COVID-19 ထောက်ခံချက် မသမာသော နည်းလမ်းဖြင့် ဆောင်ရွက်မှုအားလုံး ထိရောက်စွာဖော်ထုတ်အရေးယူမည်


COVID-19 ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း ထောက်ခံချက် အတုအပပြုလုပ်၍ မသမာသော နည်းလမ်းဖြင့် ဆောင်ရွက်မှုအားလုံး ထိရောက်စွာဖော်ထုတ်အရေးယူမည်ဟု သိရသည်။

COVID-19 ကပ်ရောဂါကို အလေးထားကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း ထောက်ခံချက် အတုအပ ပြုလုပ်၍ မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်မှုအားလုံးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် နှင့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တို့၌ COVID-19 ရောဂါ ထောက်ခံချက်အတုများ တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ထိုသို့အရေးယူမှုပြုလုပ်မည့်အကြောင်း အသိပေးမှု ဆက်လက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်ကုန်းမြို့နယ် ညောင်လွန့်စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၂၅ ရက်တွင် Dyna ယာဉ် နှင့် ၆ ဘီးယာဉ် နှစ်စီးတို့၏ ယာဉ်မောင်းတို့အား ပေပင်လေးစစ်ဆေးရေးဂိတ်မှ စစ်ဆေးပေးသော RDT စစ်ဆေးချက်လက်မှတ်အား မသင်္ကာသဖြင့် တပ်ကုန်းမြို့နယ်ဆရာဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်ဆရာဝန်ကြီးထံသို့ Viberဖြင့် ပေးပို့တိုက်ဆိုင်စိစစ်ခဲ့ကြောင်း နှင့် ထိုသို့ စစ်ဆေးရာတွင် အဆိုပါ RDT စစ်ဆေးချက်လက်မှတ်များမှာ အတုဖြစ်နေသည်ကို တွေ့ရှိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဆေးချက်များအရ ထောက်ခံချက်စာရွက်အလွတ်(အတု)များကို ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက် တောင်ဂိတ်တာဝန်ကျ ရန်လင်းဦးထံမှ ရယူခဲ့ကြောင်းသိရှိရသဖြင့် ၎င်းညမှာပင် ရန်လင်းဦးအား ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်၌ ဖမ်းဆီးခဲ့ကြောင်း ၊ ရန်လင်ဦးအား စစ်ဆေးချက် အရ ယင်းစာရွက်များကို ပျော်ဘွယ်မြို့၊ ရှမ်းပွဲရပ်ကွက် "ငွေစတား" ကွန်ပျူတာဆိုင်ရှိ ထက်အောင်ထံမှ ဝယ်ယူခဲ့ကြောင်းသိရှိရသဖြင့် နိုဝင်ဘာလ ၂၆ ရက်တွင် ထက်အောင်အား ဖမ်းဆီးခဲ့ကြောင်း ၊ ယင်းနှင့်အတူ "ငွေစတား" ကွန်ပျူတာဆိုင်၌ Samsung တံဆိပ်ပါ မော်နီတာ ၁ လုံး၊ MegaPower System Box ၁ လုံး၊ Epson L-805 ကာလာပရင်တာ ၁ လုံး၊Canon L-100 ပရင်တာ ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိသဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

နောင်ချိုမြို့နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးစစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၂၇ ရက်တွင် မန္တလေးမှလားရှိုးသို့ တင်ဇော်လေးဆိုသူ မောင်းနှင်လာသော ယာဉ်အား စစ်ဆေးရာ မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှထုတ်ပေးထားသောCOVID-19 ရောဂါမရှိကြောင်းထောက်ခံချက်စာရွက်သည် ၎င်းကိုယ်တိုင် အတုပြုလုပ်ကိုင်ဆောင်ထားသည်ကိုတွေ့ရှိသဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အလားတူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်စီလမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာ ၂၇ ရက်က အသီးအရွက်နှင့် အသားငါးများတင်ဆောင်လာသော ကွန်တိန်နာယာဉ်တစ်စီးအား ကျန်းမာရေးမှူးဦးဇော်နိုင်ဝင်းနှင့်အဖွဲ့က စစ်ဆေးရာတွင် COVID-19 ဓာတ်ခွဲနမူနာစစ်ဆေးချက် ထောက်ခံချက် စာရွက်အတု ဖြစ်နေသည်ကိုတွေ့ရှိရ၍ ယာဉ်မောင်းအား ဆက်လက်စိစစ်ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

(Xinhua)

ရဲဇာနည် Facebook စာမျက်နှာမှ ဖော်ပြချက် (၂၈ နိုဝင်ဘာလ မွန်းလွဲ ၄ နာရီ)

