အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်း လက္ခဏာများ


ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများက အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာပြဿနာတွေကို ပြေးမြင်တတ်ကြပါတယ်၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာတွေက ဖြေရှင်းရခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊ သင့်ကားနဲ့ သင်ရဲ့ အသက်အန္တရာယ်အထိအကြီးမားဆုံး ဒုက္ခပေးနိုင်တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကားအောက်ပိုင်းရောဂါတွေပါ။ ဒါကြောင့် သင်နဲ့သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို အကျဉ်းချုပ်တင်ပြပေးပါမယ်။

 

ကားအောက်ပိုင်း (Suspension) ကိုအဓိကအားဖြင့် အောက်ပါပစ္စည်းများဖြင့်ဖွဲ့စည်းထားပါတယ်။

 

(Tie rod) တိုင်းရော့

 

(Tie rod end or Rack End) မိန်းလုံး

 

(Ball Joint) ဘောလ်ဂျွိင့်

 

(Constant Velocity -CV Joint) ဒူးဆစ်

 

(Stabilizer Bar) နှုတ်ခမ်းမွှေးလိုင်း

 

(Shock Absorber) ရှော့ခ်ဘား

 

(Upper Arm) အပေါ်လက်ဝါး

 

(Lower Arm) အောက်လက်ဝါး

 

(Coil Spring) ကွိုင်စပရင်

 

(Rubber Bushing) ရာဘာဘွတ်

 

(Bellows) သဲကာ အစရှိတဲ့အခြေခံပစ္စည်းတွေနဲ.ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ်အမျိုးအစား ထုတ်လုပ်တဲ့ကုမ္ပဏီပေါ်မူတည်ပြီး အောက်ပိုင်းပစ္စည်းအစိတ်အပိုင်းတွေအများကြီးပါဝင်ပါသေးတယ်။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက်အလုပ်လုပ်နေတာကတော့ Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ။

 

(၁) တိုင်းရော့ (Tie rod)နဲ့ မိန်းလုံး (Tie rod end or Rack End) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေပြမလဲ

 

တိုင်းရော့နဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ သင့်ကားကို အရှိန်ဖြည်းဖြည်းနဲ့မောင်းနေတဲ့အခါမျိုးမှာ ဒါမှမဟုတ် ကားကိုရုတ်တရက်ထောင့်ချိုးကွေ့လိုက်တဲ့အခါမျိုးမှာအရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ်ဒုတ် မည်သံထွက်လာမယ် လာထုနှက်တဲ့အသံမျိုးထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေချို့ယွင်းနေပါပြီ ၊ နောက်တစ်ချက်က သင်ကားမောင်းနေတဲ့အချိန်တို့ ကားဘရိတ်အုပ်လိုက်တဲ့အချိန်တို့မှာ ကားက တဖက်ဖက် ကိုဆွဲနေမယ်။

 

ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ ၊ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ကားအောက်ပိုင်းမှာ ပျက်စီးမှုအများဆုံးပစ္စည်းပါ၊ တိုင်းရော့ကျိုးပိုင်းလို့ ၊ပြုတ်ထွက်လို့ တောင်တက်တို့အဝေးပြေးတို့မှာ အသက်အန္တရာယ်ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ်။ဒီတော့အခုဖော်ပြထားတဲ့ရောဂါလက္ခဏာလေးတွေတွေ့ရင် မြင်ရင် ကြားရင် ကြီးကြီးမားမားပျက်စီးမှုမဖြစ်ခင် ဝပ်ရှော့သွားပြီး တိုင်းရော့နဲ့ မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာ နင်းပြီး ပြန်သုံးတန်သုံးဖို.လိုအပ်နေပါပြီ။

 

(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

 

Ball Joint မကောင်းရင်ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကားအောက်ဘက်ထောင့်ဆီကနေ တချက်တချက် ၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေထွက်တတ်တယ် ၊ အထူးသဖြင့် လမ်းအတိမ်းအစောင်းဖြစ်နေတဲ့နေရာတွေတို့ ၊ ချိုင့်ခွက်တွေထဲတို့မှာ မောင်းလိုက်ရင် အဲ့အသံက ထွက်လာတယ်ဆိုရင် အဲ့ဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ။ ပြောရရင် သံကိုတူနဲ့ထုတဲ့အသံမျိုးနဲ့ ဆင်ပါတယ်။

 

Ball Joint က သင့်ကားဘီးရဲ. ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိက ထိန်းပေးထားတာမို့ ၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကား စတီယာရင် (Steering) ကိုလာပြီး သက်ရောက်မှုတွေရှိလာပါမယ်၊ ဖြစ်လာနိုင်တာက သင့်ကား စတီယာရင် မာပြီးလှည့်ရတာခက်သွားမယ် ၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီးထိန်းရခက်သွားမယ် ၊ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကိုဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ဂွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါလက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာကတော့ တိုင်းရော့ မိန်းလုံးတို့ လိုပဲ တာယာအတွင်းအပြင်မညီမညာစားသွားတာမျိုးပါပဲ။

 

(၃) (Constant Velocity -CV Joint) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

 

