ဒစ်ဘရိတ်ဆူညံသံများကိုစစ်ဆေးပြုပြင်ခြင်း


ဘရိတ်ဆူညံသံများသည် ပတ်ဝန်းကျင်တွင်ရှိသော ခရီးသွားပြည်သူများကို အနှောက်အယှက် ဖြစ်စေသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွင် လူသားတို့၏ အကြားအာရုံကို ထိခိုက်စေသော ဆူညံသံမျိုးစုံ ပါဝင်သည်။

ဆူညံသံများကို အချိန်ကြာကြာ ဆက်တိုက်ကြားနေရပါက လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများကို ခံစားရပြီး ကျယ်လောင်ဆူညံသောအသံများသည် ပတ်ဝန်းကျင်ရှိ လူသားများကို နားလေးရောဂါ ဖြစ်ပေါ်စေသည်။ ဆူညံသံများသည် လူတို့ကို စိတ်အနှောက်အယှက် ဖြစ်စေရုံသာမက ခေါင်းကိုက်ခြင်းဝေဒနာများကိုပါ ခံစားရစေနိုင်သည်။

လမ်းမကြီးများပေါ်တွင် မော်တော်ယာဉ်မျိုးစုံမှ ထွက်ပေါ်လာသော အင်ဂျင်စက်သံများ၊ အိတ်ဇောပေါက်ကွဲသံများ လျော့ကျစေရန် အိတ်ဇော အသံလုံဘူးများဖြင့် ထိန်းချုပ်သည်။ ဘတ်စ်ကားများနှင့် ထရပ်ကားများတွင် ကျယ်လောင် စူးရှသော ဟွန်းသံ မဖြစ်ပေါ်စေရန် Air Horn များ တပ်ဆင်သုံးစွဲမှုကို တားမြစ်ထားပြီး ရန်ကုန်မြို့တွင် ဟွန်းသံကင်းမဲ့ဇုန်များ သတ်မှတ်ထားခြင်းမှာလည်း ဆူညံသံများကို လျော့နည်းသက်သာစေရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။

ကားဘရိတ်စနစ်တွင် ဆူညံသံများ ဖြစ်ပေါ်တတ်သည်။ ထိုအသံများသည် ဘရိတ်လိုင်နာနှင့် ဘရိတ်ဒရမ် မျက်နှာပြင် ပွတ်တိုက်မိရာမှ တုန်ခါမှုဖြစ်ပေါ်လာပြီး ဆူညံသံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒစ်ဘရိတ်စနစ်တွင် Brake Pad နှင့် ဘရိတ် Rotor မျက်နှာပြင် ပွတ်တိုက်မိရာမှ တုန်ခါနှုန်း မြင့်မားလာပြီး ဆူညံသံများ ထွက်ပေါ်ခြင်း ဖြစ်သည်။

Hydraulic Brake စနစ်တွင် Disc ဘရိတ်စနစ်နှင့် Drum ဘရိတ်စနစ်ဟူ၍ နှစ်မျိုးရှိသည်။ ကားဘရိတ် ဖမ်းခြင်းသည် အရွေ့စွမ်းအင်ကို ပွတ်တိုက်မှုဖြင့် အပူစွမ်းအင်သို့ ပြောင်းလဲစေခြင်းဖြစ်သည်။ ကားဘီးများ ဘရိတ်ရှုးငြိနေလျှင် အပူချိန် တဖြည်းဖြည်း တက်လာပြီး အပူလွန်ကာ ဘရိတ်ညှော်နံ့များပါ ထွက်လာတတ်သည်။ ဘရိတ်စနစ်တွင် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော အပူကို မြန်မြန်အေးသွားစေရန် အအေးခံစနစ်လိုသည်။

ခေတ်ပေါ် လူစီးကားများတွင် ဒရမ်ဘရိတ်ထက် ဒစ်ဘရိတ်စနစ်ကို တပ်ဆင်သုံးစွဲခြင်းမှာ ဒစ်ဘရိတ်စနစ်တွင် ဘရိတ် အစိတ်အပိုင်းများ ပြန်လည် အအေးခံရန် လွယ်ကူ လျှင်မြန်နိုင်သည်။ ဘရိတ်ဖမ်းအား ပို၍ ကောင်းသည်။ ဒစ်ဘရိတ်ကို ရှေ့ဘီးတစ်ခုတွင် အသုံးများပြီး နောက်ဘီးများကို ဒရမ်ဘရိတ်စနစ် အသုံးပြုထားသည်။ ခေတ်ပေါ်ကားများတွင် ABS (Anti-lock Brake System) ကို လေးဘီးစလုံး အသုံးပြုထားသဖြင့် ဘရိတ်စနစ်ကိုလည်း ABS ဘရိတ်စနစ်နှင့် အံဝင် ခွင်ကျသော Disc Brake စနစ်ကို လေးဘီးစလုံး အသုံးပြုလာခြင်းဖြစ်သည်။

