Daimler နဲ့ BMW တို့ရဲ့ ကား ၁၀၀ ကျော် Hack ခံရပြီး ခိုးခံရ


Mercedes-Benz ရဲ့ မိခင် ကုမ္ပဏီ Daimler နဲ့ BMW တို့ဟာ သူတို့ရဲ့ ကားများကို စားသုံးသူများ မျှေ၀ ငှားရမ်း စီးနင်းနိုင်တဲ့ Car Sharing ဝန်ဆောင်မှုကို ပြုလုပ်ပေးထားပါတယ်။
 ယခင်ကတော့ car2go လို့ ဝန်ဆောင်မှုကို အမည်ပေးထားပြီး အခုတော့ DriveNow လို့ အမည်ပြောင်းထားပါတယ်။ အခုတော့ အဲဒီ ဝန်ဆောင်မှုရဲ့ ဆော့ဖ်ဝဲဟာ ချီကာဂိုမှာ ဟက်ခံရပြီး ကားများ အခိုးခံရတယ်လို့ CBS Chicago က ရေးသားထားပါတယ်။

 Mercedes-Benz ရဲ့ ကားအစီးရေ ၁၀၀ နဲ့ အခြား တန်ဖိုးကြီး ကားများဟာ ပျောက်ဆုံး သို့မဟုတ် အခိုးခံထားရပါတယ်။ အဲဒီ အခိုးခံထားရတဲ့ ကားများကို ဒုစရိုက်လုပ်ငန်းများမှာ အသုံးပြုနေကြတယ်လို့ သတင်းစာက ဖော်ပြထားပါတယ်။ လူ ၁၂ ဦးကျော်ကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ Share Now ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ချီကာဂိုမှာ ဝန်ဆောင်မှုကို ခဏတာ ရပ်နားထားတယ်လို့ ပြောပါတယ်။

ကားခိုးယူခံရမှုများအတွက် ကုမ္ပဏီဟာ ရဲများနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ ချီကာဂို ရဲဌာနက ခိုးယူခံထားရတဲ့ ကားအချို့ကို ပြန်လည် သိမ်းဆည်းနိုင်ပြီလို့ ပြောပါတယ်။ Mobile App ကို ဟက်ပြီး ကားများကို ခိုးယူသွားတာ ဖြစ်ပါတယ်။ ကားရဲ့ တည်နေရာကို ကုမ္ပဏီက ခြေရာခံလို့ မရအောင် လုပ်သွားတာလို့ ထင်ပါတယ်။

Daimler နဲ့ BMW တို့ဟာ ဖေဖော်ဝါရီလမှာ သူတို့ရဲ့ Car Sharing ဝန်ဆောင်မှုကို ပူးပေါင်းလိုက်ကြတာပါ။ ကုမ္ပဏီ ၂ ခုဟာ တက္ကစီ အတူတကွ ငှားစီးခြင်း၊ အီလက်ထရစ်ကားများအတွက် အားသွင်းခြင်းနဲ့ အခြား နည်းပညာနဲ့ ဝန်ဆောင်မှုများမှာ ပူးပေါင်းဖို့ စီစဉ်ထားကြပါတယ်။

Read 692 times