မောင်းသူမဲ့လေယာဉ်၊ မောင်းသူမဲ့ကား နည်းပညာများ ရေပန်းစားလာသော ယနေ့ခေတ်တွင် ဝါယာဖြင့် ထိန်းချုပ်မောင်းနှင်ခြင်း (Drive-by-Wire Technology) နည်းပညာများကို မော်ဒယ်လ်မြင့်ကားမျိုးစုံတွင် ကျယ်ပြန့်စွာအသုံးပြုလျက်ရှိပါသည်။
Drive-by-Wire နည်းပညာသည် ကွန်ပျူတာနည်းပညာနှင့် အီလက်ထရွန်းနစ်နည်းပညာများကို ပေါင်းစပ်၍ ကားတစ်စီး၏ လုပ်ငန်းဆောင်ရွက်မှုများကို ဝါယာမှတစ်ဆင့် အီလက်ထရွန်းနစ်နည်းဖြင့် ထိန်းချုပ်ခြင်းဖြစ်သည်။
Drive-by-Wire နည်းပညာသည် လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးနည်းပညာရပ်များကို အသုံးချထားခြင်းဖြစ်ပါသည်။
အရပ်ဘက်နှင့် စစ်ဘက်လေကြောင်းပျံသန်းရေး ထိန်းချုပ်မှုစနစ်များ၌ Fly-by-Wire နည်းပညာကို (၁၉၉၀) ခုနှစ်ကတည်းက အသုံးပြုလာခဲ့သည်။
ထိုနည်းပညာကို မော်တော်ယာဉ်မောင်းနှင်ထိန်းချုပ်ရေးတွင် အသုံးချထားခြင်းဖြစ်ပါသည်။
မော်တော်ယာဉ်တစ်စီးအား ထိန်းချုပ်မောင်းနှင်နိုင်ရန်အတွက် ယာဉ်မောင်းသူတစ်ဦးသည် လီဗာ၊ ကလပ်၊ ဘရိတ်၊ စတီယာရင်နှင့် ဂီယာဘောက်စ်တို့ကို တိုက်ရိုက် ဆက်သွယ်၍ လိုအပ်သလို ထိန်းချုပ်သည်။
တိုက်ရိုက်ထိတွေ့ထိန်းချုပ်ရာတွင် Mechanical အဆက်များ၊ စတီကေဘယ်လ်ကြိုးများ၊ ဟိုက်ဒြောလစ် ပိုက်လိုင်းများကို အသုံးချသည်။
ယာဉ်မောင်းသူ၏ တိုက်ရိုက် ခွန်အားစိုက်ထုတ်လှုပ်ရှားမှုများဖြင့် မော်တော်ယာဉ်ကို အန္တရာယ်ကင်းစွာ ရွေ့လျားနိုင်အောင် ထိန်းကျောင်းမောင်းနှင်သည်။
ဘရိတ်နင်းရသော ခွန်အားစိုက်ထုတ်မှုသက်သာစေရန်၊ ထိရောက်မှုရှိစေရန်၊ ဆာဗိုစတီယာရင်ကို အသုံးချခဲ့သည်။
သို့သော်လည်း ယာဉ်မောင်းသူ၏ ခွန်အားစိုက်ထုတ်ပြီး လှုပ်ရှားရသော ဖြစ်စဉ်များသာဖြစ်ပြီး ကားစက်ရှိန်မြှင့်တင်ရန် လီဗာကြိုးကို နင်းရသည်။
Drive-by-Wire နည်းတွင် ယာဉ်မောင်းသူ၏ ခွန်အားစိုက်ထုတ်ရသော Mechanical အဆက်အသွယ်များ၊ ဟိုက်ဒြောလစ်ပိုက်လိုင်းများ မပါဝင်တော့ပေ။
ခေတ်ဟောင်း ရှေးရိုးစံထား ထိန်းချုပ်ရေးနေရာများတွင် ဆင်ဆာများမှ အာရုံခံ၍ ကွန်ပျူတာသို့ သတင်းပေးပို့ပြီး အီလက်ထရွန်းနစ်နည်း၊ လျှပ်စစ်-စက်မှုနည်းများဖြင့် ထိန်းချုပ်ခြင်းဖြစ်ပါသည်။
ယာဉ်မောင်းသူ၏ ခွန်အားစိုက်ထုတ်မှု၊ အဆက်အသွယ်များနှင့် တိုက်ရိုက်ထိတွေ့မှုမရှိတော့ဘဲ ဝါယာကြိုးများမှ တစ်ဆင့်မှသာ အမိန်နှင့် ညွှန်ကြားချက်များကို ကွန်ပျူတာထိန်းချုပ်ယူနစ်သို့ ပေးပို့ခြင်းဖြစ်ပါသည်။
ဝါယာကြိုးများမှ သွားသော ယာဉ်ထိန်းချုပ်ရန် သတင်းအချက်အလက်များသည် အီလက်ထရွန်းနစ် သတင်းအချက်အလက်များသာဖြစ်သည်။
ယာဉ်လှုပ်ရှားရန် အမိန့်နှင့် ညွှန်ကြားချက်များသည် ဝါယာကြိုးများမှ တစ်ဆင့်သွားခြင်းဖြစ်၍ တုံ့ပြန်မှု ပို၍ မြန်ဆန်ပြီးတိကျပါသည်။
Mechanical Link အတော်များများကို ဖယ်ရှားပြီးဖြစ်၍ ယာဉ်အလေးချိန်လျော့ကျသွားပြီး ပွန်းစားမှုနှင့် ပျက်စီးမှုပြဿနာများလည်း လျော့နည်းသွားသည်။
Drive-by-Wire နည်းပညာကို သုံးစွဲခြင်းကြောင့် ဘရိတ်၊ လီဗာ၊ စတီယာရင်နှင့် ဆက်နွှယ်နေသော Mechanical အဆက်အသွယ်နှင့် ပစ္စည်းကိရိယာအစိတ်အပိုင်း အတော်များများကို ထည့်သွင်း တပ်ဆင်စရာမလိုတော့၍ အင်ဂျင်ဒီဇိုင်းကို စိတ်ကြိုက်ပြောင်းလဲ တည်ဆောက်နိုင်သည်။
ခေတ်ဟောင်းကားများတွင် ဟိုက်ဒြောလစ်စနစ်နှင့် Mechanical စနစ်များ၌ အစိတ်အပိုင်းများစွာ ပါဝင်နေ၍ အင်ဂျင်ခန်းတွင်း၌ ရှုပ်ထွေးနေသည်။
ဘရိတ်မာစတာ ဆလင်ဒါ၊ ဘရိတ် Booster၊ စတီယာရင်ကော်လံ၊ စတီယာရင် ဂီယာဘောက်စ်၊ စတီယာရင် ရှပ်၊ ဟိုက်ဒြောလစ်ပိုက်လိုင်းများ၊ ကေဘယ်လ်ကြိုးအဆက်များသည် ယခင်ခေတ်ဟောင်းကားများ၌ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများဖြစ်သည်။
Drive-by-Wire နည်းတွင် ထိုအရာများအားလုံးကို ကျော်လွှားနိုင်သည်။