Disc Brake စနစ်သည်Hydraulic ဆီဖိအားဖြင့်သာ အလုပ်လုပ်သော စနစ်ဖြစ်သည်။ ဒရိုင်ဘာ ခြေနင်းဖျားမှ နင်းချလိုက်သော ဘရိတ်ခြေနင်းတံသည် မာစတာဆလင်ဒါရှိ ဘရိတ်ပစ္စတင်ကို တွန်းသည်။ ဆလင်ဒါနှင့် ပစ္စတင်ကြားတွင် ဘရိတ်ဝါရှာများရှိပြီး ရာဘာဝါရှာများက ဘရိတ်ဆီကို ဖိအားဖြင့် တွန်းပို့သည်။ တွန်းပို့လိုက်သော ဘရိတ်ဆီများသည် ဘရိတ်ပိုက်လိုင်းမှတစ်ဆင့် သက်ဆိုင်ရာ ဘီးအသီးသီးရှိ Wheel ဆလင်ဒါများသို့ ရောက်ရှိသွားသည်။

ဒစ်ဘရိတ်များတွင် ဒစ်ဘရိတ်အုံ့သို့ ဘရိတ်ဆီဖိအားများ သက်ရောက်ပြီး ဒစ်ဘရိတ် ပစ္စတင်ကို တွန်းပို့သည်။ ထိုတွန်းအား များသည် ဘရိတ်ပစ္စတင်မှ ဘရိတ် Pad ပြားကို သက်ရောက်သည်။ ဖိအားသက်ရောက်မှုကြောင့် ဘရိတ် Rotor Disc ပြားကို Brake Pad ပြား နှစ်ချပ်က မျက်နှာချင်းဆိုင် ညှပ်ဖိထားသည်။ ဒရိုင်ဘာခြေဖျားမှ ဘရိတ်နင်းအား များလျှင် ဒစ်ဘရိတ် Rotor ပေါ်သို့ သက်ရောက်အားများပြီး လည်ပတ်နှုန်းအရှိန်ကို လျော့ကျသွားစေသည်။ နောက်ဆုံး အကွာအဝေး တစ်ခုအတွင်း ကားက ိုရပ်တန့်သွားစေသည်။

Disc Brake စနစ်တွင် ရှိသော Rotor ကို ဘရိတ် Pad နှစ်ချပ်က ဆီဖိအားဖြင့် ညှပ်ဖမ်းလိုက်သဖြင့် ပွတ်မှုအား ဖြစ်ပေါ်စေပြီး ထိုပွတ်မှုအားကြောင့် Rotor လည်ပတ်မှု Speed ကို လျော့ကျသွားစေခြင်းဖြင့် ယာဉ်ကိုရပ်တန့်စေသည်။ Brake Pad အပြားမျက်နှာပြင်တွင် ပွတ်မှုအား တန်ဖိုးမြင့်သော ဘရိတ်လိုင်နာသားတပ်ဆင်ထား၍ လည်ပတ်နေသော Rotor ဒစ်ပြားကို ညှပ်ဖိ ဖမ်းလိုက်သောအခါ လည်ပတ်ရှိန်လျော့ကျသွားစေပြီး ရပ်တန့်သွားစေခြင်း ဖြစ်သည်။ Brake Pad နှင့် Rotor ပြားပွတ်တိုက်မှု ဖြစ်စဉ်တွင် အပူများ ထွက်လာပြီး ပတ်ဝန်းကျင် လေအေးနှင့် ထိတွေ့ပါက ဘရိတ်ယူနစ်ကို အေးသွားစေသည်။

ဒရိုင်ဘာက ဘရိတ်နင်းထားသည်ကို ပြန်လွှတ်ပါက ဘရိတ်မာစတာ ဆလင်ဒါသည် စပရိန်တွန်းအားကြောင့် မူလနေရာသို့ ပြန်ရွေ့သွားမည်။ ထိုအခါ ဘရိတ်ဆီဖိအားများလည်း ပြန်လည် လျော့ကျသွားပြီး ဒစ်ဘရိတ် ယူနစ်မှ ဘရိတ် Pad ပြားများသည် Rotor ကို ဖမ်းညှပ်ထားရာမှ ပြန်ကွာသွားလိမ့်မည်။ Rotor နှင့် ဘရိတ် Pad ပြား ကွာသွားသဖြင့် Rotor လွတ်လပ်စွာလည်ခွင့်ရသွားသည်။

