အယ်လ်ကိုဟောလ်တိုင်းကိရိယာအကြောင်း သိကောင်းစရာ


‘အရက်သမား၊ အမှားတစ်ထောင်’ ဟု ပြောကြပါသည်။ လူဆိုသည်မှာ ဘယ်သူမှအမှားနှင့်မကင်းနိုင်ကြသော်လည်း အရက်သေစာသောက်စားထားသည့်သူများက အမှားများတရစပ် ကျူးလွန်ရန် ပိုပြီးနီးစပ်ပါသည်။

အရက်သေစာသောက်စားထားလျှင် စဉ်းစားတွေးခေါ်နိုင်စွမ်းပျောက်သွားတတ်သောကြောင့် အဆိုးအကောင်း၊ အကျိုးအကြောင်း၊ အမှားအမှန် ဘာတစ်ခုမှ ဝေဖန်ပိုင်းခြားနိုင်တော့မည့် မဟုတ်ပေ။ သို့သော် လူဆိုသည်မှာ

မကောင်းမှုတွင် မွေ့လျော်လွယ်သည့်အတွက် အရက်သောက်ရန်ဆိုလျှင်င် လက်တို့ပြီးအဖော်ညှိစရာတောင် မလိုအပ်ပေ။

အရက်သေစာသောက်စားတာကို ကားသမားတွေအနေနဲ့ တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။ ခရီးသည်တွေရဲ့အသက်ဟာ ကားသမားတွေရဲ့လက်ထဲမှာပဲ ရှိတာကြောင့်ပါ။ အရက်သောက်ထားရင် သွေးထဲမှာ

အယ်လ်ကိုဟောပါဝင်မှုမြင့်တက်ပြီး စိတ်ကြွတတ်တာကြောင့် ဆုံးဖြတ်ချက်တွေ မမှန်တော့ပါဘူး။

ထို့နောက် အမြင်အာရုံနှင့် အကြားအာရုံများ လွဲမှားကုန်သောကြောင့် တုံ့ပြန်ပုံများ မူမမှန်တော့ပေ။ အရက်သောက်ပြီး ကားမောင်းခြင်းက ခရီးသည်များကို သေမင်းခံတွင်းဝဆီမောင်းပို့သကဲ့သို့ ဖြစ်စေပါသည်။

ယာဉ်ကြောမောင်းနှင်မှုစိတ်ပညာ(Traffic Psychology) အရလည်း အရက်သည်ကားသမား၏ ရန်သူဟု သတ်မှတ်ထားပါသည်။ ထို့ကြောင့် ခရီးသည်များ၏ အသက်အန္တရာယ်လုံခြုံစေရေးအတွက် အရက်သေစာ

မသောက်သုံးသင့်ပေ။

အရက်သောက်ပြီး ကားမောင်းခြင်းကို နိုင်ငံတိုင်းတွင် ဥပဒေအရ တားမြစ်ထားပါသည်။ ဥပဒေထိရောက်အောင်လည်း နည်းပညာအကူအညီရယူပြီး အရေးယူဆောင်ရွက်ကြပါသည်။ ထို့ကြောင့် ကားသမားတစ်ယောက်ကို

အရက်သေစာ သောက်စားထားခြင်းရှိ၊ မရှိ ဖော်ထုတ်ပေးနိုင်သော အယ်လ်ကိုဟောလ်တိုင်းကိရိယာ (Breathalyser) ၏အကြောင်းကို အကျဉ်းချုံးပြီး တင်ဆက်ပေးချင်ပါသည်။ လူတစ်ယောက်အနေဖြင့်

အရက်အလွန်အကျွံသောက်ထားလျှင် ကိုယ်ဟန်အနေအထားပျက်ယွင်းလာခြင်း၊ မျက်လုံးများနီလာခြင်း၊ စကားမပီသတော့ခြင်း အစရှိသော လက္ခဏာများ ဖြစ်လာမည်ဖြစ်ပါသည်။

သို့သော် အနည်းငယ်သာသောက်ထားလျှင် ထိုလက္ခဏာများ မဖြစ်နိုင်သောကြောင့် ဥပဒေအရခွင့်ပြုနိုင်သည့်ပမာဏထက် ဘယ်လောက် အတိုင်းအတာအထိ အရက်သေစာသောက်စားထားသည်ဆိုခြင်းကို

