၁၉၆၁ ခုနှစ်တွင် Andre Courreges တည်ထောင်ခဲ့သော ဖက်ရှင်လုပ်ငန်း Maison de Courreges သည် ကမ္ဘာ့ဖက်ရှင်လောကတွင် နှစ်ပေါင်းငါးဆယ်နီးပါး ဦးဆောင်နိုင်ခဲ့ပါသည်။
၁၉၉၆ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ Andre Courreges ၏ ဖက်ရှင်လုပ်ငန်းကို ဆက်ခံခဲ့သော Coqueline Courreges ကို ဖက်ရှင်ဒီဇိုင်နာအဖြစ်သာ လူသိများပြီး Green Car တီထွင်သူအဖြစ် လူသိနည်းပါသည်။
Coqueline သည် သူ၏ ပထမဆုံးလျှပ်စစ်ကားအဖြစ် ၂၀၀၂ ခုနှစ်တွင် ပန်းကန်ပြားပျံနှင် ဆင်တူသော တံခါးနှစ်ပေါက်ကား La Bulle (The Bubble) ၊ ၂၀၀၄ ခုနှစ်တွင် ရတနာသေတ္တာနှင့်တူသော ဒုတိယမြောက် လျှပ်စစ်ကား EXE တို့ကို တီထွင်ဖန်တီးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ZOOOP ဟု အမည်ပေးထားသော တတိယမြောက်လျှပ်စစ်ကားကို ထပ်မံဖန်တီးခဲ့ပါသည်။
Coqueline Courreges နောက်ဆုံးတီထွင်ခဲ့သော ZOOOP လျှပ်စစ်ကားတွင် တောက်ပသော လိမ္မော်ဝါရောင် ဖန်ပေါင်းချောင်အမိုးနှင့် လိုက်ဖက်အောင် ကားတာယာများကိုလည်း အလားတူအရောင်နှင့် ထုတ်လုပ်တပ်ဆင်ထားပြီး အဖြူရောင်ကားကိုယ်ထည်နှင့် ပေါင်းစပ်လိုက်သည့်အခါ ကားဒီဇိုင်းက ဖက်ရှင်ကျသော အသွေးအမွေးမျိုးထွက်နေပါသည်။
လူသုံးယောက်စီးနင်း နိုင်သော ZOOOP လျှပ်စစ်ကားတွင် ကားတစ်စီးအတွက် လိုအပ်သော ရှေ့နှင့်နောက် မီးအုံး၊ ဘေးကြည့်မှန်များကို ပုံစံအဆန်းလေးများနှင့် ပြုလုပ်ပေးထားပါသည်။
မြင်းကောင်ရေနှစ်ရာအထိ ထုတ်ပေးမည့်အင်ဂျင်နှင့် စွမ်းအင်သုံးစွဲရာတွင်အပူချိန်အလွန်အမင်း မတက်သကဲ့သို့ ပြန်လည်အားဖြည့်ရန် လွယ်ကူသော Lithium-polymer ဘက်ထရီကို ပေါင်းစပ်ပေးထားသော ZOOOP လျှပ်စစ်ကားသည် တစ်နာရီကို ကီလိုမီတာ ၁၈၀ နှုန်းအထိ အမြင့်ဆုံးအရှိန်နှင့် မောင်းနိုင်ပြီး ကီလိုမီတာ ၄၅၀ ခရီးအကွာအဝေးကို တစ်ဆက်တည်း မောင်းနှင်နိုင်စွမ်းလည်း ရှိပါသည်။
အရှည် ၂ ဒသမ ၇၈ မီတာ၊ ဗြက် ၁ ဒသမ ၈၉ မီတာ၊ အမြင့် ၁ ဒသမ ၃၅ မီတာရှိသော ZOOOP လျှပ်စစ်ကား၏ အလေးချိန်က ၆၉၀ ကီလိုဂရမ်သာရှိပြီး သုညကီလိုမီတာမှ ကီလိုမီတာ တစ်ရာ အရှိန်ရရန် ခြောက်စက္ကန့်ခန့်သာ ကြာမြင့်ပါသည်။
Coqueline Courreges ဖန်တီးထုတ်လုပ်ခဲ့သော ZOOOP လျှပ်စစ်ကားဒီဇိုင်းသည် ပုံမှန်မြင်တွေ့နေကျ ကားများနှင့် မတူဘဲ ကားလောကနှင့် ဆက်နွှယ်ခြင်းမရှိသော ဖက်ရှင်ဒီဇိုင်နာတစ်ယောက်၏ စိတ်ကူးမှ အကောင်အထည်ပေါ်လာသော ဆန်းဆန်းပြားပြားနှင့် ချစ်စဖွယ်ကားလေးတစ်စီးဖြစ်ပါသည်။
၂၀၀၆ ခုနှစ်၊ ဇွန်လခန့်က ပါရီမြို့တွင်ပြုလုပ်ခဲ့သော Challenge Bibendum ပြပွဲတွင် မိတ်ဆက်ပြသခဲ့သော ZOOOP လျှပ်စစ်ကားသည် ပတ်ဝန်းကျင်လေထုမညစ်ညမ်းစေသကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် မြန်နှုန်းမြင့်မောင်းနှင်၍ ရခြင်းကြောင့် အနာဂတ် လျှပ်စစ်ကားများအတွက် နမူနာရှေ့ပြေးပုံစံလည်း ဖြစ်ခဲ့ပါသည်။