မော်တော်ယာဉ်တစ်စီး၏ Operation လုပ်ငန်းများအတွက် အဓိကအားဖြင့် Drive-by-Wire အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။
(၁) Throttle-by-Wire အမျိုးအစားများ
Throttle-by-Wire နည်းကို Acceleration-by-Wire နည်းဟု လည်းခေါ်ပြီး ကားလောကစကားနှင့် ရိုးရိုးပြောရလျှင် ကြိုးမဲ့လီဗာ ဖြစ်သည်။
ခေတ်ဟောင်းကားများတွင် လီဗာနှင့် ကာပရိုက်တာ၊ သရော်တယ်ဗားတို့ကို လီဗာကေဘယ်လ်ကြိုးနှင့် တိုက်ရိုက်ဆက်ထားသည်။
ယာဉ်မောင်းခြေဖျားမှ လီဗာနင်းသလောက် သရော်တယ်ဗားပွင့်၍ အင်ဂျင်အရှိန် အနိမ့် /အမြင့်ကို ထိန်းချုပ်သည်။
Throttle-by-Wire နည်းတွင် လီဗာကြိုးမပါဝင်တော့။ ဤစနစ်တွင် Pedal Unit နှင့် Engine Management System တို့ပါဝင်သည်။
လီဗာယူနစ်ခေါ် Pedal Unit တွင် (Sensor) ဆင်ဆာခေါ် အာရုံခံကိရိယာတပ်ဆင်ထားသည်။
ယာဉ် မောင်းသူက ကားအရှိန်မြှင့်ရန် လီဗာ နင်းလိုက်ပါက Sensor က Engine Management System သို့ သတင်းပို့သည်။
Engine Management System သည် ကွန်ပျူတာပင်ဖြစ်သည်။
လီဗာနင်းသလောက် ကားအရှိန်မြှင့်ရန် ကွန်ပျူတာက လိုအပ်သောလောင်စာဆီပမာဏနှင့် သရော်တယ်ဗား ပွင့်ရမည့် ပမာဏကို တွက်ချက်ဆုံးဖြတ်ပေးသည်။
ကွန်ပျူတာအမိန့်ပေးချက်အတိုင်း Actuator က Electromechanical နည်းဖြင့် သရော်တယ်ဗားကို ဖွင့်ပေးသည်။
ထိုစနစ်ကို Electronic Throttle Control (ETC) ဟုလည်းခေါ်သည်။
(၂) Brake-by-Wire အမျိုးအစားများ
Brake-by-Wire နည်းတွင် ဘရိတ်ခြေနင်းတံနှင့် ဘရိတ်ဆုံများ ကြားတွင် တိုက်ရိုက်ဆက်သွယ်ထား ခြင်းမရှိ။ ဘရိတ်ခြေနင်းတံသည် အီလက်ထရွန်နစ် ခလုတ်တစ်ခုမျှသာ ဖြစ်သည်။
ဘရိတ်နင်းသော အကွာအဝေးအတိုင်း ယာဉ်မောင်းသူဆန္ဒရှိသော ဘရိတ်ဖမ်းအား (Brake Force) အတိုင်း ကားဘီးများပေါ်သို့ သက်ရောက်မှုရှိစေရန် Actuator မှ Electromechanical နည်းဖြင့်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ABS ဘရိတ်စနစ်သည် Brake-by-Wire နည်းပညာ၏ ရှေ့ ပြေးဘရိတ် နည်းပညာဖြစ်သည်။
ABS ဘရိတ်စနစ်ကို ကားအတော် များများတွင် အသုံးပြုထားသည်။ ဟိုက်ဒြောလစ်စနစ်အခြေခံကို အသုံး ပြုထားသော်လည်း ယာဉ်မောင်းသူ၏ အားစိုက်ထုတ်မှုမပါဘဲ ABS စနစ် အလုပ်များ ဆောင်ရွက်နိုင်စွမ်းမရှိပါ။
Brake-by-Wire စနစ်တွင်လည်း ဘရိတ်ခြေနင်းသည် ကွန်ပျူတာသို့ အီလက်ထရွန်နစ် သတင်းအချက်အလက်သာ ပေးပို့သည်။
ကွန်ပျူတာ၏ ခိုင်းစေချက်အတိုင်း Electromechanical Actuator က ဆက်လက်ဆောင်ရွက်၍ ဘရိတ်ဖမ်းအားကို သက်ရောက်စေသည်။
Electronic Stability Control စနစ်၊ Traction Control စနစ်နှင့် Automatic Braking စနစ် များသည်လည်း Brake-by-Wire နည်းပညာနှင့် ပေါင်းစပ်၍ မော်တော် ယာဉ်တစ်စီး၏ တည်ငြိမ်ရေးနှင့် ဘေးကင်း လုံခြုံရေးတို့ကို ဆောင်ရွက်ပေးသည်။
