အင်ဂျင် အအေးခံရည် (coolant) တွင် ရေ (water)၊ ရေအလွယ်တကူမခဲစေရန် သုံးသည့် ဓါတု ဆေးရည် (antifreeze) နှင့် SCA (Supplemental Cooling Additives) ဟုခေါ်သော သံချေးတက်ခြင်း၊ သံချေးစားခြင်းမှ ကာကွယ်ပေး နိုင်ရန်အသုံးပြုသော additives များနှင့် cooling system အတွက် လိုအပ်သော အခြား additives များ ရောနှောပါဝင်သည်။
Coolant ၏ အဓိကတာဝန်မှာ
(၁) အင်ဂျင်မှ ထွက်ရှိလာသော အပူကို သယ်ဆောင်လာပြီး ရေတိုင်ကီ၌ ပြင်ပလေဖြင့် အအေးခံရန်
(၂) အင်ဂျင်နှင့် အအေးခံစနစ် (cooling system) ကို သံချေးတက်ခြင်းနှင့် သံချေးစားခြင်းမှ ကာကွယ်ပေးနိုင် ရန်နှင့်
(၃) အေးသောရာသီဥတု အခြေအနေများတွင် coolant အေးခဲသွားခြင်းမှ ကာကွယ်ပေးနိုင်ရန် တို့ဖြစ်သည်။
ရေသည် အခြားသောအရည်များထက် အပူကိုပို၍ စုပ်ယူနိုင်သော်လည်း ပင်လယ်ရေမျက်နှာပြင် အခြေအနေ၌ ၁ဝဝ ဒီဂရီစင်တီဂရိတ်တွင် ရေဆူပြီး ဝ ဒီဂရီ စင်တီဂရိတ်တွင် ရေခဲသည်။ ရေသည်ခဲသွားလျင် မူလရှိသော ထုထည်ထက် ၉ ရာခိုင်နှုန်းခန့် တိုးလာလေ့ရှိသည်။
ထို့ကြောင့် အင်ဂျင်အတွင်း ရေခဲလျင် အင်ဂျင်ဘလောက်တုံး၊ စလင်ဒါဟက်နှင့် ရေတိုင်ကီတို့ အလွယ်တကူ ကွဲအက်စေနိုင်သည်။
Antifreeze ၏ အရည်ခဲမှတ်မှာ ၁၈ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ Antifreeze ၅ဝ ရာခိုင်နှုန်း နှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant ၏ အရည်ခဲမှတ်မှာ ၃၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး အရည်ဆူမှတ်မှာ ၁ဝ၃ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။
Antifreeze ၇ဝ ရာခိုင်နှုန်း နှင့် ရေ ၃ဝ ရာခိုင်နှုန်း ရောထားသော coolant ၏ အရည်ခဲမှတ်မှာ ၆၄ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး
အရည်ဆူမှတ်မှာ ၁ဝ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ Coolant တွင် antifreeze ပါဝင်မှု အချိုးအစား များလေလေ အရည်ဆူမှတ် မြင့်လာလေလေ ဖြစ်သည်။
သို့သော် Coolant တွင် antifreeze ပါဝင်မှု အချိုးအစား ၇ဝ ရာခိုင်နှုန်း အထိသာ အရည်ခဲမှတ် ပို၍နိမ့်ကျစေနိုင်ပြီး ၇ဝ ရာခိုင်နှုန်း ကျော်သွားပါက အရည်ခဲမှတ် ပြန်၍မြင့်တက် လာစေသည်။ Antifreeze ပါဝင်မှုများလျင် coolant ၏ အပူစုပ်ယူမှု ကျဆင်းပြီး အအေးခံနိုင်မှု စွမ်းဆောင်ရည် ကျဆင်းလာ နိုင်သည်။
ထို့ကြောင့် အင်ဂျင်ထုတ်လုပ်သူ အများစုသည် coolant ကို ရေချည်းသက်သက် အသုံးပြုခြင်းကို recommend လုပ်လေ့မရှိဘဲ antifreeze ၅ဝ ရာခိုင်နှုန်း နှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant ကိုသုံးရန် recommend လုပ်ကြသည်။
၎င်း antifreeze ၅ဝ ရာခိုင်နှုန်းနှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant သည် cooling system ၏ လိုအပ်သော အပူကူးပြောင်းမှုနှင့် အေးခဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အင်ဂျင် အစိတ်အပိုင်းများ ပျက်စီးခြင်း တို့နှစ်ခုကြားတွင် သင့်တော်မျှတသော အရောနှော အချိုးဖြစ်သည်။ ထို့ကြောင့် အသင့် ရောစပ်ပီးထုတ်လုပ် ထားသော coolant အရည်များ ကို ရေထပ် မရောသင့်တော့ပါ။
YKT (စက်မှု)