ပျော်ဘွယ်၊နောင်ချိုနှင့် ဒက္ခိဏသီရိမြို့နယ်တို့၌ COVID-19 ရောဂါ ထောက်ခံချက်အတုများတွေ့ရှိ

နိုဝင်ဘာလ ၂၅ ရက်နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ညောင်လွန့်စစ်ဆေးရေးဂိတ်၌ 9A/6861 Dynaယာဉ်မှ ယာဉ်မောင်းဉီးစိန်ဝင်းထွန်း၊စည်ပင်တဘက္ကာကျေးရွာ၊ရမည်းသင်းမြို့နယ်နေသူနှင့် 8M/7441 Canter ၆ ဘီးယာဉ်မှ ယာဉ်မောင်း/ယာဉ်ပိုင်ရှင် ဦးအောင်ဇော်မြင့်၊ ရှမ်းပွဲရပ်ကွက်၊ပျော်ဘွယ်မြို့နေသူတို့အားပေပင်လေးစစ်ဆေးရေးဂိတ်မှ စစ်ဆေးပေးသော RDT စစ်ဆေးချက်လက်မှတ်အားမသင်္ကာသဖြင့် တပ်ကုန်းမြို့နယ်ဆရာဝန်ကြီးမှ ပျော်ဘွယ်မြို့နယ်ဆရာဝန်ကြီးထံသို့ Viberဖြင့် ပေးပို့တိုက်ဆိုင်စိစစ်ချက်အရအဆိုပါ RDT စစ်ဆေးချက်လက်မှတ်မှာအတုဖြစ်ကြောင်းသိရှိရ၊ ၎င်းတို့အားစစ်မေးရာထောက်ခံချက်စာရွက်အလွတ်(အတု)များအားပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက် တောင်ဂိတ်တာဝန်ကျ ရန်လင်းဦးထံမှ ရယူခဲ့ကြောင်းသိရှိရသဖြင့်၎င်းနေ့ညတွင်ရန်လင်းဦးအားပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ပြီးပျော်ဘွယ်မြို့၊ ရှမ်းပွဲရပ်ကွက်ရှိ "ငွေစတား" ကွန်ပျူတာဆိုင်မှထက်အောင်(၂၆)နှစ်ထံမှ ဝယ်ယူခဲ့ကြောင်းသိရှိရ၍နိုဝင်ဘာလ ၂၆ ရက်တွင် ထက်အောင်အား "ငွေစတား" ကွန်ပျူတာဆိုင်၌ Samsung တံဆိပ်ပါ မော်နီတာ ၁ လုံး၊ MegaPower System Box ၁ လုံး၊ Epson L-805 ကာလာပရင်တာ ၁ လုံး၊Canon L-100 ပရင်တာ ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူထပ်မံဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိပါသည်။

အလားတူနိုဝင်ဘာလ ၂၇ ရက်နေ့လည်တွင်နောင်ချိုမြို့နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးစစ်ဆေးရေးဂိတ်၌ မန္တလေးမှလားရှိုးသို့ တင်ဇော်လေးချမ်းအေးသာစံမြို့နယ်နေသူမောင်းနှင်သော DD/7838 AD Van ယာဉ်အားစစ်ဆေးရာမတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှထုတ်ပေးထားသောCOVID-19 ရောဂါမရှိကြောင်းထောက်ခံချက်စာရွက်အား ၎င်းကိုယ်တိုင် အတုပြုလုပ်ကိုင်ဆောင်ထားသည်ကိုတွေ့ရှိသဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိပါသည်။

အလားတူနိုဝင်ဘာလ ၂၇ ရက် ညနေတွင်ဒက္ခိဏသီရိမြို့နယ်စီလမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဦးဝင်းအောင်လှည်းကူးမြို့နယ်နေသူပါ ကျား ၂ ဦးသည် Cokaspaကုမ္ပဏီမှ 6Q-6872 ကွန်တိန်နာယာဉ်ဖြင့် အသီးအရွက်နှင့် အသားငါးများတင်ဆောင်ရောက်ရှိလာသဖြင့် ကျန်းမာရေးမှူးဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ကစစ်ဆေးရာ COVID-19 ဓာတ်ခွဲနမူနာစစ်ဆေးချက်ထောက်ခံချက်စာရွက်မှာအတုဖြစ်နေသည်ကိုတွေ့ရှိရ၍ ဆက်လက်စိစစ်ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

COVID-19 ကပ်ရောဂါကိုအလေးထားကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်းယခုကဲ့သို့အတုအပပြုလုပ်၍ မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်မှုအားလုံးကိုသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ထိရောက်စွာဖော်ထုတ်အရေးယူသွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

Read 650 times