Brake-by-Wire နည်းပညာတွင် ဟိုက်ဒြောလစ်အခြေခံဘရိတ်စနစ်နှင့် လျှပ်စစ်မော်တာ (Electric Motor)စနစ်ဟူ၍ နှစ်မျိုးကွဲပြားသည်။
Brake-by-Wire စနစ်၏ အသေးစိတ်ဒီဇိုင်းနှင့် တည်ဆောက် ဖွဲ့စည်းပုံကွဲပြားခြားနားခြင်းသည် ကားထုတ်လုပ်သောကုမ္ပဏီအလိုက် ကွာခြားသည်။
(၃) Steer-by-Wire အမျိုးအစားများ
မော်တော်ယာဉ်အများစုတွင် စတီယာရင်စနစ်ကို Rack and Pinion ယူနစ် (သို့မဟုတ်) Worm and Sector ဂီယာဘောက်စ်စနစ်တို့ကို အသုံးပြုပြီး စတီယာရင်ခွေနှင့်ဆက်ထားသည်။
စတီယာရင်ခွေကို လှည့်လိုက်ရင် Rack and Pinion (သို့မဟုတ်) Worm and Sector ယူနစ်တို့ လိုက်လည်သည်။
၎င်းတို့ကို တိုက်ရော့ဒ်၊ ဘော်လ်ဂျွိုင်းများနှင့် ဆက်သွယ်ထားပြီး Steer-by-Wire စနစ်တွင် Mechanical အဆက်အသွယ်များ မရှိဘဲ စတီယာရင်အုံ၏ လည်ပတ်မှု ဒီဂရီကို ဆင်ဆာက အာရုံခံပြီး ကွန် ပျူတာသို့ သတင်းအချက်အလက် ပို့ပေးသည်။
ကွန်ပျူတာမှ Actuator သို့အမိန့်ပေးပြီး လျှပ်စစ်မော်တာကို လည်ပတ်စေခြင်းဖြင့် စတီယာရင်ကို ဘယ် / ညာချိုးကွေ့စေသည်။
Drive-by-Wire နည်း၏ အားသာချက်များ
ရှေးရိုးစံထားကားများမှ မလိုအပ်သော အစိတ်အပိုင်းများကို ဖယ်ရှားထား၍ ပြုပြင်ထိန်းသိမ်းမှုပျက်စီးမှု ပြန်လည်ချိန်ညှိပေးရခြင်း ဒုက္ခများမှ ကင်းဝေးသည်။
အလေးချိန်လျော့ကျသွား၍ ဆီစားသက်သာသည်။ အင်ဂျင်ခန်းတွင် နေရာပို ကျယ်လာ၍ ဒီဇိုင်းစိတ်ကြိုက်ပြောင်းလဲနိုင်သည်။ Mechanical Control ထက် တုံ့ပြန်မှုအချိန်ပိုမိုမြန်ဆန်သည်။
Drive-by-Wire နည်းပညာ၏ အားသာချက်များသည် မောင်းသူမဲ့ ကားနည်းပညာများကို ပိုမိုတိုးတက် ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုပေးသည်။
ဈေးကွက်တွင် နည်းပညာ အသာစီးရရှိရေးကို ယှဉ်ပြိုင်နေကြရသော ယနေ့ကားကုမ္ပဏီကြီးများသည် Drive-by-Wire နည်းပညာများကို ပိုမိုအသုံးပြု ထုတ်လုပ်လာကြသည်။
ထိုနည်းပညာကို အသုံးချသော ကားထုတ်လုပ်သူများမှာ BMW, Mercedes-Benz, Land Rover, Toyota, Nissan, GM နှင့် Volkswagon ကားကုမ္ပဏီကြီးများ ဖြစ်သည်။
အနာဂတ်တွင် Drive-by-Wire နည်းပညာနှင့် Driveless Car နည်းပညာများ ပေါင်းစပ်၍ ကွန်ပျူတာ ထိန်းချုပ်မှုရာနှုန်းပြည့် ပါဝင်သော မျိုးဆက်သစ်ကားများ ပေါ်ပေါက်လာတော့မည်။
အီလက် ထရွန်နစ်နည်းပညာနှင့် ကွန်ပျူတာ နည်းပညာများပေါင်းစပ်မှုသည် ပိုမို ဘေးကင်းလုံခြုံသော၊ ပိုမို၍ သက် သောင့်သက်သာရှိသော၊ စွမ်းဆောင် ရည်ပြည့်ဝသော၊ သခင်အလိုကျ ဆောင်ရွက်ပေးနိုင်သော အဆင့်မြင့် ကားများပေါ်ပေါက်လာစေမည်ဖြစ်ပါသည်။