ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ရွေးချယ်သင့်သည့် (Mini Truck) Daihatsu Hijet Jambo


အင်ဂျင်ပါဝါ ၆၆၀ စီစီ Carry Turck ထဲမှာ Hijet jambo က ရှေ့ခန်းက တစ်ခန်းခွဲဖြစ်ပြီး ခေါင်းမြင့်ဖြစ်တဲ့အတွက် Mini Truck တွေထဲမှာ အကောင်းကြီးသလို ခံ့ညားတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ Kei Truck ထဲမှာ Hijet က ဈေးကွက်အပေါက်ဆုံးဖြစ်ပြီး ရှေ့ခန်းကျယ်ကျယ်နဲ့ ခေါင်းမြင့်လိုချင်တဲ့သူတွေ jambo ကို ရှာဖွေဝယ်ယူကြပါတယ်။

Daihatsu Hijet Carry Truck ထဲမှာ Pick-up ရိုးရိုး ၊ ရှေ့နှစ်ခန်းပါတဲ့ Dack Van ၊ ရှေ့တစ်ခန်းခွဲ ဖြစ်တဲ့ Jambo ၊ Micro Van လို အလုံးဖြစ်တဲ့ Gran Cargo ၊ Box Truck လိုမျိုး နောက်ခန်းမှာ Box ပါတဲ့ Panel Van High Roof ၊ ပစ္စည်းအတင်/အချ ကို ဟိုက်ဒြောလစ်နဲ့ ပြုလုပ်နိုင်တဲ့ Light Dump Truck ဆိုပြီး ပုံစံအမျိုးမျိုး ၊ အမျိုးအစားအမျိုးမျိုး ကွဲသွားပါတယ်။ Daihatsu Hijet ဆိုတဲ့ နာမည် ကိုတော့ Toyota Hiace နဲ့ Hilux တို့ကို ပေါင်းစပ်ပြီး ပေးထားတာ ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

ဂျပန်အခေါ်အဝေါ် Kei Truck ဖြစ်တဲ့ Hijet က အင်ဂျင်ပါဝါ ၆၆၀ စီစီ ဖြစ်တဲ့အတွက် ဆီစားသက်သာပြီး တစ်ဂါလန်ကို ၆၅ ကီလိုဝန်းကျင်အထိ မောင်းနှင်နိုင်ပါတယ်။ ဒီကားကို ၁၉၆၀ ပြည့်နှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး ၃၆၀ စီစီ နှစ်လုံးထိုး အင်ဂျင် တပ်ဆင် အသုံးပြုခဲ့ပါတယ်။ ၁၉၆၉ မိုဒယ်မှာ ၅၅၀ စီစီကို ပြောင်းလဲထုန်လုပ်ခဲ့ပေမဲ့ ၁၉၉၀ မိုဒယ်အရောက်မှာတော့ ဂျပန်တစ်နိုင်ငံလုံး Kei ကားတွေကို စံနှုန်းတစ်ခု သတ်မှတ်ပြီး ၆၆၀ စီစီ သုံးလုံးထိုးအင်ဂျင် ပြောင်းလဲခဲ့ပါတယ်။ Kei Truck ထဲမှာ Auto ၊ Manual ဂီယာ နှစ်မျိုးရှိသလို 2WD ၊ 4WD နှစ်မျိုးစလုံးလည်းရှိပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Daihatsu Hijet မှာ Jambo က တစ်ခန်းခွဲ ဖြစ်သွားပြီး Carry Truck ရိုးရိုးထက် ရှေ့ခန်း တစ်ပေခွဲလောက် ပိုကျယ်သွားပါတယ်။ Carry Truck မှာ ထိုင်ခုံကျော်မှီက နံရံ နဲ့ ကပ်နေပေမဲ့ Jambo ကတော့ ဆလွန်ကားတွေလိုမျိုး နောက်ကို လှန်ချလို့ရပါတယ်။ အပြင်ပိုင်း သဏ္ဍာန်က အမိုးခုံဖြစ်သွားပြီး ခေါင်းမြင့် ဖြစ်ပါတယ်။ ၂၀၀၇ မိုဒယ် Late ကစပြီး ဘေးဘက် နောက်ကြည့်မှန် ကြွက်နားရွက် ပါလာပါတယ်။ နောက်ပြီး အတွင်းလက်ကိုင်းကွင်းက အကြီးဖြစ်သွားပါတယ်။

ဈေးနှုန်း

Daihatsu Hijet Jambo ၂၀၀၇ ၊ ၂၀၀၈ မိုဒယ်ကို ဝယ်ယူမယ်ဆိုရင် ကားအခြေနေ ၊ ရန်ကုန်လိုင်စင် ဖြစ် ၊ မဖြစ်နဲ့ အက္ခရာ အပေါ်မူတည်ပြီး Auto ဂီယာက ကျပ်သိန်း ၁၂၀ ကနေ ၁၃၀ ကြား ၊ Manual ဂီယာကတော့ ကျပ်သိန်း ၁၁၀ နဲ့ ၁၂၀ ကြား ရှိပါတယ်။

Source;Automobile Journal

Read 1412 times