အင်ဂျင်အအေးခံရည်(Coolant)များ ယိုစိမ့်မှုဖြစ်တတ်သောနေရာ (၁၃) နေရာနှင့် ချွတ်ယွင်းအားနည်းချက်များ


အင်ဂျင်အအေးခံရည် (Coolant) များ ယိုစိမ့်မှုဖြစ်တတ်သောနေရာများနှင့် ချွတ်ယွင်းအားနည်းချက်များကို ယာဉ်မောင်းသူများ သိရှိထားလျှင် မိမိကားအင်ဂျင် အပူလွန်ကဲမှုပြဿနာကို ဖြေရှင်းနိုင်ပါမည်။

အအေးခံရည် ယိုစိမ့်မှုဖြစ်တတ်သော နေရာများနှင့် ဖြစ်ပေါ်သောအကြောင်းရင်းများ-

(၁) ရေတိုင်ကီ (Radiator)

ရေတိုင်ကီကို ပါးလွှာသောကြေးနီ၊ သို့မဟုတ် ဒန်၊ သတ္တု၊ သို့မဟုတ် ခဲနှင့် သတ္တု ရောစပ် တည်ဆောက်ထား၍ ထိခိုက်မိပါက ပျက်စီးလွယ်ပါသည်။ ကားလမ်းပေါ်မှ ကျောက်စရစ်ခဲများ လွင့်စဉ်ထိမှန်ပါကလည်း

ပေါက်ပြဲယိုစိမ့်နိုင်ပါသည်။ သတ္တုပွန်းစားခြင်းကြောင့်လည်း သုံးစွဲမှုသက်တမ်းကြာလာပါက အအေးခံရည်များ ယိုစမ့်နိုင်ပါသည်။ အင်ဂျင်တုန်ခါမှု၊ လမ်းကြမ်းအဆောင့်ဒဏ်များကြောင့်လည်း ရေတိုင်ကီ ထိခိုက်ပေါက်ပြဲ လွယ်ပါသည်။

(၂) ရေတိုင်ကီ Cap ဖုံး

Cap ဖုံး မကောင်းပါက ရေတိုင်ကီထဲတွင် အအေးခံရည်များ အမြဲတမ်းပြည့်နေစေရန် ဆောင်ရွက်မပေးနိုင်ပါ။ Cap ဖုံးမလုံ၍ ရေတိုင်ကီ ရေဆူလွယ်ပြီး အအေးခံရည်များ အငွေ့ပြန်ခန်းခြောက်မည်။ ရေလျှံဘူးမှ အအေးခံရည်များ ပြန်လည်စီးဝင်နိုင်စွမ်းမရှိတော့၍ ရေတိုင်ကီထဲတွင် အအေးခံရည် အမြဲလျော့နည်း နေတတ်သည်။ Cap ဖုံးဝါရှာများ မလုံလောက်တော့ပါက ရေတိုင်ကီထဲတွင် ဖိအားကို ထိန်းထားနိုင်စွမ်းမရှိပါ။

(၃) ဝါးတားပိုက်(Hoses)

ရေတိုင်ကီနှင့် အင်ဂျင်ဘလောက် ရေလိုင်းများကို ဝါးတားပိုက်နှင့် ဆက်သွယ်ထားပါသည်။ ရော်ဘာ ကွန်ပေါင်းသားနှင့် ပြုလုပ်ထားသော ဝါးတားပိုက်မှာ ရေတိုင်ကီ အဝင်လိုင်းပိုက်နှင့် အထွက်လိုင်းပိုက် နှစ်လိုင်း ရှိပါသည်။ ပိုက်စွပ်ပြီး ဆက်သောနေရာကို ပိုက်ကလစ် (Clamps) နှင့် ညှပ်ဖမ်းသည့်နေရာများမှ အအေးခံရည် ယိုစိမ့်ထွက်နိုင်သည်၊ ပိုက်ကွဲနိုင်သည်။

(၄) ဝါးတားပန့်(Water Pump)နှင့် ပန့်ဆီးလ်(Seal)

ဝါးတာပန့်တွင် လည်ပတ်သော အင်ပဲလာဝင်ရိုးနှင့် Seal ကြားမှ အအေးခံရည်များ ယိုစိမ့်ထွက်နိုင်ပါသည်။ ပန့်ဆီးလ်(Seal)မလုံဘဲ ရေယိုကျပါက ဝါးတာပန့်တစ်ခုလုံးကို လဲပေးခြင်းက ပို၍ကောင်းပါသည်။

(၅) အပူချိန်တိုင်းဆင်ဆာ (Sensor)

အအေးခံစနစ်အတွင်း လည်ပတ်နေသော Coolant အအေးခံရည်၏ အပူချိန်ကို တိုင်းတာရန် ဆင်ဆာ (Sensor) ယူနစ် တပ်ဆင်ထားရပါသည်။ ဆင်ဆာယူနစ်ကြားထဲမှ တစ်ခါတစ်ရံ အအေးခံရည် ယိုစိမ့်ထွက်နိုင်သည်။

(၆) အင် Head နှင့် ဂတ်စ်ကတ်

အင်ဂျင်ဘလောက် ရေတိုင်ကီနှင့် Head ရေလိုင်းတို့ကြားတွင် ဂတ်စ်ကတ် ရှိနေပါသည်။ အင်ဂျင် အပူလွန်ကဲမှုဖြစ်၍ ဂတ်စ်ကတ် ပြတ်သွားပါက အင်ဂျင်အတွင်း အအေးခံရည် ယိုစိမ့်မှု ဖြစ်တတ်ပါသည်။

