လူစီးယာဉ်အုပ်စုတွင်ပါဝင်သည့် Delivery Van များကို ဒဏ်ကြေးကောက်ခံပြီး ထုတ်ယူခွင့်မည်


လူစီးယာဉ်အုပ်စုတွင်ပါဝင်သည့် Delivery Van များကိုသိမ်းဆည်းမည်မဟုတ်သော်လည်း 1/2 AV ထက်မနည်းသည့် ဒဏ်ကြေး ကောက်ခံပြီး ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဆိပ်ကမ်းများတွင် Delivery Van အဖြစ် ကား ၄၆၄ စီး တင်သွင်းထားရာ လူစီးယာဉ်အုပ်စုတွင်ပါဝင်သည့် ကားများကို Delivery Van အဖြစ်ပြုပြင်တင်သွင်းထားသည့် ကား ၅၈ စီး စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုကားများကို မူဝါဒအရသိမ်းဆည်းပြစ်ဒဏ်ချမှတ်နိုင်သော်လည်း သိမ်းဆည်းပြစ်ဒဏ်အစား 1/2 AV ထက်မနည်းသည့် ဒဏ်ကြေးဖြင့်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လူစီးယာဉ်အုပ်စုမှာပါဝင်သော Delivery Van များကို ဒဏ်ကြေးကြေငြာပေးရန် ကြီးကော်ကိုစာတင်ထားပါသည်။

အုပ်စု(က)၊(ခ)၊(ဂ)မှာ ပါဝင်သည့် ကားများအတွက် ထုတ်ပြန်ခဲ့သော သတ်မှတ်ချက်ကို MAMDA ကလည်း မှတ်ချက်မပြုဘဲ ထိုအတိုင်းပဲထုတ်ယူခွင့်ပေးရန် ဆွေးနွေးခဲ့ပါသည်။

သို့သော် မြဝတီနှင့် ရန်ကုန်က Delivery Van တင်သွင်းထားသူတစ်ချို့က အုပ် စု (ဂ) မှာ ပါဝင်သော ကားများကို ဒဏ်ကြေးလျော့ပေးရန် တင်ပြထားသည်။

ဒဏ်ကြေးများကို ဖြေလျော့မပေးခြင်းက ကြီးကော်၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရသည့်အတွက် ဖြစ်ပါသည်။

အုပ်စု(ဃ)မှာ ပါဝင်သည့်ကားများကို 1/2 AV ထက်မနည်းသော ဒဏ်ကြေးနှင့်သာ ထုတ်ယူခွင့်ပြုပေးရန် ရှိပါသည်။

ထိုကားများက သိမ်းဆည်းပြစ်ဒဏ်နှင့် ငြိစွန်းနေသော်လည်း သိမ်းဆည်းရန်တော့ မရှိလောက်ပါဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိပ်ကမ်းအတွင်းရှိသော လူစီးယာဉ်အုပ်စုတွင်မပါသည့် Delivery Van ကားများကို ဧပြီ ၂၇ ရက်မှစ၍ ထုတ်ယူခွင့်ပြုပေးထားပြီး ထုတ်ယူမည့်ရက်ကိုကန့် သတ်မထားသော်လည်း ဆိပ်ကမ်း ရက်လွန်ဒဏ်ကြေး ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

 

Read 684 times