Drive-in Theater ၊ သို့မဟုတ် Drive-in Cinema ဟု ခေါ်ဝေါ်ကြသော ရုပ်ရှင်ရုံများသည် အလွယ်ပြောရလျှ် ကွင်းပြင်ကျယ်ကြီးတွင် ကြီးမားသော ဖန်သားပြင်ကြီးတစ်ခုထားရှိပြီး
မော်တော်ကားများရပ်နားရင်း ကားပေါ်မှ ကြည့်ရှုရသော ရုပ်ရှင်ပြကွင်းများ ဖြစ်ပါသည်။
ထိုကဲ့သို့နေရာမျိုးများတွင် လာရောက်ကြည့်ရှုသူများအနေဖြင့် မိမိတို့ကားပေါ်မှ သက်သောင့်သက်သာနှင့် သီးသီးသန့်သန့် ကြည့်ရှုနိုင်ပါသည်။ မူလက ရုပ်ရှင်အသံကို ကြားရရန်အတွက် ရုပ်ရှင်ဖန်သားပြင်က
စပီကာများကိုသာအားကိုးခဲ့ရသော်လည်း နောက်ပိုင်းတွင် ကားတစ်စီးချင်းစီ၏ ပြတင်းပေါက်တွင် ဝါယာကြိုးနှင့် တွဲဆက်ထားသော စပီကာတစ်လုံးစီ ထားပေးခဲ့ပါသည်။ ယခု နောက်ပိုင်းမှာ ရုပ်ရှင်၏အသံကို
ကားတွင်း Stereo System နှင့် တွဲဖက် ဖန်တီးလိုက်ခြင်းကြောင့် ယခင်က သုံးနေသော ရိုးရိုးစပီကာများထက်စာလျှင် အသံအရည်အသွေး ပိုကောင်းလာပါသည်။ ကမ္ဘာ့ အကြီးဆုံး Drive-in Theater မှာ
Fort Lau-derdale Swap Shop ဟု ဆိုနိုင်ပြီး ကမ္ဘာ့အကြီးဆုံး လဟာပြင်ဈေးကြီးလည်း ဖြစ်ပါသည်။
Drive-in Theater များ၏ ရှေ့ပြေးဟုဆိုရမည့် Theatre de Guadalupe ကို ၁၉၁၅ ခုနှစ်မှာ နယူးမက္ကဆီကိုနယ်က Las Cruces မြို့မှာ ဖွင့်လှစ်ခဲ့ပါသည်။ နောက်ပိုင်း De Lux Theater ဟု အမည်
ပြောင်းခဲ့သော်လည်း ၁၉၁၆ ခုနှစ်မှာ ပိတ်ပစ်ခဲ့ပါသည်။ ၁၉၂၁ ခုနှစ်က တက္ကဆက် ပြည်နယ်၊ Comanche မှာလည်း Drive-in ပုံစံ ရုပ်ရှင်ရုံတစ်ရုံ ဖွင့်လှစ်ခဲ့ပါသည်။ ပထမဆုံး Drive-in Theater အဖြစ် မူပိုင်ခွင့်
တင်ခဲ့သူမှာ နယူးဂျာစီပြည်နယ်၊ Camden က ဓာတုကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်သော Richard M. Hollingshead Jr. ဖြစ်ပြီး ၁၉၃၂ ခုနှစ်မှာ Riverton က သူ့၏ ကားမောင်းကွင်းကြီးထဲတွင်
စတင်စမ်းသပ်ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။
Hollingshead Jr. သည် သူ့အိမ်နောက်ဖေးကွက်လပ်က သစ်ပင်များတွင် ရုပ်ရှင်ဖန်သားပြင်တစ်ခုချိတ်၊ သူ့ကားစက်ဖုံးပေါ်တွင် 1928 Kodak ပရိုဂျက်တာကိုတင်၊ ဖန်သားပြင်နောက်မှာတော့ ရေဒီယို
တစ်လုံးချပြီး အသံ အနိမ့်/အမြင့်အမျိုးမျိုးကို စမ်းသပ်ခဲ့ပါသည်။ Hollingshead သည် ၁၉၃၂ ခုနှစ်၊ သြဂုတ်လတွင်သာ သူ့၏ တီထွင်ဖန်တီးမှုအတွက် မူပိုင်ခွင့်တင်ခဲ့ပြီး သူ့၏ ပထမဆုံး Drive-in Theater ကို
၁၉၃၃ ခုနှစ်က နယူးဂျာစီပြည်နယ်တွင်သာ ဖွင့်လှစ်ခဲ့ပါသည်။ သို့သော် အမြတ်အစွန်းမရခဲ့ခြင်းကြောင့် နောက်သုံးနှစ်အကြာတွင် ပြန်လည်ရောင်းချခဲ့ပါသည်။
ထိုနောက်ပိုင်းမှစ၍ အမေရိကန်ပြည်ထောင်စုအနှံ့အပြားတွင် Drive-in Theater များကို တဖြည်းဖြည်း ထပ်တိုးဖွင့်လှစ်လာကြပြီး ၁၉၅ဝ ပြည့်လွန်နှစ်နှောင်းပိုင်းနှင့် ၁၉၆ဝ ပြည့်လွန်နှစ် အစောပိုင်းကာလသည်
Drive-in ရုပ်ရှင်ပြကွင်းများ ရေပန်းအစားဆုံးကာလဖြစ်ခဲ့ပါသည်။ ထိုကာလက အမေရိကန်ပြည်ထောင်စုအနှံ့တွင် Drive-in Theater ပေါင်း လေးထောင်လောက်ရှိလာပြီး အဓိကအနေဖြင့် ကျေးလက်ဧရိယာတွင်
ဖွင့်လှစ် ပြသကြပါသည်။ ထိုကဲ့သို့နေရာများကို အသက်အရွယ်ကြီးသူများလည်း မိသားစုလိုက်လာလေ့ရှိသကဲ့သို့ ပျိုရွယ်သူစုံတွဲများသည်လည်း ပထမဆုံး ချိန်းတွေ့သည့်နေရာအဖြစ် လာရောက်လေ့ရှိပါသည်။
အကြီးဆုံး Drive-in Theater များထဲမှ တစ်ခုမှာ နယူးယော့ခ်က Johnny All-Weather Drive-In ဖြစ်ပြီး ၂၉ ဧကကျယ်ဝန်းသော ထိုကွင်းကြီးထဲတွင် ကားပေါင်း ၂,၅ဝဝ ခန့်ဆံ့ပါသည်။ ထိုနေရာတွင်
စားသောက်ဆိုင်နှင့် ကစားကွင်းပါဝင်ပြီး လေအေးပေးစနစ်နှင့်သာ ကြည့်ချင်သူများအတွက်၊ သို့မဟုတ် ရာသီဥတုဆိုးဝါးသည့် အခါ ကြည့်ရန်အတွက် မိုးလုံလေလုံရုံကြီးတစ်ရုံလည်း ရှိပါသည်။ နောက်ပိုင်းတွင်
ရောင်စုံတီဗီများ၊ ဗီဒီယိုများ ပေါ်လာသောကြောင့် Drive-in ရုံများ အနည်းငယ်ကျဆင်းသွားသော်လည်း ယခုအချိန်အထိ ပြသနေကြသည့်ရုံများလည်း ကျန်နေသေးပြီး ၂ဝ၁၄ ခုနှစ်၊ မတ်လအထိ
အမေရိကန်ပြည်ထောင်စုတွင် တရားဝင်ဖွင့်လှစ်ထားသော Drive-in ရုံပေါင်း ၃၄၈ ရုံ ရှိပါသည်။
Automobile