(၇) Head Bolt တိုင်ချောင်ခြင်း

အင်ဂျင် Head ကို တင်းကျပ်စွာ ဖမ်းတွယ်နေစေရန် Head Bolt တိုင်များ တင်းအားအပြည့် ရှိသင့်သည်။ ချောင်နေပါက Head နှင့် ဘလောက်ကြားမှ အအေးခံရည်များ စိမ့်ထွက်နိုင်သည်။

(၈) Heater Core

အေးခဲလွန်းသော ဒေသများတွင် ကားအတွင်းပိုင်းကို အနွေးဓာတ်ပေးရန် Heat Cote တပ်ဆင် တည်ဆောက်ထားသည်။ Heater Core ကို ကားရေတိုင်ကီကဲ့သို့ တည်ဆောက်ထားသဖြင့် အအေးခံရည်များ Heater Core မှ ယိုစိမ့်ထွက်နိုင်သည်။

(၉) သာမိုစတတ် Housing

အအေးခံစနစ်တွင် သာမိုစတတ်(Thermostat) တပ်ဆင်အသုံးပြုလေ့ရှိပြီး သာမိုစတတ် Housing တွင် တပ်ဆင်နေရာချထားသည်။ Housing အထိုင် ဂတ်စ်ကတ်ကြားမှ အအေးခံရည်များ ယိုကျနိုင်ပါသည်။

(၁ဝ) ATF Oil Cooler

အော်တိုဂီယာစနစ်သုံးသော ကားများတွင် အော်တိုဂီယာစနစ်မှ ATF Oil (ခေါ်) ပါဝါဆီများကို Oil Cooler ဖြင့် အအေးခံပေးရပါသည်။ Oil Cooler နှင့် အင်ဂျင်အအေးခံစနစ် ရေလိုင်းများ ဆက်သွယ်ရာတွင်လည်း ယိုစိမ့်မှု ဖြစ်နိုင်ပါသည်။

(၁၁) Freeze Plug

အင်ဂျင်ဘလောက်နှင့် အင်ဂျင် Head တွင် Freeze Plug အပိတ် ဝိုင်းများရှိသည်။ ထိုပလပ်(Plug)များ သံချေးတက်ပြီး အအေးခံရည်များ ယိုစိမ့်ထွက်တတ်သည်။ Plug အဟောင်းများ ချွတ်ယွင်းမှုရှိ၍ ယိုစိမ့်မှုရှိပါက Plug အသစ်လဲပေးရန် လိုပါသည်။

(၁၂) Intake Manifold Gasket

အင်ဂျင်ဆလင်ဒါ Head တွင် Intake Manifold ကို တပ်ဆင်ရာ၌ ဂတ်စ်ကတ် ကြားခံညှပ်ပေးရသည်။ ဂတ်စ်ကတ်ကြားနှင့် ဆလင်ဒါ Head ရေလိုင်းမှ အအေးခံရည်များ ယိုစိမ့်နိုင်သည်။

(၁၃) ရေလျှံဘူး (Coolant Reservoir)

ရေတိုင်ကီထဲတွင် အအေးခံရည်များ အမြဲတမ်းပြန်ပြည့်နေစေရန် နှင့် လျှံထွက်သော အအေးခံရည်များ ထိန်းသိမ်းထားရန်အတွက် ရေလျှံဘူးကို အသုံးပြုရသည်။ ရေလျှံဘူးကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားပြီး ရေတိုင်ကီနှင့် ဆက်သွယ်ရာတွင် ရော်ဘာပိုက်ပျော့ကို သုံးသည်။ ရေလျှံဘူးသည် ပလတ်စတစ်သားဖြစ်၍ ကွဲအက်လျှင် ရေယိုနိုင်ပါသည်။

အင်ဂျင်အအေးခံစနစ်တွင် Coolant အရည်များ ထူးထူးခြားခြား လျော့နည်းပျောက်ဆုံးနေပါက ယိုစိမ့်ထွက်နိုင်ခြေရှိသော အထက်ဖော်ပြခဲ့သည့် အစိတ်အပိုင်း(Parts)များကို ဦးစွာရှာဖွေစစ်ဆေးပါ။ ပို၍သေချာစေရန် ယိုစိမ့်နေခြင်းများကို စစ်ဆေးနိုင်ရန် Pressure Testing လုပ်ဖို့ လိုပါသည်။

အအေးခံရည် ယိုစိမ့်မှုရှိနေခြင်းကို မပေါ့ဆပါနှင့်။ ရေဖြည့်ပြီး မောင်းနေရုံနှင့် မပြီးပါ။ ရေယိုစိမ့်မှုသည် နည်းရာမှ တဖြည်းဖြည်းများလာတတ်ပါသည်။ ချွတ်ယွင်းမှု အားနည်းချက်များကို အစားထိုးလဲလှယ် ပြုပြင်ပါ။

အအေးခံရည် ယိုစိမ့်နေခြင်းသည် အင်ဂျင်အအေးခံစနစ်ကို အားနည်းစေပြီး အပူလွန်ကဲရာမှု ပြဿနာအထိ ကြီးမားသွားစေနိုင်သည်ကို သတိပြုပါ။ အအေးခံရည် ယိုစိမ့်မှုဖြစ်ခြင်းကို ခိုင်းနှိုင်းပြီး ညွှန်းဆိုရလျှင် သင့်ခန္ဓ္ဓာကိုယ်၌ သွေးယိုစိမ့်မှု မရပ်တမ်းမနားတမ်း ဖြစ်ပေါ်နေပါက အရေးကြီးသော အခြေအနေတစ်ရပ်ဖြစ်သကဲ့သို့ သဘောထားသင့်ပါသည်။

 

Read 861 times