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ် ၊ သင့်ကားဘယ်ကိုဖြစ်ဖြစ်ညာကိုဖြစ်ဖြစ်ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေသလို ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် အသံတွေထွက်လာတယ် ၊ ကွေ့တိုင်းအဲ့လိုအသံတွေထွက်နေတယ်ဆိုရင်အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတရပ်ပါ။ နောက်ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ကလစ်ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။

 

(၄) shock absorber ၊ Coil Spring ၊ Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

 

ဒီအပိုင်းတွေမကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာထင်ရှားပါတယ်။ အထူးသဖြင့် လမ်းအနိမ့်အမြင်မညီမညာဖြစ်တဲ့နေရာတွေ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညောညင်သာမှမရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာလာစောင့်နေတာမျိုးတွေကို သိသာထင်ရှားစွာခံစားရပြီဆိုရင်တော့ အဲ့ဒါ shock absorber ၊ Spring ၊ Struts တို့ မကောင်းတဲ့လက္ခဏာရပ်ပါ။

 

ရှော့ဘားတွေမကောင်းတဲ့ လက္ခဏာနောက်တစ်မျိုးက သင့်ကားကိုယ်ထည်တခုလုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ့စေတတ်ပါတယ်။ နောက်တစ်မျိုးကလည်း တချို.ရှော့ဘားမှာဆိုရင် ဆီတွေယိုကျတာတို့ ၊ ရှော့ဘားကအောက်ကိုကျပြီး အပေါ်ကို ပြန်ကန်မတက်တော့တာမျိုးတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။

 

(၅) ကားတစ်ဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်

 

ကားတစ်ဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်ဖြစ်နိုင်တာတွေက တာယာလေနဲနေတာ ၊ တာယာ လေပေါင် တစ်ဖက်နဲ့ တစ်ဖက်မညီတာဖြစ်တတ်ပါတယ်။ တာယာလေပေါင်အရင်စစ်ဆေးရပါမယ်၊ အခုနောက်ပိုင်းတချို့မော်ဒယ်မြင့်ကားတွေမှာတော့ တာယာလေပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်းပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်။ တာယာတဖက်ဖက် မညီမညာစားနေလား ရှေ့နောက်ဘေး သေချာစစ်ဆေးရပါမယ်။ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment) မညီမညာဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်းတာလည်းဖြစ်တတ်ပါတယ်။ ကားအောက်ပိုင်းပြုပြင်ရေးဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

 

(၆) ဘရိတ်နင်းရတာထိုင်းနေမယ် ၊ ကပ်နေမယ် ၊ လျောနေမယ် ၊ ဘရိတ်အုံတွေအရမ်းပူနေမယ် ၊ ဘရိတ်ကလစ်နဲ. ဘရိတ်ဒရမ်နဲ.ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေကုန်နေတာ ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ ၊ ဘရိတ်ရူးလျော့နေတာ ၊ ပင်တွေသံချေးတက်ပြီးကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

 

(၇) စတီယာရင် လှည်.ရတာချော်နေမယ်

 

သင် စတီယာရင်ကို လှည့်တဲ့အခါဖြစ်စေ ၊ လှည့်ထားတဲ့အတိုင်းလေးထိန်းတာတဲ့အခါဖြစ်စေ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ခက်ခဲနေမယ် ဆိုရင် steering Fluid နည်းနေတာဖြစ်နိုင်တယ်။ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်။ Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်။ Steering Pump က O ring ပျက်ပြီးဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါတွေက ကားတစ်စီးမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်းရောဂါလက္ခဏာရပ်တွေပါ ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါတွေအများကြီးကျန်ရှိပါသေးတယ် ၊ မြန်မာနိုင်ငံမှာက လမ်းမကောင်းတာရယ် ၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်းရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။

 

တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့သဲကာလေးပေါက်တာကို မလဲတာကနေပြီး အဲ့ဒီအရာတွေကြားထဲမှာနေရမယ့် အမဲဆီတွေအပြင်ထွက်ပြီး ၊ အထဲမှာမရှိရမယ့်သဲတွေဖုန်တွေရွှံ့တွေက အထဲဝင်ကာ အောက်ပိုင်းဆက်စပ်ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလိုတွေ.မြင်ရပါတယ်။ အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာကြောင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။

 

နောက်တစ်ခုက အထက်ပါရောဂါတွေက တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံးစုပေါင်းပြီးလည်းဖြစ်နိုင်ပါတယ်။ ကားပေါ်တက်လိုက်လို့ အောက်ပိုင်းဆီကနေ သံစုံတီးဝိုင်းသံတွေကြားနေရရင်တော့ သင့်ကားအောက်ပိုင်းတော်တော်များများပျက်စီးယိုယွင်းနေပြီဆိုတာ သတိပြုသင့်ပါတယ်။ စစဖြစ်ခြင်းရောဂါလက္ခဏာတွေသတိမမူဘဲ မပြုပြင်မထိန်းသိမ်းရင် အောက်ပိုင်းအခြားဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီး အနည်းဆုံးတာယာစားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင်ထိခိုက်စေမှာပါ။

 

ဒါကြောင့်သင့်ကားအောက်ပိုင်းကနေ မူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ တွေကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့သင့်ကားဘေးအန္တရာယ်ကင်းရှင်းရေး လုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြသသင့်ပါတယ်။

 

Read 2360 times