ဘရိတ်ဖမ်းလိုက်လျှင် ဒစ်ဘရိတ်မှ ဆူညံသံများ ထွက်ပေါ်လာရခြင်း အကြောင်းတရားများမှာ-

ဘရိတ်ဖမ်းထားစဉ် ဘရိတ်Pad တုန်ခါခြင်း

ဘရိတ်Pad လိုင်နာပွတ်တိုက်မှုကြောင့်မြည်သံထွက်ခြင်း

ဘရိတ်Pad လိုင်နာပြား၊ ကုန်ခါနီးပါးလွှာလွန်းသောကြောင့် 

ပွတ်တိုက်စဉ် အသံမြည်ခြင်း

ဘရိတ် Rotor မျက်နှာပြင်တွင် မညီညာသော အစင်းကြောင်းများ၊ 

လှိုင်းများရှိနေခြင်းကြောင့် အသံမြည်ခြင်း

ချွတ်ယွင်းအားနည်းချက်များကိုစစ်ဆေးပြုပြင်ခြင်း 

ဒစ်ဘရိတ်မှ ထူးခြားသော ဆူညံသံနှင့် တုန်ခါမှုများ ဖြစ်ပေါ်လာပါက အသေးစိတ်စစ်ဆေး၍ အဖြေရှာရပါမည်။ ဒစ်ဘရိတ်ယူစနစ်သည် ကားဘီးနှင့် တွဲလျက်ရှိပြီး လမ်းပေါ်မှ ရွှွံ့၊ သဲ၊ ရေ နှင့် အညစ်အကြေးများ အမြဲပေကျံ ညစ်ထေးနေ တတ်သဖြင့် ဘရိတ်အစိတ်အပိုင်းများ ပွန်းစားပြီး သံချေးတက်၍ ဂျမ်းဖြစ်နိုင်သည်။

ဘရိတ်လေခြူခေါင်း၊ ဘရိတ်ပိုက်အဆက်၊ ဘရိတ်ပိုက်ပျော့များမှ ဘရိတ်ဆီ ယိုစိမ့်နိုင်သည်။ ကားအောက်ပိုင်း ဆပ်စပန်းရှင်း အစိတ်အပိုင်းများနှင့် ဘရိတ်အစိတ်အပိုင်းများကို ရေပန်းအားကောင်းကောင်းနှင့် ထိုးဆေးပါ။ ရွှံ့၊ သဲ၊ အညစ်အကြေးများကို သန့်ရှင်းဆေးကြောပြီးမှ ဘရိတ် ဆားဗစ်စင်လုပ်ပါ။ ဘရိတ် Pad တုန်ခါမှု ဖြစ်ခြင်းသည် ဘရိတ်ကလစ်ပါ အထိုင်နေရာ၌ ဘရိတ် Pad ပြား ချောင်နေလျှင်လည်း ဖြစ်နိုင်သည်။ တုန်ခါမှုကို ထိန်းပေးသော Noise Shim ပြားနှင့် Anti-Rattle Clips များကို စစ်ဆေးပါ။ ကလစ်ပါအတိုင်း Bolt-Nut များ ချောင်နေသလား၊ လျော့နေသလားစစ်ဆေးပါ။

အချို့သော ဘရိတ် Pad လိုင်နာအသားများသည် ဆူညံသံကို ပို၍ ဖြစ်ပေါ်စေသည်။ ဆူညံသံသက်သာစေသော ဘရိတ် Pad လိုင်နာ ရှူးသားကို ပြောင်းလဲ အသုံးပြုပါ။ Graphite, Carbon နှင့် Rubber ကွန်ပေါင်းသားများကို ရောစပ် ပြုလုပ်ထားသော အထူးလိုင်နာများသည် ဆူူညံသံကိုပပျောက်စေသည်။ Nonmetallic အမျိုးအစားဖြစ်သော ‘Cerimicenhanced’ ဖောမြူလာနှင့် အထူးစီမံ ပြုလုပ်ထားသောဘရိတ် Padဒီဇိုင်းသည် ဆူညံသံများကို ဖယ်ရှားနိုင်သည်။

ဘရိတ် Pad လိုင်နာရှူးအသား ကုန်ခါနီး ပါးလွှားလွန်းသော အခြေအနေတွင် ဘရိတ်ဖမ်းပါက Rotor သံပြား မျက်နှာပြင်နှင့် ဘရိတ် Pad သံပြားမျက်နှာပြင်တို့ ပွတ်တိုက်လျှင် သံသံချင်းဖြစ်၍ မြည်သံထွက်မည်။ ဘရိတ်ရှူးလိုင်နာပါးနေသော ဘရိတ် Pad အခြမ်းများကို အသစ်လဲပေးသင့်သည်။ ဘရိတ် Rotor မျက်နှာပြင်နှင့် ဘရိတ် Pad ကြားတွင် သဲကြမ်းများကြောင့် Rotor မျက်နှာပြင်များတွင် အစင်းရာများ မညီမညာ ဖြစ်ပေါ်နေတတ်သည်။ မညီမညာသော Rotor ကို ဘရိတ် Pad ဖြင့် ဖမ်းညှစ်ပါက တုန်ခါမှုဖြစ်ပြီး အသံမြည်လာတတ်သည်။ ထို့ကြောင့် မျက်နှာပြင်စားပြီး မညီမညာဖြစ်နေသော Rotor များကို တွင်ခုံပေါ်တင်၍ စက်ခုတ်စားပေးခြင်း (Machin- ning) ပြုလုပ်ပေးရသည်။

