်၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုဖြစ်သည်။
ပင်ပန်းနွမ်းနယ်မှုကိုလေ့လာပါကယာဉ်မောင်းအိပ်ငိုက်ခြင်းအကြောင်းတရားများကိုရှာဖွေနို်င်မည်။
ပင်ပန်းနွမ်းနယ်မှုအပေါ်သက်ရောက်နေသောအချက်များ
အဆင့်မြင့်ယာဉ်မောင်းပင်ပန်းနွမ်းနယ်မှုသုတေသနဌာန(The Advanced Driver Fatigue Reserarch) မှအစီရင်ခံစာအရယာဉ်မောင်းသူတစ်ဦး၏ ပင်ပန်းနွမ်းနယ်မှုကိုသက်ရောက်နေသောအချက်များကိုတွေ့ရှိရသည်။
(၁)အိပ်စက်မှုအရည်အသွေးနှင့်အိပ်စက်ချိန်
(၂)ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု
(၃)ကောင်းမွန်သောအစာအာဟာရ
(၄)အလုပ်ချိန်နှင့်အလုပ်ပေးဆပ်ရမှုအဆင့်များ
(၅)မော်တော်ယာဉ်ကိုင်တွယ်ရမှုတွင်သက်သောင့်သက်သာရှိသောအဆင့်အတန်း(ကားဟောင်း ကားစုတ်ကိုမောင်းရသော Driver သည်ပို၍ပင်ပန်းမည်။)
(၆)ရာသီဥတုအခြေအနေ(ပူလွန်းအေားလွန်းခြင်း)
(၇)လမ်းနှင့်ယာဉ်ကြောအခြေအနေ
(၈)ပုဂ္ဂိုလ်ရေးအကြောင်းခံများ
(၉)ပုဂ္ဂိုလ်ရေးပူပန်သောကများ
ပင်ပန်းနွမ်းနယ်မှုများကိုကုစားရန်သဘာဝတရားကြီးကလူတို့ကိုအိပ်စက်အနားယူစေသည်။
ကောင်းသောအိပ်စက်ခြင်းသည်ပင်ပန်းနွမ်းနယ်မှုများကိုပပျောက်စေသည်။
ထို့ကြောင့်ခရီးဝေး၊ခရီးရှည်အချိန်ကြာမြင့်စွာမောင်းနှင်ရသောယာဉ်မောင်းဆရာများသည်အိပ်ရေး ကောင်းကောင်းဝရန်လိုသည်။
အကောင်းဆုံးအခြေအနေတွင်အိပ်စက်နားနေနိုင်ရန်လိုသည်။
အိပ်စက်အနားယူသောနေရာသည်အေးချမ်းဆိတ်ငြိမ်သောနေရာဖြစ်သင့်သည်။
ခရီးရှည်နာရီပေါင်းများစွာမောင်းနှင်ပါကပင်ပန်းနွမ်းနယ်မှုသည်အလိုအလျောက်ဖြစ်ပေါ်ခံစားလာရသည်။
ပေါ်ခံစားလာရသည်။
ယာဉ်မောင်းတစ်ဦးသည်(၁၀)နာရီထက်ပို၍မမောင်းသင့်ပေ။
ထိုအချိန်ထက်ကျော်သွားပါကမောင်းနှင်မှုစွမ်းဆောင်ရည်ကျဆင်းလာပြီး အိပ်ငိုက်လာမည်။
အန္တရာယ်ဖြစ်မည်။
အချိန်ကြာမြင့်စွာမောင်းနှင်ရသောခရီးစဉ်များတွင်ယာဉ်မောင်း(၂) ဦးပါရှိရမည်။
ယာဉ်မောင်းသတိပေးနှိုးဆော်စနစ်
ပင်ပန်းနွမ်းနယ်နေသောယာဉ်မောင်းသည်အိပ်ငိုက်လာပါကအာရုံစူူးစိုက်မှုများကျဆင်းလာသည်။
မျက်ခွံများစင်းလာပြီး ဦးခေါင်းငိုက်ကျမည်။
မောင်းနှင်လှုပ်ရှားမှုနှင့်တုံ့ပြန်မှုများနှေးကွေးလေးလံလာမည်။
ယာဉ်မောင်းသူသည်မိမိအိပ်ငိုက်နေသည်ကိုသတိထားမိမည်မဟုတ်ပေ။
ဘေးမှအဖော်တစ်ယောက်ပါလာပါကယာဉ်မောင်းအိပ်ငိုက်နေသည်ကိုသတိပေးနိုင်မည်။
ယာဉ်မောင်းမျက်ခွံစင်းလာခြင်း၊ မျက်စိပိတ်သွားခြင်း၊ အိပ်ငိုက်ခြင်း၊ မူမမှန်လှုပ်ရှားဆောင်ရွက်မှုကို အစဉ်စောင့်ကြည့်ပြီး ကြိုတင်သတိပေးနို်င်ပါက ယာဉ်တိုက်မှုအန္တရာယ်မှရှောင်ရှားနိုင်မည်။
ယာဉ်မောင်းကိုစောင့်ကြည့်စစ်ဆေးနေသောအာရုံခံဆင်ဆာစနစ်များ၊ ကင်မရာများတပ်ဆင်ထားပြီး ယာဉ်မောင်းငိုက်ပြီးစအခြေအနေတွင်စူးရှသောအသံဖြင့်သတိပေးခြင်း၊ တုန်ခါမှုဖြင့်သတိပေးခြင်း၊ မီးရောင်ဖြင့်သတိပေးခြင်း၊ ခါးပတ်တင်းအားတုန်ခါမှုဖြင့်သတိပေးခြင်းစသော စနစ်တခုခုကိုအသုံးပြု၍ ယာဉ်မောင်းအိပ်မပျော်သွားစေရန်သတိပေးနှိုးဆော်သောအခြေခံစနစ် တစ်ခုကို စဉ်းစားလာကြသည်။
