စက်သုံးဆီနဲ့ သွင်းကုန်တချို့ ဈေးမြင့်တက်


စက်သုံးဆီနဲ့ သွင်းကုန်တချို့ ဈေးမြင့်တက်

အမေရိကန်တဒေါ်လာကို ပြင်ပမှာလဲရင် မြန်မာကျပ်ငွေ ၂,၀၀၀ နီးပါးဈေးတက် လာတဲ့အတွက်   စက်သုံးဆီအပါအဝင် တခြားသွင်းကုန်တချို့လည်း ဈေးတွေတက်နေပါတယ်။

ဒီရက်ပိုင်း မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတက်လာတာက ပြည်ပပို့ကုန်ကဝင်ငွေ ပြန်အဝင်နည်းသွားတာကြောင့်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ဒေါ်လာပေါက်ဈေးက ၁ ဒေါ်လာကို ၁,၇၇၈ ကျပ်ဈေးဖြစ်ပြီး ပြင်ပမှာ ၂,၀၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်နေကြပါတယ်။ တရားဝင် ငွေလဲကောင်တာတွေမှာ ဒေါ်လာလိုသလောက် ဝယ်မရသူတွေကတော့ ပြင်ပမှာ ပေါက်ဈေးပေးပြီး ဝယ်နေကြရပါတယ်။  
မြန်မာကျပ်ငွေနဲ့ ဒေါ်လာလဲနှုန်းမှာ ဒေါ်လာဈေးမြင့်နေတာမို့ ဒေါ်လာနဲ့ဝယ်ရတဲ့ စက်သုံးဆီရဲ့ ဈေးကလည်း တရိပ်ရိပ်နဲ့ ပြန်တက်လာပါတယ်။ အကြောင်းကတော့ ပြင်ပဈေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၂,၀၀၀ နီးပါးရှိနေတာကြောင့်ပါ။ ဗဟိုဘဏ်ကတော့ လောင်စာဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ပြင်ပထက်နည်းတဲ့နှုန်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ကို ၂၀၂၁ ခုနှစ်အတွင်းက ရောင်းချပေးခဲ့ပါတယ်။ ဒီငွေတွေနဲ့ဝယ်ထားတဲ့ ဒီဇယ်ဂါလန်ပေါင်း ၁၂ သန်းလောက်ကို ပြည်တွင်းကုမ္ပဏီ ၁၀ ခုက ဇန်နဝါရီ ၁၁ ရက်ကစပြီး ရောင်းချသွားမယ်လို့ မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ သူတို့ဆိုင်ခွဲ ၉၉ ခုကနေ အထူးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့  ဆိုထားပါတယ်။ 
တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ လုံလုံလောက်လောက်ရနိုင်ဖို့ အခက်အခဲရှိဦးမယ်လို့ မန္တလေးက စက်သုံးဆီဆိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ လေးငါးရက်အတွင်းမှာ စက်သုံးဆီတပီပါကို ကျပ် ၁၀၀,၀၀၀ လောက် ဈေးတက်လာတယ်လို့ သူကပြောပါတယ်။  
“တက်နေတာပဲ တနေ့ကို (တပီပါကို) တသောင်းလောက်ကို ထိုးတက်နေတာ အံ့ဩတာလောက်ပါပဲ။ ဒီနေ့ပေါက်ဈေးက ( တပီပါကို) ၃၁၀,၀၀၀ ကျော်တယ်၊ ၃၂၀, ၀၀၀ နီးပါးလောက်ရှိတယ်။ (တပီပါကို) ၁၀၀,၀၀၀ ကျော်လောက် တက် လာတယ်လို့ ပြောလို့ရတာပေါ့။ အရင်ကဆို ၂ သိန်းကျော်လေးပဲ ရှိတာလေ။ အရမ်းကြီး လျှော့ရောင်းနိုင်မယ်လို့ မထင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဈေးတွေက အကုန်ခုန်တက်နေတာ၊ တနေ့တဈေးဖြစ်တာရယ်။ ဟိုတခါဖြစ်သလို ပြန်ဖြစ်နေတာ။”
ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ စက်သုံးဆီပေါက်ဈေးက အောက်တိန်း တလီတာကို ၁,၄၂၅ ကျပ်ကနေ ၁,၄၇၀ ဝန်းကျင်ဈေး ရှိပါတယ်။ ဒီဇယ်ကတော့ တလီတာကို ၁,၄၀၀ ကျပ်ဈေး အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာချိန်မှာ ခုလို စက်သုံးဆီဈေးနှုန်းတွေ တက်လာနေတဲ့အတွက် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်လာဖို့သာရှိနေတဲ့အပေါ် ပြည်သူတွေစိုးရိမ်နေကြပါတယ်။  

Read 407 times