Disc ဘရိတ်အုံမှ ကလစ်ပါ နှင့် ပစ္စတင်ကြားတွင် ဘရိတ်ဆီ လုံနေစေရန် ဝိုင်းဆီး (Oil Seal) နှင့် သဲကာ (Dust Boot ) ကို တပ်ဆင်ပေးထားသည်။ အသုံးပြုချိန် သက်တမ်းကြာလာပါက ရာဘာဝိုင်းဆီးများ ပွန်းစားပြီး ထိုနေရာမှ ဘရိတ်ဆီ ယိုနိုင် သည်။ ပစ္စတင်မျက်နှာပြင်တွင်လည်း ပွန်းစားခြင်း၊ သံချေးတတ်ခြင်းများ ဖြစ်ပါ ဘရိတ်ဆီ ယိုစိမ့်နိုင်သည်။ ဘရိတ်စနစ် တစ်ခုလုံးကို တစ်နှစ် တစ်ကြိမ်ခန့် ဘရိတ်ဆားဗစ်စင် လုပ်ဆောင်ပေးသင့်သည်။ ဘရိတ်ဆားဗစ်စင် လုပ်လျှင် ဘရိတ်ကလစ်ပါ နှင့် ဘွတ်ရှင်း (Bushing) တို့ကို ဆေးကြောသန့်ရှင်းပြီး ဘရိတ်စနစ်တစ်ခုလုံးကို အမဲဆီထည့်သင့်သော နေရာများတွင် အပူခံအမဲဆီ ထည့်ပေးသင့်သည်။

ဘရိတ်ဆားဗစ်စင် လုပ်လျှင် အချို့ကားများတွင် နောက်ဘီးဘရိတ်စနစ်သည် ဒရမ်ဘရိတ် အမျိုးအစား ဖြစ်တတ်သည်။ ဘရိတ်ဆားဗစ်စင် လုပ်လျှင် ဘီးလေးဘီးလုံး လုပ်ဆောင်မှ ပြည့်စုံသည်။ ဒရမ်ဘရိတ်စနစ်တွင် အများဆုံး ဖြစ်တတ်သော ပြဿနာမှာ ဒရမ်အတွင်းပိုင်း မျက်နှာပြင်တွင် သဲများဝင်ပြီး ဘရိတ်ဖမ်းလိုက်လျှင် ဘရိတ်ရှူးလိုင်နာနှင့် ဘရိတ်ဒမ်ကို ပွန်းစားမှု မြန်စေခြင်းဖြစ်သည်။ ဘရိတ်ဒရမ်မျက်နှာပြင် အတွင်းပိုင်း မညီမညာ ဖြစ်နေခြင်းကို စစ်ဆေးပြီး အစင်းကြောင်းများ ရှိလျှင် စက်စား၍ မျက်နှာပြင် ညှိပေးရမည်။ ဘရိတ်ရှူးလိုင်နာနှင့် ဘရိတ်ဒရမ် အကွာအဝေးကို ချိန်ညှိပေးရသည်။ Wheel, Cylinder နှင့် Piston ဝါရှာ အခြေအနေများ ဘရိတ်ဆီ ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးရမည်။ ဝါရှာများ မကောင်းပါက ဝါရှာ အသစ်များ တစ်ပြိုင်တည်း လဲပေးသင့်သည်။

ကားတစ်စီးတွင် ဘရိတ်စနစ်သည် ဘေးကင်းလုံခြုံမှုအတွက် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ဘရိတ်ကောင်းမှ လမ်းပေါ်မှ အန္တရာယ်များကို ရှောင်တိမ်းနိုင်မည်။ ဘရိတ်စနစ် တုန်ခါခြင်း၊ ဆူညံသံများ ထွက်ပေါ်ခြင်းများသည် ဘရိတ်မကောင်းသော လက္ခဏာများဖြစ်သည်။ အသုံးများသော တက္ကစီအငှားယာဉ်များနှင့် ခရီးသည်တင်ဘတ်စ်ကား များတွင် ဘရိတ်စနစ်သည် အရေးကြီးပါသည်။ ခြောက်လတစ်ကြိမ်ခန့် ဘရိတ်စနစ်ကို စစ်ဆေးပြုပြင်ရန် လိုအပ်ပါသည်။

Read 1754 times