မြန်မာပြည်ရောက် Dayang Scooter 125


မြန်မာပြည်ရောက် တရုတ်ဆိုင်ကယ်တွေထဲကမှ အရည်အသွေးပြည့်မီတဲ့ Dayang Scooter 125 အကြောင်းကို ဆိုင်ကယ်ချစ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

Dayang Scooter 125 ကို ထူးထူးခြားခြား ဖရိမ်ကို ပိုကြံ့ခိုင်အောင် ဒေါက်တွေထည့်သွင်းပေးထားသလို တခြား 125 ဆိုင်ကယ်တွေထက်လည်း ပိုမြန်ပြီး ဆီစားနှုန်းသက်သာပါတယ်။

Dayang Scooter ဆိုင်ကယ်ကို ဒီဇိုင်းသေသပ်လှပကျစ်လစ်ပြီး Sport Type အမျိုးအစားနဲ့ ထုတ်လုပ်ပေးထားသလို ရှေ့အချက်ပြမီးကိုလည်း သိမ်းငှက်မျက်လုံးပုံစံနဲ့ တည်ဆောက်ပေးထားပါတယ်။

ရှေ့မီးကြီးဟာ ဖယောင်းတိုင်လင်းအား နှစ်သောင်းနဲ့ ညီမျှသလို LED Daylight ပါ ထည့်သွင်းပေးထားလို့ လမ်းခရီး ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် အထောက်အကူပြုမှာ သေချာပါတယ်။

ထူးခြားချက်ကတော့ ရှေ့ရင်အုပ်မှာ M ပုံစံဒီဇိုင်းနဲ့ လှပအောင် ဖန်တီးထားသလို ရှေ့မားကတ်ကို ရှေ့ဖောက်မှာ တွဲထားတဲ့အတွက် ညီညာမှုမရှိတဲ့လမ်းတွေမှာ မောင်းနှင်တဲ့အခါမှာ အချိုးကျကျနဲ့ ဟန်ချက်ညီညီ လိုက်ပါကစားပေးနိုင်ပြီး ရွှံစဉ်သက်သာစေမှာ ဖြစ်ပါတယ်။

ဒါပြင့် ရှေ့လက်ကိုင်တန်းအောက်မှာ ဖုန်း၊ ရေဘူး စတာတွေ ထည့်နိုင်မယ့် ခွက်ငယ်လေးနှစ်ခု တပ်ဆင်ပေးထားတာကြောင့် ခရီးဝေးသွားတဲ့အချိန်မျိုးမှာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်။

Dayang Scooter ဆိုင်ကယ်ကို ဟိုးအရင်နှစ်တွေကလည်း ထုတ်လုပ်ခဲ့ဖူးပေမဲ့ ယခု ၂၀၁၈ မော်ဒယ် Scooter 125 ဆိုင်ကယ်ဟာ Four Generation အင်ဂျင်ဖြစ်တာကြောင့် ခေတ်မီပြီး စွမ်းဆောင်ရည်အပြည့် အသုံးပြုနိုင်မှာဖြစ်သလို ဆီစားသက်သာသည့်အပြင် အေးမြတဲ့နေရာတွေမှာတောင် အင်ဂျင်ကောင်းကောင်းအလုပ်လုပ်နိုင်တယ်လို့ သိရပါတယ်။

စက်နှိုးပြီးစထွက်တဲ့အချိန် ၁၃၆ မီတာအတွင်း တခြားဆိုင်ကယ်တွေက ၃၅ ကီလိုပဲမောင်းနိုင်ပေမဲ့ ယခု Scooter ဟာဆိုရင် ၁၃၆ မီတာအတွင်း ကီလို ၄၀ အထိ မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။

Start နှိုးလိုက်တာနဲ့ လျင်လျင်မြန်မြန် အလုပ်လုပ်စေတာကြောင့် တခြား 125 ဆိုင်ကယ်တွေထက် 1.1 km ပိုမြန်ပြီး ၅ ရာခိုင်နှုန်း ဆီစားသက်သာစေလို့ ကီလို ၁၀၀ မှာ ၁.၈ လီတာပဲ ကုန်ကျနိုင်တယ်လို့ ဆိုင်ကယ်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

တခြားကားတွေ ဆိုင်ကယ်တွေကိုကျော်မယ်ဆိုရင် ၁၂ မီတာအတွင်း ဝ.၆ စက္ကန့် ပိုမြန်စေမှာဖြစ်သလို ဆိုင်ကယ်ရပ်ထားတဲ့အချိန် ခွဒေါက် ထောက်ထားမယ်ဆိုရင်တောင် တည်ငြိမ်မှုရှိစေတယ်လို့လည်း ပြောပါတယ်။

နောက်တစ်ချက်က Hard Brake ပါတဲ့အတွက် အနိမ့်/အမြင့် မညီတဲ့နေရာတွေ၊ ခုံးအဆင်းလမ်းတွေမှာ ရပ်ထားနိုင်သလို Air Cleaner ကို ဆိုင်ကယ်ထိုင်ခုံအောက်နားမှာ ထားပေးထားတဲ့အတွက် ဖုန်နဲ့ ရေ အလွယ်တကူမဝင်နိုင်တဲ့အပြင် လမ်းပေါ် ရေတွေပြည့်နေတဲ့နေရာမျိုးမှာတောင် မောင်းနှင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Dayang Scooter ဆိုင်ကယ်ကို ဖြူနက်၊ နီနက်နဲ့ All Black အရောင်သုံးမျိုး တင်သွင်းထားပြီး ပထမတစ်နှစ်ကို အင်ဂျင်တစ်နှစ်အာမခံ+ Service လက်ခအခမဲ့+ ပစ္စည်းဖိုး စတာတွေ အာမခံပေးထားပြီး ဒုတိယတစ်နှစ်မှာ အင်ဂျင်ပိုင်း+လက်ခအခမဲ့ အာမခံပေးထားပါတယ်။

ဈေးနှုန်းကတော့ မန္တလေးမြို့မှာ ကျပ် ၁,၀၅၀,၀၀၀ နဲ့ ရောင်းချပေးထားသလို Spare Parts ရရှိမှုပါ အာမခံတယ်လို့ Autumn Dayang ကုမ္ပဏီက ပြောပါတယ်။

Read 1395 times