Driver Alert Systemသည်ယာဉ်မောင်းသူ၏ပင်ပန်းနွမ်းနယ်မှုလက္ခဏာများကိုထောက်လှမ်းစုံစမ်းပြီး သတိပေးသောစနစ်ဖြစ်သည်။
အာရုံခံထောက်လှမ်းသောဗီဒီယိုကင်မရာများ၊ဆင်ဆာများနှင့် ကွန်ပျုတာထိန်းချုပ်စနစ်(OEM)များ တပ်ဆင်ထားပြီး ငိုက်မြီးနေသော Driverတစ်ဦး၏မူမမှန်သောလှုပ်ရှားမှုလက္ခဏာများကို ထောက်လှမ်းခြင်းဖြင့်လျို့ဝှက်နည်းပညာပုံစံအမျိုးမျိုးဖြင့်ဈေးကွက်အသာစီးရရှိရန်ယှဉ်ပြိုင်ကြသည်။
Driver Alert System ကိုလည်းကားကုမ္ပဏီအလိုက်ကိုယ်ပိုင် Brand Name များဖြင့်ထုတ်လုပ်သည်။
-Ford(Driver Alert)
-Mercedes-Benz(Atten-tion Assist)
-Toyota(Driver Monito-ring System)
-Volkswagen(Fatigue Detection System)
-Volvo(Driver Alert Control)
-BMW(Attention Assistant)
Volvo ကားကုမ္ပဏီသည်ကမ္ဘာ့ပထမဆုံး Driver အိပ်ငိုက်ခြင်းကိုထောက်လှမ်းနိုင်သောစနစ်(Driver Drowsiness Detection System) အား ၂၀၀၇ ခုနှစ်တွင်စတင်ထုတ်ပြနိုင်ခဲ့သည်။
ယင်းစနစ်တွင်ဒရိုင်ဘာ၏လှုပ်ရှားမှုများကိုစောင့်ကြည့်နေသော Monitors စနစ်ပါရှိသည်။
ယာဉ်မောင်းသူအိပ်ငိုက်သောအပြုအမူဖြစ်လာပါကထူးခြားသောအသံဖြင့်သတိပေးမည်။
ထို့နောက်ကားဒတ်ချ်ဘုတ် Display တွင်ကော်ဖီခွက်သင်္ကေတပေါ်လာပြီး ကော်ဖီသောက်ခေတ္တနားရန် သတိပေးမည်။
Driver Alert Control စနစ်ပါသောကားမော်ဒယ်လ်အသစ်များကို Volvo သည် ၂၀၀၈ခုနှစ်တွင်ဈေးကွက်သို့ ဖြန့်ချိခဲ့သည်။
Volvo S80,XC 70 နှင့် V70 Model ကားများတွင် Driver Alert Control စနစ်တပ်ဆင်ပါရှိသည်။
Mercedes-Benz မှာ ၂၀၀၉ E Class Model ကားတွင် Attention Assist အမည်ဖြင့်ယာဉ်မောင်းသတိပေးစနစ်ကိုတပ်ဆင်ရောင်းချနိုင်ခဲ့သည်။
၂၀၁၃ Model ကားများဖြစ်သော C,CL,E,GL,M,S,SL နှင့် SLK Classမာစီးဒီးကားကြီးများတွင်ယာဉ်မောင်း သတိပေးစနစ်ဖြစ်သော Attention Assist ကိုတပ်ဆင်ထုတ်လုပ် ထားသည်။
ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချပြီးသောကားဟောင်းများကိုလည်းဒရိုင်ဘာသတိပေးစနစ်တပ်ဆင်အသုံးပြုနိုင် ရန် Driver Alert System ကိရိယာကိုထုတ်လုပ်ရောင်းချသည်။
Anti Sleep Pilot နှင့် Takata Safe Trakကိရိယာများသည်မည်သည့်ကားတွင်မဆို တပ်ဆင်အသုံးပြုနိုင် ပါသည်။
နည်းပညာနိမ့်တန်ဖိုးနည်းကိရိယာတစ်မျိုးမှာဒရိုင်ဘာရှေ့တွင်တပ်ဆင်ထားပြီး မျက်ခွံဖွင့်ခြင်း၊ ပိတ်ခြင်းကိုစောင့်ကြည့်၍ အိပ်ငိုက်ခြင်းကိုသတိပေးနိုင်ရန်စီစဉ်ထားသည်။
အမေရိကန်နှင့်ဥရောပနိုင်ငံများတွင်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်ပွားရသောယာဉ်တိုက်မှုများကို လေ့လာဆန်းစစ်ထားသည်။
ဥရောပတွင်နှစ်စဉ်ယာဉ်တိုက်မှုပေါင်း ၆၀၀၀ ကျော်သည်ယာဉ်မောင်းငိုက်မြီးခြင်းကြောင့်ဖြစ်ပွားရသည်။
၂၀၀၈ခုနှစ်နောက်ပိုင်းထုတ်လုပ်သောကားများတွင်ယာဉ်မောင်းသတိပေးစနစ်များတဖြည်းဖြည်းတပ်ဆင်ထုတ်လုပ်လာကြသည်။
ခရီးသည်တင်ဘတ်စ်ကားများနှင့်အဝေးပြေးထရပ်ကားကြီးများတွင်လည်းယာဉ်မောင်းသတိပေးနှိုးဆော်သောစနစ်ကိုတပ်ဆင်ထုတ်လုပ်ခြင်းအားဖြင့် ကြီးမားသောယာဉ်တိုက်မှုများကို လျော့ကျသွားစေနိုင်သည်။