အတိအကျသိနိုင်စေရန် အယ်လ်ကိုဟောလ်တိုင်းကိရိယာများကို အသုံးပြုရခြင်းဖြစ်ပါသည်။

ထို့သို့အသုံးပြုခြင်းသည် ဖြစ်ပွားလာမည့်အန္တရာယ်အကျိုးဆက်ကို တားဆီးရာရောက်သကဲ့သို့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးရမည့်လူပေါင်းများစွာ၏အသက်ကိုလည်း ကယ်ဆယ်ရာရောက်ပါသည်။

တချို့ဝက်ဘ်ဆိုက်များတွင် ထိုကိရိယာ၏ ရှေ့ပြေးအဦးအစကို ၁၈၇၄ ခုနှစ်လောက်က တီထွင်နိုင်ခဲ့သည်ဟု ဆိုပါသည်။ မှတ်တမ်းအတိအကျနှင့်တွေ့ရသည်မှာ ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်သော W.D.McNalley ၏

တီထွင်ချက်ဖြစ်ကြောင်းသိရပါသည်။

အထူးဓာတုဒြပ်ပေါင်းထည့်ထားသော ဖန်ပြွန်ထဲကို လေမှုတ်သွင်းကြည့်ရခြင်းဖြစ်ပြီး ဒြပ်ပေါင်းက အရောင်ပြောင်းသွားလျှင် အရက်သောက်ထားသည့်လက္ခဏာ ဖြစ်ပါသည်။ ၁၉၂၇ ခုနှစ်က ပေါ်ထွက်ခဲ့သော ထိုကိရိယာကို

အိမ်ရှင်မများက အကြိုက်တွေ့ခဲ့ကြပါသည်။ ကိုယ့်ယောက်ျား အရက်သောက်ပြီး အိမ်ကိုပြန်လာသလားဆိုသည်ကို စစ်ဆေးရန် အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။

ထိုတစ်နှစ်ထဲတွင် Emil Bogen ဆိုသူမှလည်း ထိုကဲ့သို့ကိရိယာမျိုးကို တီထွင်ခဲ့ပါသည်။ ကားသမားများကို အရက်သောက်၊မသောက် စစ်ဆေးသည့်နေရာတွင် ပထမဆုံးအသုံးပြုသော Drunkometer ကို Rolla Harger က

၁၉၃၈ ခုနှစ်တွင် တီထွင်ပေးခဲ့ပါသည်။ ကားသမား၏ ဝင်၊ထွက်လေငွေ့ကို ထိုကိရိယာထဲတွင်ပါသော ပူပေါင်းတစ်ခုထဲတွင် သိမ်းပေးပါသည်။

သိမ်းထားသည့်ထိုလေငွေ့ကို အချဉ် ဖောက်ထားသော Potassium Permanganate အရည်ထဲ ထိုးသွင်းကြည့်သည့်အခါ အရက်သောက်ထားလျှင် ထိုဒြပ်ပေါင်းက အရောင်ပြောင်းသွားပါသည်။ ထိုကိရိယာကို Stephenson

ကော်ပိုရေးရှင်းက ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ထို့ထက်ခေတ်မီသော Breathalyser အမည်ရ အယ်လ်ကိုဟောလ်တိုင်းကိရိယာကို ၁၉၅၄ ခုနှစ်တွင် Robert Frank Borkenstein က တီထွင်ပေးခဲ့ပြီး မေလ ၁၃ ရက်တွင်

တရားဝင်မှတ်ပုံတင်ခဲ့ပါသည်။

အီလက်ထရွန်းစနစ်အသုံးပြု အယ်လ်ကိုဟောလ်တိုင်းကိရိယာကို ၁၉၆၇ ခုနှစ်မှာ Tom Parry Jones က ဖန်တီးပေးခဲ့ပါသည်။ ထိုနောက်ပိုင်းတွင်လည်း မွမ်းမံမှုများ၊ ဆန်းသစ်တီထွင်မှုများ အများကြီးရှိသည်ကိုတွေ့ရပါသည်။

ယခုချိန်တွင် ကားသမားတစ်ယောက်သည် သတ်မှတ်ထားသည့်ပမာဏထက် အရက်ပိုသောက်ထားလျှင် ကားစက်နှိုး၍မရအောင် တားဆီးပေးသော Alocohol Ignition Interlock (Alcolock ) စနစ်ကို အသုံးပြုလာပါသည်။

ထိုစနစ်က သာမန်အယ်လ်ကိုဟောလ်တိုင်းကိရိယာများထက် ပိုပြီးထိရောက်သောကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် မဖြစ်မနေတပ်ဆင်ရန် ဥပဒေပြဋ္ဌာန်းထားပါသည်။

car lover

Read 759 times