ယင်းကားအမျိုးအစားများသည်ခရီးသည်ခုနှစ်ယောက်နှင့်အထက်တင်ဆောင်နိုင်သကဲ့သို့ကားအနောက်ဘက်တွင်လည်းကုန်ပစ္စည်းတင်နိုင်သောကြောင့်CrewCabဗန်ကားများသည်စီးပွားရေးလုပ်ငန်းများအတွက်အသုံးဝင် လှပါသည်။
ယခုကားများသည် အသင်းအဖွဲ့နှင့် လုပ်ငန်းများအတွက်အမှန်တကယ်အသုံးဝင်သည့်ကားများဖြစ်သည်။
ယခုလက်ရှိဈေးကွက်ထဲတွင်အကောင်းဆုံး Crew Cab ဗန်ကား (၁၀) စီးထဲမှာ သုံးစီးကို ဖော်ပြပေးလိုက်ပါသည်။
(1) Ford Transit Connect Double Cab
ယင်းဗန်ကားမိုဒယ်ကို ကိုယ်ထည်အလျားနှစ်မျိုးနှင့်ရရှိနိုင်ပြီး Crew ဗားရှင်းဟုဆိုရမည့် Double cab မှာခရီးသည်ငါးယောက်အထိတင်ဆောင်နိုင်ရုံသာမက ပစ္စည်းထားစရာနေရာလည်းကျယ်ဝန်းပါသည်။
ဆီစားသက်သာပြီး ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသော Ford ၏ Econetic ဒီဇယ်အင်ဂျင်သာမက EcoBoost ဓာတ်ဆီအင်ဂျင်ကိုလည်းရွေးချယ်ရရှိနိုင်ပြီး ဒီဇယ်အင်ဂျင်မှာ ဆီစားနှုန်းအနေဖြင့် တစ်ဂါလန်လျှင် မိုင်ခုနှစ်ဆယ်အထိအသုံးပြုသွားလာနိုင်ပါသည်။
(2) Peugeot Expert Crew
ပြင်သစ်ကားကုမ္ပဏီတစ်ခုဖြစ်သောPeugeot မှာ Expert ဗန်ကားမိုဒယ်သစ်ကို ပုံစံငါးမျိုးခွဲခြားထုတ်လုပ်ထားပြီး ပုံမှန် ၁ ဒသမ ၉ မီတာအမြင့်နှင့် ၄ ဒသမ ၆ မီတာမှ ၅ဒသမ ၃ မီတာအထိအလျားအမျိုးမျိုးရရှိနိုင်ပါသည်။
အင်ဂျင်အားလုံးမှာ မြင်းကောင်ရေ ၉၅ ကောင်အားမှ ၁၈၀ ကောင်အားအထိထုတ်လုပ်ပေးမည့် BlueHDi ဒီဇယ်အင်ဂျင်ချည်းဖြစ်ပြီးပျမ်းမျှညစ်ညမ်းဓာတ်ငွေ့ထုတ်လုပ်မှုမှာ တစ်ကီလိုမီတာလျှင် ၁၃၃ ဂရမ်မှ ၁၅၁ ဂရမ်အထိဖြစ်သည်။
ယင်းမိုဒယ်၏ Crew ဗားရှင်းမှာ ခရီးသည်ခြောက်ယောက်အထိ လိုက်ပါစီးနင်းနိုင်ပြီး သမားရိုးကျကိုယ်ထည်ပုံစံ နှင့် Wheelbase ပိုရှည်သည့် ကိုယ်ထည်ပုံစံကိုပါရွေးချယ်ရရှိနိုင်ပါသည်။
(3) Mercedes-Benz Sprinter Dualiner
Mercedes-Benz ထုတ် Sprinter Dualiner Crew ဗန်ကားမိုဒယ်ကို မတူညီသော Wheelbase အလျားလေးမျိုးနှင့်ခွဲခြားထုတ်လုပ်ထားပြီးကား၏အရှည်ဆုံးအလျားမှာWheelbase ရှည်လျားသောဗားရှင်းတွင် လေးမီတာနီးပါးရှိပါသည်။
ကားအတွင်းတွင်ခရီးသည်ခြောက်ယောက်လိုက်ပါစီးနင်းနိုင်ပြီးကားနောက်ခန်းမှသုံးယောက်တန်းထိုင်ခုံမှာမလိုအပ်ပါက ဖြုတ်သိမ်းထားနိုင်ပါသည်။
Dualinerဗားရှင်းကိုSprinterမိုဒယ်များ၏ခေါင်မိုးမြင့်မြင့်ကိုယ်ထည်မျိုးနှင့်ရရှိနိုင်ပြီးအရွယ်အစားအနည်းငယ်ပိုသေးသည့် မိုဒယ်တွင် ကား၏ တရားဝင်ဆီစားနှုန်းမှာ တစ်ဂါလန်လျှင် မိုင်ခြောက်ဆယ်နှင့်အထက်ဖြစ်ပါသည်။