ယူအေအီးမှာ ဓာတ်ဆီဈေးတက်သဖြင့် အီးဗီ အဝယ်လိုက်


ယူအေအီးမှာ ဓာတ်ဆီဈေးတက်သဖြင့် အီးဗီ အဝယ်လိုက်

အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး) မှာ ဓာတ်ဆီဈေးနှုန်း စံချိန်တင်မြင့်တက်သဖြင့် လျှပ်စစ်မော်တော်ယာဉ်များ တအားအဝယ်လိုက်နေတယ်လို့ New Auto ရဲ့ စီအီးအို Belal Nasr က ပြောကြားပါတယ်။ 

New Auto က အီးဗီတွေ တင်သွင်းတယ်။ ပြည်ပသို့လည်း ပြန်လည်တင်ပို့တယ်။ Volkswagen, Hyundai,  Kia တို့ရဲ့ လျှပ်စစ်ကားတွေ အဓိကအားဖြင့် တင်သွင်းရောင်းချပါတယ်။

အီးဗီ စီးတာက ဓာတ်ဆီအင်ဂျင်ကား စီးတာထက် ပိုတွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။ဓာတ်ဆီဈေးနှုန်းများ ဈေးတက်တဲ့အတွက် အီးဗီတွေ အဝယ်လိုက်နေတယ်လို့ သူက ပြောပြပါတယ်။

တစ်လကို ဓာတ်ဆီဖိုး ယူအေအီးဒါဟမ် ၂,၀၀၀($544) အကုန်ခံမယ့်အစား အဲဒီငွေပမာဏကို အရစ်ကျသွင်းပြီး လျှပ်စစ်ကား အသစ်တစ်စီး ဝယ်စီးလို့ရကြောင်း Belal Nasr က ပြောကြားပါတယ်။

ဘဏ်များကလည်း အီးဗီဝယ်ဖို့ ဘဏ်ချေးငွေ ရယူရင် ဝန်ဆောင်ခ အထူးလျှော့ဈေးဖြင့် ထုတ်ချေးပေးပါတယ်။ အစိုးရကလည်း အားပေးပါတယ်လို့ သူက ပြောပြပါတယ်။

ယူအေအီး ကားဈေးကွက်မှာ အီးဗီ ရှားနေတယ်။ ဝယ်လိုအားက များနေတယ်လို့ Nasr က ပြောကြားပါတယ်။

Audi Abu Dhabi က အီးဗီစစ်တမ်း ကောက်တာမှာ ယူအေအီးမှာ နေထိုင်ကြသူ ၅၂% က ဟိုင်းဘရစ်ဖြစ်စေ၊ အီးဗီဖြစ်စေ ဝယ်ဖို့ အစီအစဉ် ရှိကြတယ်။ အဓိကအကြောင်းက ဓာတ်ဆီဈေးနှုန်း မြင့်တက်နေလို့ ဖြစ်ပါတယ်။ 

၂၅%က အီးဗီကို ဝယ်တာတော့ဝယ်မယ်။ ဒါပေမဲ့ အီးဗီ brand တွေကို အရင် ရွေးချယ်ချင်သေးတယ်လို့ ဆိုပါတယ်။

၁၄%က လတ်တလောမှာ ဓာတ်ဆီအင်ဂျင်ကား ဝယ်ထားသူတွေဖြစ်ပြီး ဟိုင်းဘရစ် သို့မဟုတ် အီးဗီ ဝယ်လိုက်ရကောင်းသားလို့ နောင်တ ရနေကြတယ်လို့ စစ်တမ်းမှာ ဖြေဆိုကြပါတယ်။ 

ယူအေအီးမှာ ဓာတ်ဆီဈေးနှုန်း စံချိန်တင် မြင့်တက်နေတယ်။ ၁ လီတာကို ၄ ယူအေအီးဒါဟမ်ဖြစ်နေတယ်။ 

(ဒေါ်လာနှင့် ငွေလဲနှုန်ူးမှာ 

1 USD = 3.67246 AED (ယူအေအီးဒါဟမ်)

ဖြစ်ပါတယ်)

Audi Abu Dhabi မှ အထွေထွေမန်နေဂျာ Mark Austin က "အချိန်ကြာလာတာနှင့်အမျှ EV တွေကို စိတ်ဝင်စားမှု ပိုများလာနေချိန်မှာ ဓာတ်ဆီ ဈေးတက်သွားတော့ အီးဗီကို ပြောင်းစီးဖို့ အလျင်စလိုတွေ ဖြစ်ကုန်ကြတယ်" လို့ ပြောကြားပါတယ်။

 New Auto ကုမ္ပဏီမှ ညွှန်ချုပ် Amjad Nasr က "ယူအေအီးမှာ အီးဗီတွေ အခမဲ့ အားသွင်းပေးတယ်။ ဝန်ဆောင်ခ ယူတဲ့နေရာတွေ ရှိတာကလည်း အလကားနီးပါးပဲ အခကြေး ရယူကြပါတယ်" လို့ ရှင်းပြပါတယ်။

"ဓာတ်ဆီဖိုးက ယူအေအီးဒါဟမ် ၂၀၀~၂၅၀ ကုန်တယ်။ တစ်လကို ၈~ ၁၀ ကြိမ် ဆီထည့်ရလို့ ဒါဟမ် ၂,၀၀၀ ကုန်တယ်။ အီးဗီအသစ်တစ်စီးကို တစ်လ ဒါဟမ် ၂,၀၀၀ အရစ်ကျသွင်းပြီး ဝယ်လို့ရတယ်" လို့ သူက ရှင်းပြတယ်။

ယူအေအီးမှာ ယခုအခါ ဈေးဆိုင်တန်း အဆောက်အဦများ၊ တိုက်တာအဆောက်အဦများမှာ အခမဲ့အားသွင်းပွိုင့်များနှင့်အတူ အခမဲ့ ယာဉ်ရပ်နားရန်နေရာများ စီစဉ်ပေးထားပါတယ်။ အီးဗီကို မှတ်ပုံတင်အခါ အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။

#MyanmarAutomobileGuide 

Source: Khaleejtimes

Read 2675 times